နိဗ္ဗာန်ကြီးတွေ့ပြီ အခန်း(၆)

Share

နိဗ္ဗာန်ကြီးတွေ့ပြီ

နိဒါန်းပိုင်း အခန်း(၆)

20160216_172340နိဗ္ဗာန်ကြီးတွေ့ပြီဆိုတော့ စာဖတ်သူများကလည်း အသစ်အဆန်းကိုတော့ မျှော်ချင်လည်း မျှော်မိမှာပေါ့၊ မျှော်နိုင်ပါတယ်။ အသစ်အဆန်းကတော့ ပါမှာပါပဲ။ ဘာဖြစ်လို့လည်းဆိုတော့ နိဗ္ဗာန်သွားတာ ရုပ်နာမ်နဲ့မှ မဟုတ်တာ၊ စိတ်ကူးယဉ်တာလည်း မဟုတ်ဘူးဆိုတော့၊ အခွံခွာချခဲ့ရတာကိုး။ အခွံခွာချခဲ့ရတဲ့ လုပ်ငန်းကိုတော့ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်တွေကပိုသိပါတယ်။ ရှုပစ်ခဲ့ရတာပေါ့ — လက်ရှိအခွံကို စွန့်ခဲ့ရတာပေါ့။

စွန့်တယ်ဆိုတော့ စာရေးသူအဖို့ကတော့ အနိစ္စတွေ ရှုပါများတော့ ဥပဒေသအရ သိတဲ့အတိုင်း သူ့ကိုလက်မခံ၊ အားမပေးဘူးဆိုတော့ မတိုးတက်ဘူးလေ – ဆုတ်ယုတ်ပြီး မှေးမှိန်သွားတာပေါ့။ သူ့ကိုလက်ခံ အားပေးရင် ကြီးထွားလာတာပေါ့။ အခုတော့ ပေါ်သမျှ ပေါ်စိတ်ကို လက်မခံဘူး၊ အပျက်လို့ ပယ်တဲ့အခါကျ သူက တဖြည်းဖြည်းနဲ့ အပယ်ခံ အပယ်ခံရင်းနဲ့ ညှိုးချုပ်သွားတာပေါ့။ နောက်ဆုံးတော့ ပယ်တဲ့အားက ကောင်းတဲ့အခါကျ အကုန်လုံးကို ပယ်ပစ်လိုက်တာ။ ဖြတ်ပြောရမယ်ဆိုရင် သဘောကတော့ ပယ်စရာမရှိအောင် ပယ်လိုက်တာပေါ့လေ – အဲဒါက ဖြစ်သွားတာပေါ့။ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဆိုတော့ ခန္ဓာကိုယ် အခွံကြီးက ထွက်သွားတာပေါ့။ ထွက်သွားပြီး နိဗ္ဗာန်ဖက် ပြေးဝင်သွားတာပေါ့။

ရဟန္တာတွေကျတော့ “နိဗ္ဗာနံအရဟတ္တောဂတိ” ဆိုတဲ့စာရှိတယ်လေ။ အရိယာတွေကျတော့လည်း နိဗ္ဗာန်ကို မကြာခဏတော့ မျက်မှောက်ပြုကြတာပါပဲ။ နိဗ္ဗာန်က အေးတယ်မဟုတ်လား၊ ကောင်းတယ်၊ ချမ်းသာတယ်၊ နူးညံ့သိမ်မွေ့တယ်၊ အသိခက်တယ်၊ နက်ရှိုင်းတယ်၊ တရားတော်နဲ့ ညီပြီးတော့ လောကနဲ့ ကင်းဆိတ်သွားတယ်။ ရုပ်နာမ်မှ မရှိတော့တာ – အဘိဓမ္မာသမားတွေတော့ သိပါတယ်။ ရုပ်ဒုက္ခ၊ နာမ်ဒုက္ခမရှိဘူး သူတို့ပြောတာ။ ဟုတ်ပါတယ်။ ရုပ်ဒုက္ခ၊ နာမ်ဒုက္ခမရှိဘူး ရုပ်နာမ်ကြီးကို ခွာချခဲ့ရတာပဲ။ ခွာချနိုင်စွမ်းရှိတဲ့ မဂ်အား ဖိုလ်အားက နိဗ္ဗာန်ဖက်ကို ပြေးဝင်သွားတာပဲ။ အဲဒီ အခါမှာ နိဗ္ဗာန်ရဲ့ ချမ်းသာမှုတွေ၊ လွတ်မြောက်မှုတွေ၊ နူးညံ့သိမ်မွေ့မှုတွေ တွေ့တော့တာပါပဲ။

ဒီတော့ ဘယ်နည်းဘယ်ပုံ တွေ့တယ်ဆိုတာနဲ့ ဘယ်လိုခွာချတယ် ဆိုတာနဲ့ ပတ်သက်ပြီး၊ ဘယ်လိုစွန့်ပယ်တယ်၊ ဆိုတာတွေကတော့ ဒီဆောင်းပါးမှာ စာဖတ်သူများ ပြည့်ပြည့်၀၀ ဖတ်ရှုရမှာပါလို့ တင်ပြအပ်ပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *