ဝိပဿနာနည်းပညာအမေးအဖြေ (၁၈)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၈)

dsc_2261copyမေး။   ။ဆရာကြီး ကျွန်တော်လာပြီ။

ဖြေ။   ။အေး လာ။

မေး။   ။ ကျွန်တော် အရင်က ပေါ်တဲ့စိတ်ကို ကြောက်ကြောက်နေတာ ဆရာကြီးရယ်၊ ပြီးခဲ့တဲ့ အခေါက်က ဒါတွေက ပျက်ဆို့ဖြစ်လာတာဆိုတော့ ကျွန်တော် တော်တော်ခံသာ သွားတယ်။

ဖြေ။   ။ပေါ်တဲ့စိတ်က ကြောက်စရာ မလိုပါဘူး။ သူက (Natural Given) ခေါ်တယ်။ ပေါ်တာတော့ ပေါ်မှာပဲ။ သူ့ကို ဟန့်တားလို့ မရဘူး။ ကိုယ်က ရှုလိုက်ဖြစ်ဖို့ အရေးကြီးတယ် – ဒါ အပျက်လို့ – အဲဒါ (Man Made) ပေါ့နော်။ (Man Made) ကိုဂရုစိုက်၊ (Natural Given) ကို ဂရုမစိုက်နဲ့။ သူကတော့ ပေါ်မှာပဲ။ စိတ်ဆိုတာက ကောင်းတာမှ မဟုတ်ဘဲနဲ့။ ပေါ်ချင်ရာ ပေါ်မှာပဲ။ ဒီတော့ မင်းပေါ်ပေမယ့် ငါက မင်းကို ဂရုမစိုက်ဘူး ကိုယ်လုပ်စရာရှိတာလုပ်တယ် (Man Made) ကိုယ်က ရှုတယ်ဆိုတော့ ပြီးတာပဲ။

မေး။   ။ဟုတ်ကဲ့ပါ ဆရာကြီး။ အခုတော့ ပေါ်တဲ့အရာတွေလည်း ပျက်မယ်ဆိုတာ နားလည်သွားတော့ တော်တော်လေးတော့ ခံသာသွားပါတယ်။

ဖြေ။   ။အေး ပေါ်တဲ့အရာအတွက် တာဝန်မရှိဘူး။ မရှုဖြစ်မှာသာစိုးရတာ။ ရှုတာ ကိုယ့်တာဝန်။ အဲဒီလို သဘောထား။

မေး။   ။ဟုတ်ကဲ့ပါ ဆရာကြီး၊ ကျွန်တော် တော်တော်လေးကို သဘောပေါက် လာပါပြီ။ လူတွေကလည်း တရားအားထုတ်တယ်ဆိုတော့ အထင်ကြီးကြပါတယ်။

ဖြေ။   ။ကောင်းတဲ့ အလုပ်လုပ်တာတော့ လူတွေက အထင်ဘယ်သေးမလဲ။ အထင်ကြီးတာပေါ့ – ဒါပေမယ့် အထင်ကြီးတဲ့ အပေါ်မှာ မမှီခိုနဲ့။ အထင်ကြီးခြင်း သေးခြင်းကသူတို့ လုပ်ငန်း။ တရားရအောင် လုပ်ဖို့က ကိုယ့်လုပ်ငန်းပဲ။ မဟုတ်ဘူးလား။

မေး။   ။ဟုတ်ပါတယ် ဆရာကြီး။

ဖြေ။   ။တရားလုပ်တာကို (Intrinsic Value) သဘောထားရတယ်၊ ပင်ကိုယ်တန်ဖိုးထားရတယ်။ တရားကို သိချင်လို့၊ မြတ်နိုးလို့၊ နားလည်ချင်လို့ ကျင့်တယ်လို့ သဘောထားရတယ်။ သူများတွေ အထင်ကြီးအောင် တရားထိုင်ပြဦးမယ်ဆိုတာ အဲဒီလို သဘောမထားရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ (Instrumental Value) ဖြစ်သွားမယ်။ အဲဒါ တရားကို ခုတုံးလုပ်ပြီးတော့ တဆင့်ခံတန်ဖိုး ဖြစ်သွားအောင် မလုပ်ရဘူး၊ ပင်ကိုယ် တန်ဖိုးထားပါ။

(Instrumental Value) တဆင့်ခံ တန်ဖိုးဆိုတာ ဥပမာ – ငွေလိုပေါ့။ ငွေကို တိုက်ရိုက် စားလို့လည်း မရဘူး။ တိုက်ရိုက် ၀တ်လို့လည်း မရဘူး။ တကယ်တော့ သူနဲ့ အ၀တ်အစား ၀ယ်ရတယ်၊ စားစရာ စားရတယ်။ ဒီတော့ ငွေဟာ တစ်ဆင့်ခံ တန်ဖိုးပါ၊  (Instrumental Value) ခေါ်တာပေါ့။

တရားတော်ကို ကျင့်တဲ့အခါတော့ တရားတော်ကို မြတ်နိုးတာက (Intrinsic Value) ခေါ်တဲ့ ပင်ကိုယ်တန်ဖိုးကို ထားရတယ်။ အဲဒါလေးကို ခွဲခြားနားလည် ထားရမယ်။

မေး။   ။ဟုတ်ပါပြီ ဆရာကြီး ကျွန်တော် အတော့်ကို သဘောပေါက်လာပါပြီ။ ကျွန်တော်လည်း တဖြည်းဖြည်းနဲ့ ပညာရှိဖြစ်မယ် ထင်တယ်။

ဖြေ။   ။ကြိုးစားပေါ့။

မေး။   ။ကောင်းပါပြီ ဆရာကြီး။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

 

This entry was posted in Buddhism and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *