ဝိပဿနာနည်းပညာအမေးအဖြေ (၁၇)

ဝိပဿနာနည်းပညာအမေးအဖြေ (၁၇)

ပျက်ဖို့ဖြစ်လာတာ

dsc_7081မေး။   ။ဆရာကြီးခင်ဗျာ ကျွန်တော်ရောက်လာပါပြီ။

ဖြေ။   ။ကောင်းသော ရောက်ခြင်းပါပဲ။

မေး။   ။ဆရာကြီးကို သတိရတဲ့အခါ ကျွန်တော်က ဖြစ်ပျက် ရှုပါတယ်။

ဖြေ။   ။ဖြစ်ပျက် ရှုတာတော့ အမှန်အကန်ပဲလေ၊ အကျိုးလည်း ရှိတာပဲ။ ဖြစ်တာတွေက ပျက်ဖို့ပဲ —

မေး။   ။ခင်ဗျာ ဆရာကြီး။

ဖြေ။   ။အော် ဖြစ်တာတွေက ပျက်ဖို့ပဲ။ ပျက်ဖို့ ဖြစ်လာတာ – ဒီလိုပဲ သဘောထားရမယ်။ ဘာဖြစ်လာလဲ၊ ဖြစ်လာတာဟာ သူပျက်ဖို့ပဲ။ အဲဒီလိုပဲ သဘောထားရမယ်။

မေး။   ။ဟာ ဆရာကြီး ဒါ တော်တော်ကောင်းတာပဲနော်။

ဖြေ။   ။အော် တရားပဲ ကောင်းတာပေါ့။ ပျက်ဖို့ ဖြစ်ဖြစ်လာရတာ၊ ဒီတော့ ပျက်ဖို့ဖြစ်လာရတယ်လို့ အမြန်ဆုံးသိရင်၊ ဉာဏ်ထက်တာပဲ။ နှေးနှေးသိရင်တော့လည်း ဉာဏ်တော့ ရှိတာပဲ။ ပျက်ဖို့ဖြစ်လာတယ်လို့သာ တစ်သတ်မှတ်ထဲ ယူထားလိုက်။

မေး။   ။ဟာ ဟုတ်ကဲ့ပါဆရာကြီး၊ ကျွန်တော် ဒါကိုတော့ အလွတ်ကျက်တော့မယ်။ နှလုံးသွင်းဖို့ပေါ့လေ။ ကျွန်တော် တရားအားထုတ်ပါတယ် ဆရာကြီးရယ်၊ တတ်နိုင်သလောက် အားထုတ်ပါတယ်။

ဖြေ။   ။အားထုတ် ကောင်းတာပေါ့။

မေး။   ။ အခု ပျက်ဖို့ဖြစ်လာတာကို သိလိုက်တော့လည်း၊ ကျွန်တော် တစ်မျိုး အားရှိသွားတယ်။

ဖြေ။   ။အားရှိပါ၊ တကယ်တော့လည်း (၃၁) ဘုံမှာ ပျက်ဖို့ပဲ ဖြစ်လာကြရတာပဲ။ ဘယ်အရာဟာ မပျက်ဖို့ဖြစ်တယ်လို့ ရှိနိုင်မှာလဲ၊ ပျက်ဖို့ဖြစ်လာတာ။ နိဗ္ဗာန်ပဲ မပျက်တာ။ ကျန်တာတွေ (၃၁) ဘုံက အကုန်ပျက်တာပဲ။

မေး။   ။ဟုတ်ကဲ့ပါ ဆရာကြီး၊ ဖြစ်လာကတည်းက ပျက်ဖို့ဆိုတော့ လက်မခံဖို့ပေါ့နော် —

ဖြေ။   ။လက်ခံစရာ မလိုဘူးလေ။ ဒီရုပ်နာမ်တို့ (၃၁) ဘုံတို့ ဖြစ်ရပ် ဖြစ်စဉ်တွေဟာ လက်ခံစရာမှ မဟုတ်ဘဲ။ ဒါဟာ တရားနှလုံးသွင်းဖို့ပဲ။ နှလုံးသွင်းနိုင်လေလေ တရားက ရင့်ကျက်လေလေပဲ။

မေး။   ။ဆရာကြီး တရားရင့်ကျက်တဲ့ အခါကျ ကျွန်တော်က မိသားစုနဲ့ဆိုတော့ သူတို့ကို ကျွန်တော် သံယောဇဉ်ပြတ်သွားရင် ဘယ့်နှယ့်လုပ်မလဲ။

ဖြေ။   ။ ။ ဟာ သံယောဇဉ်ပြတ်ရင် ကောင်းတာပေါ့။ သံယောဇဉ်ဆိုတာ ကောင်းတာမှ မဟုတ်ဘဲ။

မေး။ဆရာကြီး ကျွန်တော်က တရားရသွားတော့ သူတို့ မနစ်နာဘူးလား။

ဖြေ။   ။ဟာ မနစ်နာပါဘူး၊ မိသားစုမှာ တစ်ယောက်က တရားရရင် ကျန်တာတွေ အကုန်လုံးက ရွှေပဲလေ။ မနစ်နာဘူး မနစ်နာဘူး။ သူတို့ကသာ ထီပေါက်တာထက် ကောင်းတယ်။ ကိုယ် တရားရဖို့ပဲ အရေးကြီးတာပဲ။ မိသားစုထဲမှာ တစ်ယောက်က တရားရရင် ကျန်တာတွေ အကုန်လုံးဟာ အင်္ဂလိပ်လို (Reflective Glory) အရောင် အရှိန်တွေက ကူးစက်တာပေါ့။ ဒီတော့ ရစမ်းပါ၊ မိသားစုထဲမှာ ဘယ်သူရရ၊ ရချင်တဲ့ ပုဂ္ဂိုလ်ရ ကျန်တဲ့ မိသားစုတွေ အပေါ်မှာ တရားရဲ့ ဂုဏ်ထူးတွေက လွှမ်းမိုးပြီး၊ အကုန်လုံးကို အောင်မြင်စရာရှိရင် ပိုအောင်မြင်ပြီးတော့ အခက်အခဲရှိရင်လည်း လျော့နည်း ကုန်ဆုံးသွားမှာပဲ။ တရားရဖို့ အရေးကြီးတယ်။

မေး။   ။ဟာ ဆရာကြီး၊ တရားရရင်းနဲ့ သူတို့ကို စောင့်ရှောက်လို့ ရလား —

ဖြေ။   ။ရတာပေါ့ – တရားရတာက တရားရတာပဲ။ တရားနဲ့ စောင့်ရှောက်တာ၊ စောင့်ရှောက်တော့ ပိုကောင်းတာပေါ့။ ဒါ သံယောဇဉ်မပါဘဲ၊ သမုဒယမပါဘဲနဲ့ စောင့်ရှောက်တယ်ဆိုတော့ အင်မတန်မြင့်မြတ်တဲ့ လုပ်ငန်းပဲ။ ဒီတော့ စောင့်ရှောက်ရမှာပဲ။ ကိုယ်ကသာ တရားရပါစေ။ တရားနဲ့ စောင့်ရှောက်တဲ့ အခါကျ ပိုပြီးအဆင့်မြင့်ပါတယ်။ ကြိုးစားပါ။

မေး။   ။ဟာ ဟုတ်ကဲ့ဆရာကြီး၊ ကျွန်တော် ဒီနေ့ စကားနှစ်လုံးရပြီ။ ပျက်ဖို့ ဖြစ်လာတယ် ဆိုတာရယ်၊ တရားရရင် သမုဒယ မပါပေမယ့် စောင့်ရှောက်လို့ ရတယ်ဆိုတာရယ်။

ဖြေ။   ။ အော် တရားတော်ရဲ့ ဂုဏ်ကျေးဇူးက အင်မတန်မှ ကြီးပါတယ်။

မေး။   ။ဟုတ်ကဲ့ပါ ဆရာကြီး ကျွန်တော် မသိကျေးကျွန် ဖြစ်ခဲ့မိရင် ခွင့်လွှတ်ပါ ဆရာကြီး ကျွန်တော် အခုသိပါပြီ။ တရားတော်ရဲ့ ဂုဏ်ကျေးဇူးဟာ အင်မတန်မှ ကျေးဇူးများပါတယ်။ ထောင့်စုံ ဘက်စုံက ကောင်းကျိုး မင်္ဂလာကို ဆောင်တယ်လို့ သက်ဝင်နားလည် သွားပါပြီ။

ဖြေ။   ။အဲဒါ နားလည်ရမှာပေါ့ – တရားတော်ရဲ့ ဂုဏ်ကျေးဇူးဟာ သိပ်ကြီးမြတ်ပါတယ်။ ရတနာမြတ်သုံးပါး၊ တရားတော်ရဲ့ ဂုဏ်ကျေးဇူး၊ သာသနာ၊ ဘုရား ရဟန္တာတွေ အင်မတန်မှ ဂုဏ်ကျေးဇူး ကြီးမားပါတယ်။

မေး။   ။ဟုတ်ကဲ့ပါ ဆရာကြီး။ ကျွန်တော် မမှိတ်မသုန် ယုံကြည်ချက်နဲ့ မှတ်သား နားလည်ထားပါမယ်။

ဖြေ။   ။အေး အေး ဒီလိုဆိုလည်း သာဓုခေါ်ရမှာပေါ့။

မေး။   ။ဟုတ်ကဲပါ ဆရာကြီး ခေါ်ပါ။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

 

No tags for this post.
This entry was posted in Buddhism. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *