အမှန်သစ္စာကိုကမ္ဘာကမသိကြဘူး

အမှန်သစ္စာကိုကမ္ဘာကမသိကြဘူး

 ကမ္ဘာကမသိကြဘူး – တကယ်တော့ အမှန်သစ္စာကိုကမ္ဘာက မသိကြပါဘူး။ ဒါကြောင့်မို့လည်း ပိုးဟပ်စားတာ ပြိုင်ကြတာပေါ့ … အမှန်သစ္စာ သိဖို့ဆိုတာက မြန်မာပဲရှိတယ်၊ ဗုဒ္ဓဘာသာပဲ အမှန်သစ္စာကို သိတယ်။ ခက်တာက သိပ္ပံပညာက လွှမ်းမိုးနေတော့ ဗုဒ္ဓဘာသာအကြောင်း ပြောရတာ နားမဝင်ကြဘူး။ အမှန်ဖြစ်ပေမယ့် နားမဝင်ကြဘူး။ ဒီကိစ္စ စိတ်မကောင်းစရာဘဲ ဒါပေမယ့် အမှန်က အမှန်ပဲဆိုတော့ အမှန်ကိုပဲ ပြောမိနေပါတယ်။

ကျွန်တော်ကိုယ်တိုင် ဗုဒ္ဓဘာသာကို ကျင့်ဖူးတာပဲ၊ ကျွန်တော်ကိုယ်တိုင် တွေ့ဖူးတာပဲ၊ ဒီတော့ ဗုဒ္ဓဘာသာမှန်တယ်ဆိုတာ ကျွန်တော်သိတယ်၊ လက်တွေ့လည်းကျင့်တယ်။ ဒါပေမယ့် ခက်တာက ကမ္ဘာက ဘာသာရေးဆိုတာ လက်တွေ့မပါဘူးလို့ ပြောချင်တယ်၊ ဘာသာရေးဆိုတာ ပုံပြင်လို့ ပြောချင်တယ်။ အဲဒါ ကမ္ဘာရဲ့ အားနည်းချက်ပဲ။ ဘာသာရေးဆိုတာ လူတွေ ကိုယ်ကျင့်တရား ကောင်းအောင်လို့ ဖန်တီးထားတဲ့ ပုံပြင်တွေပဲလို့ သတ်မှတ်တယ်။

သူတို့ရဲ့ အဓိပ္ပာယ်ကို သူတို့ရဲ့စကားလုံးနဲ့ ပြောရမယ် ဆိုရင် –

 

(Religions, they do not offer true knowledge whether it is knowledge of facts or knowledge of the logical relation between the facts. Religions are out of scientific research because they rely on ethical stories which may be useful for mankind concerning ethical ideas but not for truth. So will not take interest in Religions)

 

ဒီသဘောကို သူတို့က ပြောတယ် – ဒီတော့ မခက်ဘူးလား … ဗုဒ္ဓဘာသာဟာ လက်တွေ့လည်း ကျင့်ရတယ် အမှန်နဲ့လည်း ပတ်သက်တယ်ဆိုတာ သူတို့မသိဘူး၊ ဘယ်လိုမှ မသိဘူး။ ဒီတော့ အမှန်သိတဲ့ ပုဂ္ဂိုလ်က မှန်ပါတယ်လို့ ပြောပေမယ့် သူတို့က မကြားဘူး၊ ကိုယ့်မြန်မာ အချင်းချင်းပဲ ကြားတယ်။

မြန်မာ့တရားတော်ဟာ ဘယ်လောက် စစ်မှန်သလည်းဆိုရင် ကမ္ဘာက လောဘကြီးနေတာတောင် ဖောက်မြင်တယ်။ ဆိုကြပါစို့ –

အခုအချိန်အခါမှာ ဒေါ်အောင်ဆန်းစုကြည်က စွမ်းဆောင်နိုင်လို့ မြန်မာက အောင်မြင်နေပြီ၊ တော်တော်လေးလည်း အောင်မြင်နေပြီ ဒီထက်ဒီ အောင်မြင်လာရင် ဘယ်လိုဖြစ်မလဲ? ကမ္ဘာက စဉ်းစားမှာပဲ။ ဒီထက်ဒီ အောင်မြင်လာရင် သူတို့ကြိုးကိုင်လို့ မရပေဘူး … ဒီတော့ ကမ္ဘာက ကြိုးကိုင်လို့ ရအောင်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကြိုးကိုင်လို့ မရတဲ့အတွက် ကြိုးကိုင်လို့ရမယ့် လူငယ်တွေကို မွေးမယ်၊ မွေးပြီးတော့ မြန်မာနိုင်ငံကို ကြိုးကိုင်ခိုင်းမယ်၊ သို့မဟုတ်လည်း ပြဿနာဖြစ်အောင် လုပ်ခိုင်းမယ်- ကဲ မခက်ဘူးလား … ဒါဟာ တရားနဲ့မညီညွှတ်တဲ့ စိတ်ကူးတွေပဲ။

မြန်မာကတော့ ကိန်းခန်းအရ အောင်မြင်နေပြီပဲ အားလုံးလည်း သိပါတယ်။ အလုပ်ကြိုးစားဖို့နဲ့ စည်းလုံးညီညွှတ်ဖို့ပဲ ကျန်တော့တယ်။ ကျန်တာ အစစအရာရာ အောင်မြင်ခြင်း လမ်းပေါ်မှာ လျှောက်လှမ်းနေပြီပဲ။ ဒါကို ကမ္ဘာက နားမလည်ဘူး၊ နားမလည်တော့ သူတို့ကြိုးကိုင်လို့ ဖြစ်အောင်လို့ မြန်မာနိုင်ငံရဲ့ အောင်မြင်ခြင်း တို့လို့တန်းလန်းလေး ဖြစ်အောင်လို့ သူတို့လုပ်ချင်ကြတယ်။ ဒါလည်း လွဲမှားတဲ့ စိတ်ကူးပဲ။

ဒီအထဲမှာ လူငယ်တွေကလည်း သူတို့က အရေးပါချင် နေရာရချင်တော့ ကမ္ဘာရဲ့တပည့်ကို လုပ်ချင်ကြတယ်။ ဝမ်းနည်းပါတယ် ကမ္ဘာ့တပည့်ကိုတော့ မြန်မာက ဆရာမတင်ဘူးလို့ အဲဒီပုဂ္ဂိုလ်တွေကို ပြောချင်ပါတယ်။ ဒါမြန်မာစစ်စစ်တွေရဲ့ ကြွေးကြော်ချက်ပဲ – ကမ္ဘာရဲ့တပည့်၊ ကမ္ဘာ့ရဲ့ကျွန်ကိုတော့ မြန်မာဟာ ဦးထိပ်မှာတင်ပြီး ဆရာကြီးလို ကိုးကွယ်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကြောင်း ကြွေးကြော်ပါတယ်။

မြန်မာဟာ မြန်မာနည်း၊ မြန်မာဟန်၊ မြန်မာ့မူ၊ မြန်မာ့မြေ၊ မြန်မာလေနဲ့ မြန်မာ့အနုပညာနဲ့ မြန်မာသွားမှာဖြစ်တယ်။ နိုင်ငံခြားကို ခိုးချလို့လည်း မရပါဘူး။ နိုင်ငံခြားက စီးပွားရေးကူညီတယ် သာဓုခေါ်နေတာပဲ၊ နိုင်ငံခြားက နည်းပညာတွေ ကူညီနေတယ် သာဓုခေါ်နေတာပဲ၊ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးယန္တရားကိုတော့ မြန်မာတို့ဖာသာပဲ အုပ်ချုပ်မယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာ့အကြောင်းကို မြန်မာပဲ ဇစ်ဇစ်မြစ်မြစ်သိတယ်၊ အပြင်ကမသိပါဘူး အပြင်ကသိတာကတော့ မြန်မာကို ကြိုးကိုင်ဖို့အတွက် ဘယ်လိုချယ်လှယ်ရမယ် ဆိုတာပဲသိတယ် – ဒါကတော့ ဝမ်းနည်းစရာပဲ၊ မဖြစ်သင့်တဲ့ ကိစ္စပါ။ အောင်မြင်နေတဲ့ နိုင်ငံကြီးတွေက ကိုယ့်ဖာသာကိုယ် အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်း နေရင်မှန်ရဲ့သားနဲ့ မြန်မာနိုင်ငံလို အောင်မြင်မယ့်ဆဲဆဲ တိုင်းပြည်တွေကို လာပြီးဖဲ့စားချင်တာတော့ မသင့်တော်ပါဘူး၊ မြန်မာကလည်း ခံမှာ မဟုတ်ဘူး။ မြန်မာက ကူညီတာကိုပဲ ခံတယ်၊ နှောက်ယှက်တာကို မခံဘူး၊ ဒါဟာ မြန်မာ့ရဲ့ သတ္တိပဲ။

မြန်မာတွေဟာ တချိန်ကတော့ ကံဇာတာမှေးမှိန်ခဲ့တယ်၊ အခု ကံဇာတာ ထွန်းတောက်နေပြီမို့ မြန်မာ့အကြောင်း ကမ္ဘာကမကြာမီ သိစေလိမ့်မယ်၊ မြန်မာစစ်စစ်တွေက မှန်ကန်စွာ ကြွေးကြော်လိုက်ပါတယ် – ကမ္ဘာကိုလည်း ကျွန်မခံဘူး၊ ကမ္ဘာ့ကျွန်လေးတွေကိုလည်း ဆရာမတင်ဘူး၊ မြန်မာဟာ ကိုယ့်ဖာသာကိုယ် ကိုယ့်နည်းကိုယ့်ဟန်နဲ့  ကိုယ့်ယဉ်ကျေးမှုနဲ့အတူ လှုပ်ရှားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism and tagged . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *