၀ိပႆနာနည္းပညာအေမးအေျဖ (၄)

၀ိပႆနာနည္းပညာအေမးအေျဖ (၄)

DSC_0308copyေမး ။ ဆရာႀကီး ကၽြန္ေတာ္လာၿပီ

ေျဖ ။ လာ

ေမး ။ ကၽြန္ေတာ္ ႏွလံုးသြင္းတာေလးေတြ ေျပာျပဖို႔လည္း ပါလာတယ္။

ေျဖ ။ လက္ေတြ႕က်င့္တယ္ဆိုရင္ ေျပာျပ။

ေမး ။ ပ်က္တယ္လို႔ ႐ႈေတာ့ မလိုခ်င္တဲ့ သေဘာေလးေတြ လိုက္လာတယ္လို႔ ၀န္ခံရပါတယ္ ဆရာႀကီး။ ဒါေပမယ့္ ပိုင္းျခားတဲ့ အဆင့္ဆိုတာေတာ့ နည္းနည္း လက္လွမ္းေ၀းေနပါတယ္။

ေျဖ ။ ေၾသာ္ လိုခ်င္ရင္ ပိုင္းျခားလို႔ကို မရဘူး။ ဘာလို႔လည္းဆို ကိုယ္ကလိုခ်င္ေနတာကိုး။ မလိုခ်င္ဘူးဆို စြန္႔လိုက္တဲ့အခါက် ပိုင္းျခားၿပီးသား ျဖစ္သြားတာေပါ့။ ပိုင္းၿပီးေတာ့ ျခားတာပဲ။ ပိုင္းလည္း ပိုင္းရမယ္၊ ျခားလည္း ျခားရမယ္။ ဆက္မေနရဘူး။ တစပ္ျခားလည္း မျဖစ္ရဘူး။ ပိုင္းျခားမႈ မပိုင္ရင္ေတာ့ ေလာကီပဲေနမွာပဲ၊ ေလာကုတၱရာေရာက္ခ်င္ရင္ ေလာကီကို ပိုင္းျခားမွ ေလာကုတၱရာ ေရာက္တာကိုး။ ဒီေတာ့ ပိုင္းျခားတဲ့ အမႈက တတ္ကိုတတ္ရမယ္။ ပါဠိလိုကေတာ့ “ပရိ ံဉာတဗၺကိစၥ” လို႔ေခၚတယ္။

ေမး ။ ဆရာႀကီး ပိုင္ျခားရတယ္ ဆိုတာက ေတာ္ေတာ္ေလး ၀င္စားစရာ ေကာင္းတယ္ေနာ္-

ေျဖ ။ ဟာ ဒါနည္းပညာပဲေလ — ေလာကုတၱရာ နည္းပညာပဲ။ မလိုခ်င္ေအာင္ က်င့္လို႔ ဒါေၾကာင့္ေျပာခဲ့တာ။ မလိုခ်င္ ၿပီးေတာ့မွ ပိုင္းျခားလို႔ရတာ။ ပိုင္းျခားလို႔ ရၿပီဆို ဇိမ္ေပါ့။ ဒုကၡကို ပိုင္းျခားလို႔ ရၿပီဆိုရင္ သုခပါပဲ။

ေမး ။ ဆရာႀကီး သုခဆိုတာ ေလာကုတၱရာ သုခေပါ့ေနာ္ –

ေျဖ ။ ဟုတ္တယ္ ေလာကီသုခမဟုတ္ဘူး၊ ေလာကုတၱရာသုခ။ ခုနတုန္းက မဂ္နဲ႔ ၀င္စားတဲ့ သုခေပါ့။

ေမး ။ မဂ္ကလည္း အံၾသစရာ ေကာင္းတယ္ေနာ္ ဆရာႀကီး။

ေျဖ ။ အံၾသစရာ ေကာင္းတာေပါ့။ မဂ္က လိုခ်င္တာေတြ ျဖတ္လိုက္တာကိုး၊  ျဖတ္ၿပီးေတာ့ ပိုင္းျခားလိုက္တဲ့အခါ၊ ဟိုဘက္မွာ  တစ္ပိုင္းတစ္ျခားေလးျဖစ္သြားေတာ့ ၿငိမ္းခ်မ္းမႈကို ၀င္စားတာပါ။

ေမး ။ ၀င္စားတာက ဘယ္သူလို႔ ေျပာရမလဲ ဆရာႀကီး။

ေျဖ ။ ၀င္စားတာက မဂ္ဉာဏ္ ဖိုလ္ဉာဏ္ပဲေလ။ အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္လာတာပဲ။ ဘယ္သူဘယ္၀ါဆိုတာ ေလာကုတၱရာမွာ မရွိပါဘူး။

ေမး ။ ဆရာႀကီး အဲဒီေနရာေလးကို ကၽြန္ေတာ္ အလိုက္ခက္ေနလို႔ နည္းနည္း အူေၾကာင္ေၾကာင္ ျဖစ္ေနပါတယ္။

ေျဖ ။ က်င့္အားနည္းတာကိုး၊ က်င့္မွ – မလိုခ်င္ခ်င္ဘူးရဲ႕ေနာက္မွာ ပိုင္းျခားတာျဖစ္ၿပီး ဟိုဘက္စံ၀င္သြားဖို႔ပဲ ရွိတယ္။ ဒီလမ္းစဥ္ပဲ က်င့္တာေတာ့က်င့္၊ လံုး၀က်င့္။  က်င့္တာမ်ားလာတဲ့အခါ မမွီခိုဘူးဆိုဘူး ဆိုတာေလးေတြ ျဖစ္လာတယ္။ အပ်က္ကို ႐ႈေတာ့ မမွီခိုဘူးေပါ့။ မမွီခိုျခင္းဟာ မွီခိုျခင္းရဲ႕ ဆန္႔က်င္ဘက္ပဲ။ မွီခိုျခင္းဆိုတာက တဏွာပဲ။ တဏွာရဲ႕ဆန္႔က်င့္ဘက္ဆို ဘာ၀နာျဖစ္သြားေတာ့ အဲဒီမွာ မဂ္ဉာဏ္ရတာေပါ့။ မဂ္ဉာဏ္ဆိုတာသိပ္ထက္တာပဲ။ ေလာကီေတြကို ျဖတ္ၿပီးတဲ့ေနာက္ ျမတ္ရာစံတာပါပဲ။

ေမး ။ ဆရာႀကီး ကၽြန္ေတာ္ သိပ္ေတာ့ မဆိုးေတာ့ဘူး၊ ဒီဘ၀ ကၽြန္ေတာ္ တရားရပါ့မလား။

ေျဖ ။ ဒါကေတာ့ ကိုယ္လုပ္လို႔ ကိုယ္ရမွာပဲ သာသနာတြင္းႀကီးကို။ မလုပ္ဘဲနဲ႔မရဘူး။ မလုပ္ဘဲရတယ္ ေျပာတဲ့ပုဂၢိဳလ္ဟာ အကရိယဒိ႒ိ သမားပဲ။ မလုပ္ဘဲနဲ႔ေတာ့ ဘယ္ေတာ့မွ မရဘူး။

ေမး ။ ဟုတ္ကဲ့ပါဆရာႀကီး ကၽြန္ေတာ္ႀကိဳးစားမွာပါ။ ကၽြန္ေတာ္ နည္းနည္းဉာဏ္ ႏုံ႕ေနတယ္ ထင္လို႔ပါ။

ေျဖ ။ ဟာ ကိုယ္ဖာသာကိုယ္ ေရွာက္ထင္လို႔ ဘယ္ရမလဲ။ ဉာဏ္ပညာဆိုတာ ပါရမီအေလ်ာက္ ကိုယ္က အတိတ္မွာ ဘယ္ေလာက္ျဖည့္ခဲ့တယ္၊ မျဖည့္ခဲ့ဘူး၊ ဘယ္သူသိမွာလည္း။ ဒါေတာ့ ႀကိဳးစားရတာပဲ။ ႀကိဳးစားလို႔ ရႏိုင္ခြင့္ ရွိေနတာဟာ ကိုယ္ရဲ႕ အခြင့္အေရးပါပဲ။ မႀကိဳးစားပဲ စကားေျပာေနတာေတာ့ အပိုပဲ။

ေမး ။ ဆရာႀကီး ကၽြန္ေတာ္ ႀကိဳးစားပါတယ္။ ႀကိဳးလည္း ႀကိဳးစားဦးမွာပါ။ ကၽြန္ေတာ္ ပိုင္းျခားျခင္းကို ဒီထက္ဒီ နားလည္ေအာင္ ႀကိးစားေနပါတယ္။

ေျဖ ။  ႀကိဳးစားရမွာေပါ့၊ မပိုင္းမျခားလို႔ေတာ့ ေလာကုတၱရာ မျဖစ္ဘူး။ ေလာကီကို ပိုင္းျခားမွ ေလာကုတၱရာ ျဖစ္တာပါ။ ဒါကေတာ့ မေရွာင္မလြဲသာတဲ့နည္းေလးမို႔ – ဒီနည္းမွ မက်င့္ရင္လည္း အရိယာ မျဖစ္ႏိုင္ေတာ့လို႔ ေျပာရတာပဲ။ ပိုင္းျခားႏိုင္ေအာင္ ႀကိဳးစားပါ။

ေမး ။ ဟုတ္ကဲ့ပါ ဆရာႀကီး – ကၽြန္ေတာ္ တိုးတက္လာပါတယ္။

ေျဖ ။ အင္း တိုးတက္တယ္ ဆိုတာကေတာ့ ဆရာသမားက ဆံုးျဖတ္တာကေတာ့ ပိုခိုင္တာေပါ့ေလ။ ဒါေပမယ့္ ကိုယ့္ဖာသာကိုယ္လည္း မသိႏိုင္တာေတာ့ မဟုတ္ပါဘူး။

ေမး ။ ဆရာသမား အဆံုးအျဖတ္လည္း ခံပါတယ္ ဆရာႀကီးရယ္။ ကၽြန္ေတာ္အခု သဒၵါတရားလည္း ထက္သန္ပါတယ္။ ကၽြန္ေတာ္ ပါရမီကို နည္းနည္းအားျဖည့္ၿပီး စုစည္းေနရတယ္။ တစ္ခါတစ္ခါ ၀ါး၀ါးသြားလို႔ —

ေျဖ ။ ႀကိဳးစားပါ  – ကုိယ္က၀ါးဖို႔ မဟုတ္ဘူး၊ ျပတ္သား တိက်သိျမင္ ေပါက္ပိုင္ဖို႔ပဲေနာ္ – ႀကိဳးစားဖို႔ပဲ အားေပးပါတယ္။

ဗုဒၶစာေပဆုရ                    

ေဒါက္တာခ်စ္ငယ္(ဒႆန)

 

(Unicode)
၀ိပဿနာနည်းပညာအမေးအဖြေ (၄)
မေး ။ ဆရာကြီး ကျွန်တော်လာပြီ
ဖြေ ။ လာ
မေး ။ ကျွန်တော် နှလုံးသွင်းတာလေးတွေ ပြောပြဖို့လည်း ပါလာတယ်။
ဖြေ ။ လက်တွေ့ကျင့်တယ်ဆိုရင် ပြောပြ။
မေး ။ ပျက်တယ်လို့ ရှုတော့ မလိုချင်တဲ့ သဘောလေးတွေ လိုက်လာတယ်လို့ ဝန်ခံရပါတယ် ဆရာကြီး။ ဒါပေမယ့် ပိုင်းခြားတဲ့ အဆင့်ဆိုတာတော့ နည်းနည်း လက်လှမ်းဝေးနေပါတယ်။
ဖြေ ။ သြော် လိုချင်ရင် ပိုင်းခြားလို့ကို မရဘူး။ ဘာလို့လည်းဆို ကိုယ်ကလိုချင်နေတာကိုး။ မလိုချင်ဘူးဆို စွန့်လိုက်တဲ့အခါကျ ပိုင်းခြားပြီးသား ဖြစ်သွားတာပေါ့။ ပိုင်းပြီးတော့ ခြားတာပဲ။ ပိုင်းလည်း ပိုင်းရမယ်၊ ခြားလည်း ခြားရမယ်။ ဆက်မနေရဘူး။ တစပ်ခြားလည်း မဖြစ်ရဘူး။ ပိုင်းခြားမှု မပိုင်ရင်တော့ လောကီပဲနေမှာပဲ၊ လောကုတ္တရာရောက်ချင်ရင် လောကီကို ပိုင်းခြားမှ လောကုတ္တရာ ရောက်တာကိုး။ ဒီတော့ ပိုင်းခြားတဲ့ အမှုက တတ်ကိုတတ်ရမယ်။ ပါဠိလိုကတော့ “ပရိ ံဉာတဗ္ဗကိစ္စ” လို့ခေါ်တယ်။
မေး ။ ဆရာကြီး ပိုင်ခြားရတယ် ဆိုတာက တော်တော်လေး ဝင်စားစရာ ကောင်းတယ်နော်-
ဖြေ ။ ဟာ ဒါနည်းပညာပဲလေ — လောကုတ္တရာ နည်းပညာပဲ။ မလိုချင်အောင် ကျင့်လို့ ဒါကြောင့်ပြောခဲ့တာ။ မလိုချင် ပြီးတော့မှ ပိုင်းခြားလို့ရတာ။ ပိုင်းခြားလို့ ရပြီဆို ဇိမ်ပေါ့။ ဒုက္ခကို ပိုင်းခြားလို့ ရပြီဆိုရင် သုခပါပဲ။
မေး ။ ဆရာကြီး သုခဆိုတာ လောကုတ္တရာ သုခပေါ့နော် –
ဖြေ ။ ဟုတ်တယ် လောကီသုခမဟုတ်ဘူး၊ လောကုတ္တရာသုခ။ ခုနတုန်းက မဂ်နဲ့ ဝင်စားတဲ့ သုခပေါ့။
မေး ။ မဂ်ကလည်း အံသြစရာ ကောင်းတယ်နော် ဆရာကြီး။
ဖြေ ။ အံသြစရာ ကောင်းတာပေါ့။ မဂ်က လိုချင်တာတွေ ဖြတ်လိုက်တာကိုး၊  ဖြတ်ပြီးတော့ ပိုင်းခြားလိုက်တဲ့အခါ၊ ဟိုဘက်မှာ  တစ်ပိုင်းတစ်ခြားလေးဖြစ်သွားတော့ ငြိမ်းချမ်းမှုကို ဝင်စားတာပါ။
မေး ။ ဝင်စားတာက ဘယ်သူလို့ ပြောရမလဲ ဆရာကြီး။
ဖြေ ။ ဝင်စားတာက မဂ်ဉာဏ် ဖိုလ်ဉာဏ်ပဲလေ။ အကြောင်းကြောင့် အကျိုးဖြစ်လာတာပဲ။ ဘယ်သူဘယ်ဝါဆိုတာ လောကုတ္တရာမှာ မရှိပါဘူး။
မေး ။ ဆရာကြီး အဲဒီနေရာလေးကို ကျွန်တော် အလိုက်ခက်နေလို့ နည်းနည်း အူကြောင်ကြောင် ဖြစ်နေပါတယ်။
ဖြေ ။ ကျင့်အားနည်းတာကိုး၊ ကျင့်မှ – မလိုချင်ချင်ဘူးရဲ့နောက်မှာ ပိုင်းခြားတာဖြစ်ပြီး ဟိုဘက်စံဝင်သွားဖို့ပဲ ရှိတယ်။ ဒီလမ်းစဉ်ပဲ ကျင့်တာတော့ကျင့်၊ လုံးဝကျင့်။  ကျင့်တာများလာတဲ့အခါ မမှီခိုဘူးဆိုဘူး ဆိုတာလေးတွေ ဖြစ်လာတယ်။ အပျက်ကို ရှုတော့ မမှီခိုဘူးပေါ့။ မမှီခိုခြင်းဟာ မှီခိုခြင်းရဲ့ ဆန့်ကျင်ဘက်ပဲ။ မှီခိုခြင်းဆိုတာက တဏှာပဲ။ တဏှာရဲ့ဆန့်ကျင့်ဘက်ဆို ဘာဝနာဖြစ်သွားတော့ အဲဒီမှာ မဂ်ဉာဏ်ရတာပေါ့။ မဂ်ဉာဏ်ဆိုတာသိပ်ထက်တာပဲ။ လောကီတွေကို ဖြတ်ပြီးတဲ့နောက် မြတ်ရာစံတာပါပဲ။
မေး ။ ဆရာကြီး ကျွန်တော် သိပ်တော့ မဆိုးတော့ဘူး၊ ဒီဘဝ ကျွန်တော် တရားရပါ့မလား။
ဖြေ ။ ဒါကတော့ ကိုယ်လုပ်လို့ ကိုယ်ရမှာပဲ သာသနာတွင်းကြီးကို။ မလုပ်ဘဲနဲ့မရဘူး။ မလုပ်ဘဲရတယ် ပြောတဲ့ပုဂ္ဂိုလ်ဟာ အကရိယဒိဋ္ဌိ သမားပဲ။ မလုပ်ဘဲနဲ့တော့ ဘယ်တော့မှ မရဘူး။
မေး ။ ဟုတ်ကဲ့ပါဆရာကြီး ကျွန်တော်ကြိုးစားမှာပါ။ ကျွန်တော် နည်းနည်းဉာဏ် နုံ့နေတယ် ထင်လို့ပါ။
ဖြေ ။ ဟာ ကိုယ်ဖာသာကိုယ် ရှောက်ထင်လို့ ဘယ်ရမလဲ။ ဉာဏ်ပညာဆိုတာ ပါရမီအလျောက် ကိုယ်က အတိတ်မှာ ဘယ်လောက်ဖြည့်ခဲ့တယ်၊ မဖြည့်ခဲ့ဘူး၊ ဘယ်သူသိမှာလည်း။ ဒါတော့ ကြိုးစားရတာပဲ။ ကြိုးစားလို့ ရနိုင်ခွင့် ရှိနေတာဟာ ကိုယ်ရဲ့ အခွင့်အရေးပါပဲ။ မကြိုးစားပဲ စကားပြောနေတာတော့ အပိုပဲ။
မေး ။ ဆရာကြီး ကျွန်တော် ကြိုးစားပါတယ်။ ကြိုးလည်း ကြိုးစားဦးမှာပါ။ ကျွန်တော် ပိုင်းခြားခြင်းကို ဒီထက်ဒီ နားလည်အောင် ကြိးစားနေပါတယ်။
ဖြေ ။    ကြိုးစားရမှာပေါ့၊ မပိုင်းမခြားလို့တော့ လောကုတ္တရာ မဖြစ်ဘူး။ လောကီကို ပိုင်းခြားမှ လောကုတ္တရာ ဖြစ်တာပါ။ ဒါကတော့ မရှောင်မလွဲသာတဲ့နည်းလေးမို့ – ဒီနည်းမှ မကျင့်ရင်လည်း အရိယာ မဖြစ်နိုင်တော့လို့ ပြောရတာပဲ။ ပိုင်းခြားနိုင်အောင် ကြိုးစားပါ။
မေး ။ ဟုတ်ကဲ့ပါ ဆရာကြီး – ကျွန်တော် တိုးတက်လာပါတယ်။
ဖြေ ။ အင်း တိုးတက်တယ် ဆိုတာကတော့ ဆရာသမားက ဆုံးဖြတ်တာကတော့ ပိုခိုင်တာပေါ့လေ။ ဒါပေမယ့် ကိုယ့်ဖာသာကိုယ်လည်း မသိနိုင်တာတော့ မဟုတ်ပါဘူး။
မေး ။ ဆရာသမား အဆုံးအဖြတ်လည်း ခံပါတယ် ဆရာကြီးရယ်။ ကျွန်တော်အခု သဒ္ဒါတရားလည်း ထက်သန်ပါတယ်။ ကျွန်တော် ပါရမီကို နည်းနည်းအားဖြည့်ပြီး စုစည်းနေရတယ်။ တစ်ခါတစ်ခါ ၀ါးဝါးသွားလို့ —
ဖြေ ။ ကြိုးစားပါ  – ကိုယ်ကဝါးဖို့ မဟုတ်ဘူး၊ ပြတ်သား တိကျသိမြင် ပေါက်ပိုင်ဖို့ပဲနော် – ကြိုးစားဖို့ပဲ အားပေးပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *