ကိုယ့်တိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးကြရအောင် —

ကိုယ့်တိုင်းပြည်ကိုတကယ်ချစ်မြတ်နိုးကြရအောင် —

 

မြန်မာဆိုတာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ကိုယ်ကိုယ်တိုင်ချစ်တတ်တဲ့ အရည်အချင်းရှိတဲ့ လူမျိုးများဖြစ်ပါတယ်။

dr chit ngeအမှန်တကယ် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်တတ်ကြတာ ကြက်သီးမွေးညင်း ထဘနန်းနီးနီး ခံစားရနိုင်ပါတယ်။ တိုင်းပြည်ကို ချစ်တဲ့ ပုဂ္ဂိုလ်တွေကလည်း အများသူငါ အလုအယက်ပဲ ဆိုပါစို့ – ချစ်တာတော့ မှန်ကြပြီ။ ချစ်နည်း၊ ချစ်ပုံလေးတွေ ဆင်ခြင်ဖို့တော့ ရှိနိုင်တယ်။ အရာရာဟာ ဆန္ဒစောလို့တော့ မကောင်းဘူးပေါ့ — ချစ်ရာမကျမှာ စိုးရိမ်ရသေးတယ်။

ဆန္ဒမစောဖို့ဆိုတာ နားလည်ပေးဖို့လည်း လိုပေလိမ့်မယ်။ (၃၁) ဘုံ သံသရာ့ခရီးသည်တွေဟာ ဒုက္ခမျိုးစုံတော့ ဖြစ်ကြတာပါ – ဒါဟာ ဓမ္မတာပါ။ ဒီဒုက္ခကို ဒုက္ခမဟုတ်ပါဘူးလို့ ပြောလိုသောသဘော နည်းနည်းမှ မရှိပါဘူး။ သို့သော်လည်း ဘယ့်နှယ့်လုပ်မလဲ။ ဒုက္ခဆိုတာ လူသားတွေ ဖြတ်သန်းရတဲ့ အတွေ့အကြုံဆိုင်ရာ ဖြစ်ရပ်နဲ့ ခံစားမှုတွေပဲ။

ဒီတော့ ကိုယ်က

(၁) ဆန္ဒမစောဖို့ သတိရှိထားသင့်တယ်

(၂) အိုးနင်းခွက်နင်းလည်း မဖြစ်ဖို့ သတိရှိထားသင့်တယ်

ဒါတွေကတော့ တည်ငြိမ်မှု၊ မြော်မြင်ဆင်ခြင်နိုင်မှု နဲ့အတူ၊ နားလည်ပေးနိုင်မှု အပေါ်မှာ များစွာမူတည်ပါလိမ့်မယ်။

ယခုအချိန်မှာ အားလုံးတော့သိပါတယ် – မြန်မာနိုင်ငံဟာ အတော်အသင့် အတိုင်းအတာ အထိတော့ တိုးတက်လာပြီဆိုတာ အားလုံးသိမြင်ကြပါတယ်။ ဒါကို ကျွန်တော်တို့ ဝမ်းသာကြရမယ်။ ဒီထက်ဒီ တိုးတက်ဖို့ဆိုတာလည်း ကျွန်တော်တို့ နှိုင်းနှိုင်းချိန်ချိန် လုပ်ကိုင်ဆောင်ရွက်ရမယ်။ လုပ်ငန်းတွေဟာ အရေးကြီးလာပြီဆိုတာ ဦးဆောင်သူ တော်တော်များများကလည်း နားလည် သဘောပေါက် ပြောဟောနေကြပြီပဲ။ ဒီတော့ နားလည်ပေးဖို့ ကြိုးစားရမှာပါ။ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်မြတ်နိုးခြင်း ပီသအောင် ကြံဆောင်ရပေလိမ့်မယ်။

တိုင်းပြည်ကို ချစ်တဲ့ ပုဂ္ဂိုလ်တွေ နှလုံးသွင်း သုံးသပ် ဆုံးဖြတ်ရမယ့် အချက်အလက်ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်ခါလည်း “ကိုယ့်ဝမ်းနာ ကိုယ်သာသိ” ပေါ့နော် – ကိုယ်ခံစားရတဲ့ ကိစ္စ ဝိစ္စတွေအပေါ်မှာ – ကိုယ်နစ်နာခဲ့ရတာတွေ၊ ဆင်းရဲဒုက္ခတွေ့ခဲ့ရတာတွေ- ဒါကတော့ ဖြတ်သန်းခဲ့ကြတာကို သူသူကိုယ်ကိုယ် ကိုယ်ချင်းစာနာပြီး စဉ်းစားမပေးဘူးလို့ မပြောနိုင်ပါဘူး။ သို့သော်လည်း ကျွန်တော်တို့ ဘယ်လိုလုပ်မလဲ – ရှေ့ဆက်သွားရတော့မယ် မဟုတ်လား —

ဒီတော့ ရှေ့ဆက်သွားရင် အပြုသဘောနဲ့ တိုးတက်မှုကို ယှဉ်တဲ့ဘက်ကိုပဲ ဦးစားပေးရတော့မှာ ဖြစ်တယ်။ ဒါမှလည်း အမြော်အမြင် ရှိရာကျမယ်၊ နားလည်ပေးရာကျမယ်။ နားလည်ပေးရလို့ သည်းမခံခဲ့ရဘူးလို့ မဆိုလိုပါဘူး၊ ဒုက္ခမဖြစ်ခဲ့ရဘူးလို့လည်း မဆိုလိုပါဘူး။ သို့သော်လည်း ဘဝဆိုတာ ဒီလိုပဲ ဖြတ်သန်းရတာပဲလို့ မြန်မာဗုဒ္ဓဘာသာပီပီ နှလုံးသွင်းကြရမလို ဖြစ်နေတယ်။

ဒါကြောင့် နားလည်ပေးလိုက် ကြရအောင်။ ရှေ့တိုးတက်အောင် အေးအေးချမ်းချမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်းလေး သဘာဝကျကျ တိုးတက်အောင် စွမ်းဆောင်ဖို့အတွက်သာ ဦးတည်ရတော့မလို ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ကို ချစ်တဲ့အထဲမှာပါတဲ့ စာရေးဆရာ တစ်ယောက်ရဲ့ သဘောထားနဲ့ အမြင်တွေဖြစ်ပါတယ်။

တကယ်တော့ အခါအားလျော်စွာ ဆန္ဒတွေစောတတ်ကြတာ လူ့သဘာဝပါ။ အင်မတန် အဖိုးတန်တဲ့ အမြော်အမြင် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ဆန္ဒစောတဲ့အခါ စောမိတာပဲ။ အနာဂတ်ဆိုတာ ဖြစ်ရပ်တွေက မမျှော်လင့်တာတွေ ဖြစ်တတ်တယ် မဟုတ်လား — သိပ္ပံပညာကတောင် “Future is Uncertain”  ဆိုပြီး (Uncertainty Principle) ဖော်ပြခဲ့သေးတာပဲ။ သို့သော်လည်း ကိုယ်က သတိ ဝီရိယနဲ့ ညှိနှိုင်းပြီးတဲ့နောက် လောကကောင်းကျိုး၊ ကိုယ့်တိုင်းပြည် ကောင်းကျိုးကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ဆောင်ရွက်ဖို့ရာ တာဝန်ကျလာသလို ဖြစ်ပါတယ်။

ဒါကြောင့် နာတော့နာတယ် ဒါပေမယ့် ရပါတယ်၊ မနာဘူးဆိုတာမျိုးလို ပေါ့လေ – ဖြတ်သန်းရတဲ့ခရီး ဘယ်လောက်ပဲ ကြမ်းတမ်းကြမ်းတမ်း၊ ကြမ်းတမ်းပါစေ ပညာရှိများလို ကြံကိုတောင် ညှစ်လိုက်တာ ချိုတဲ့အရည် ထွက်သလို ပညာရှိများလည်း ခက်ခဲပင်ပန်းတာတွေ ဖြတ်သန်းပြီးတဲ့နောက် တိုင်းပြည်အတွက် အကျိုးရှိရာ ရှိကြောင်းကိုပဲ နားလည်မှုနဲ့ ရှေ့ဆက်လုပ်ကိုင် သွားတာကတော့ နှိုင်းနှိုင်းချိန်ချိန် သုခမိန်ပညာရှင်များရဲ့ လုပ်ငန်းတာဝန်ပဲ ဖြစ်လိမ့်မယ်လို့ ယူဆမိကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါကတာချစ်ငယ်(ဒဿန)

 

This entry was posted in Frontpage and tagged . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *