မ​ဂၤ​လာ​ရွိ​ေ​သာ​စ​ကားမ်ား (၁)

Share

မင်္ဂလာရှိသောစကားများ (၁)

သစ္စာဝါဒီများ .. .. မင်္ဂလာရှိတဲ့ အခါကြီး ရက်ကြီးမှာ မင်္ဂလာရှိတဲ့ စကားတွေ ပြောချင်တယ်။

ရုပ်ရဲ့ အလွန်မှာ စိတ်ရှိတယ်၊ နာမ်ရှိတယ်ပေါ့၊ နာမ်ရဲ့ အလွန်မှာ ဉာဏ်ရှိတယ်။ ဉာဏ်ကျတော့ ပေါ့နော် .. .. ဒီတော့ လောကရဲ့ အလွန်မှာလည်း ရှိတယ်၊ (၃၁) ဘုံရဲ့ အလွန်မှာ ရှိတယ်၊ သင်္ခတရဲ့ ဟိုမှာဘက်မှာ အသင်္ခတရှိတယ်။ အသင်္ခတဆိုတော့ အနုတ္တရပေါ့နော် .. .. ဒါတွေက ရှိတာပဲ .. .. မြတ်စွာဘုရားက အသိဆုံးပေါ့၊ မြတ်စွာဘုရားက နိဗ္ဗာန်ကြီးကို စတွေ့တာ နိဗ္ဗာန်ဆိုတဲ့ဓာတ်က သိပ္ပံလို သုတေသနလုပ်ပြီးတော့ ကိရိယာနဲ့ ရှာရတာတော့ မဟုတ်ဘူးပေါ့နော် .. .. သီလ၊ သမာဓိ၊ ပညာ ပါရမီနဲ့ ရှာပြီးတော့ တွေ့သွားတာ။ တွေ့သွားရင်တော့ မြတ်စွာဘုရား အောင်တဲ့အခါကျတော့ အားလုံးသောပုဂ္ဂိုလ်တွေ ပေါ့နော် ဝေနေယျတွေ အောင်ဖို့ ဖြစ်လာတာပေါ့။

ဒီတော့ ဉာဏ်ဆိုတာကတော့ အံ့သြစရာတော့ ကောင်းတယ်။ ဉာဏ်ဆိုတာ လောကုတ္တရာပဲ လေ .. .. သစ္စာဝါဒီများ မှတ်မိမှာပါ “န၀လောကုတ္တရဓမ္မေ” ဆိုတာ ရတနသုတ်မှာပေါ့နော် .. .. ကိုးပါးရှိတယ် – မဂ်လေးတန်၊ ဖိုလ်လေးတန်၊ နိဗ္ဗာန်ဆိုတာ .. .. မဂ်ဉာဏ်ဖိုလ်ဉာဏ်တွေက လောကုတ္တရာ တွေပဲ လောကမှလွန်တယ်။ လောကဓာတ်နဲ့ မတူဘူးပေါ့နော် .. .. ဒါကတော့ ကမ္ဘာကလည်း မတွေ့နိုင်ဘူး၊ သိပ္ပံကလည်း မတွေ့နိုင်ဘူး။ ဗုဒ္ဓဘာသာကို ကျင့်တဲ့ ပုဂ္ဂိုလ်များပဲ တွေ့နိုင်တာ။

မြန်မာနိုင်ငံမှာ မိုးကုတ်ဆရာတော်ဘုရားကြီးတို့၊ ဆရာမြတ်ကြီးတို့ ပေါ်ထွန်းတော်မူခဲ့တော့ ပဋိဝေဒဂမ္ဘီရ အောင်သွားတာပေါ့နော် .. .. ပဋိဝေဒဂမ္ဘီရအောင်ရင် ဒေသနာဂမ္ဘီရလည်း အောင်တာပေါ့ .. .. ဒါတွေက သေချာလေ့လာ လိုက်စားမှ ရတာပဲ သစ္စာဝါဒီများ။

ဘာမဆို – ကွန်ပြူတာ ကွန်ပြူတာမို့၊ အားကစား အားကစားမို့၊ စီးပွားရေး စီးပွားရေးမို့ပေါ့ စသည်ဖြင့် ကိုယ်ကျွမ်းကျင်ရာ လိမ္မာကြတာ၊ လိုက်စားရာ လေ့လာရာ တတ်မြောက်ကြတာပဲ။ လောကုတ္တရာကတော့ အများသူငါ မလေ့လာကြဘူးပေါ့။ မိုးကုတ်ဆရာတော်ဘုရားကြီးတို့ ဆရာမြတ်ကြီး တို့ကျတော့ တကယ့်လောကုတ္တရာကို လေ့လာတဲ့ ထူးမြတ်တဲ့ ရှင်ကြီးတွေ ဆိုတော့ ဒေသနာဂမ္ဘိရနဲ့ ပဋိဝေဒဂမ္ဘီရတွေ အောင်တော်မူသွားတာ ပေါ့နော်။ အောင်မြင်တဲ့ အခါ ကျတော့ မိမိတို့ ဆိုတာကတော့ အစွန်အဖျား တပည့်သားသမီးတွေမို့ ရလိုက်တဲ့ ပုဂ္ဂိုလ်တွေလို့ပဲ သဘောထားပါ။

အမွေရလိုက်တော့လည်း ယောဂီတွေ (သစ္စာဝါဒီများ) ကို ပြောပြနိုင်တာပေါ့လေ။ ဂဃဏန ပြောပြ နိုင်တယ်။ မြတ်စွာဘုရားက သဗ္ဗေညုတ ရွှေဉာဏ်တော်ကြီးကို ဘယ်လို အောင်မြင်တော်မူတာ၊ နိဗ္ဗာန်ဆိုတာ ဘယ်လို၊ သာဝကတွေဆိုတာ ဘယ်လို၊ လောကုတ္တရာဆိုတာ ဘယ်လိုဆိုတာ သစ္စာဝါဒီများ .. .. ပြောရမယ်ဆိုရင် ဒီမြန်မာပြည်မှာ ရွှေတံဆိပ်ရပါတယ်ဆိုတဲ့ အဘိဓမ္မာဆရာက မှားနေတယ်၊ လောကုတ္တရာကိုမသိဘူး။ သင်္ခတနဲ့ အသင်္ခကို မသိရှာဘူး။

“နိဗ္ဗာန်မှာ ချမ်းသာတဲ့စိတ်ကလေး” လို့ ပြောလိုက်တာ –

စိတ်လို့ ပြောလိုက်တာ ခွက်ခွက်လန်အောင် မှားသွားတာပဲ။ ဒီတော့လည်း ခက်တယ် သစ္စာဝါဒီများ၊ ဒီကိစ္စကိုကြည့်ရင် ကျင့်ဖို့လိုတယ်ဆိုတာ လုံးဝကို ခိုင်မာတယ်။ လုံးဝလိုအပ်ချက်ပါပဲ – ဒါပေမယ့် သစ္စာဝါဒီများ သိတဲ့အတိုင်းပဲ မကျင့်ချင်ကြဘူး။ လူဆိုတာက လောကုတ္တရာကျ မကျင့်ချင်ဘူး – စီးပွားရေး ကြီးပွားရေး လူမှုရေးတွေကျ အောင်မြင်တာတွေ လောဘတက်စရာတွေ ရှိနေတော့ ဇွဲကောင်းတာပေါ့။ လောကုတ္တရာကျတော့ ဇွဲမကောင်းကြဘူး။ ဘာဖြစ်လို့လည်းဆိုတော့

စွန့်လွှတ်ဖို့အတွက် ကျင့်တာတွေဆိုတော့ ခက်သားပဲ

စိတ်ရဲ့ဆန့်ကျင်ဘက်တွေဆိုတော့ ခက်သားပဲ

အလိုရဲ့ ဆန့်ကျင်ဘက်တွေဆိုတော့ ခက်သားပဲ

အတ္တရဲ့ ဆန့်ကျင်ဘက်တွေဆိုတော့ ခက်သားပဲ

တကယ်မကျင့်ဖြစ်တော့ မရကြတာပါ။

ကျင့်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေဟာ မြန်မာနိုင်ငံမှာ ပေါ်ထွန်းတော် မူခဲ့တော့ (ဥပမာ — မိုးကုတ် ဆရာတော် ဘုရားကြီးတို့ ဆရာမြတ်ကြီးတို့ .. ..) ပဋိဝေဒဂမ္ဘီရ အောင်သွားတာပေါ့၊ အောင်တော့ မိမိတို့လည်း သမုဒ္ဒရာကြီးနဲ့ ရေတစ်စက် ဆိုသလို တဖြည်းဖြည်းနဲ့ အမွေခံလို ရတာလေးတွေကို ပြောပြနိုင်တာပါ။ သစ္စာဝါဒီများကို မိမိအနေနဲ့ ပြောပြပေးနိုင်ပါတယ်၊ သိတဲ့အတိုင်း မိမိက ဆရာကောင်း သမားကောင်းရဲ့ တပည့်ဖြစ်ခဲ့တော့ တော်တော်ကို ပြောပြနိုင်ပါတယ် – နိဗ္ဗာန်ကဘယ်လို အနုပါဒိသေသ နိဗ္ဗာန်ရဲ့ အနေအထားကဘယ်လို၊ သဥပဒိသေသ နိဗ္ဗာန်ရဲ့ အနေအထားကဘယ်လို၊ ရဟန္တာတွေက ဘယ်လို၊ အရိယာတွေက ဘယ်လို၊ (၃၁) ဘုံက ဘယ်လို၊ လောကုတ္တရာက ဘယ်လို၊ အနုတ္တရဓာတ် အသင်္ခတဓာတ်က ဘယ်လို၊ ဖလသမာပါဒ်က ဘယ်လို၊ နိရောဓ သမာပါဒ်က ဘယ်လိုဆိုတာ ပြောပြနိုင်ပါတယ်။

ဒါပေမယ့် စိတ်ဝင်စားဖွယ်ရာ လိုက်နိုင်တာလေးတွေကို ပြောပြပေးမယ်၊ ဖြည်းဖြည်းခြင်း ပြောပြပေးမယ် သစ္စာဝါဒီများကလည်း ကျင့်ကြံပါ၊ ကျင့်ကြံထားတော့ မိမိပြောတဲ့အခါ လိုက်နိုင် လွယ်တာပေါ့ .. ..  ကျင့်ရင် ကောင်းပါတယ် သစ္စာဝါဒီများ၊ အချိန်နည်းတဲ့အခါကျတော့ သိပ်ခက်ရာခဲစစ်ဆို တွေတတ်လို့ တွေဝေသွားတတ်တယ်။ ဒါကြောင့် ခက်တာတွေကို မိမိက မပြောတာပါ – ပညာ နှမြောလို့လည်း မဟုတ်သလို လုံးဝ မဟုတ်သလို၊  မပြောတတ်လို့လည်း မဟုတ်သလို လုံးဝ မဟုတ်သလို၊  မပေးချင်လို့လည်း မဟုတ်သလို လုံးဝ မဟုတ်သလို၊  ကြွားချင် ၀ါချင်တဲ့ပုံစံမျိုးလည်း ပြောတာ မဟုတ်သလို လုံးဝ မဟုတ်သလို၊ သို့သော်လည်း အကြောင်းအကျိုး ညီညွတ်ရင် ပြောပေးပါမယ်။

နိဗ္ဗာန်ကြီးက ချမ်းသာတဲ့ ဓာတ်ကြီးပါ။ နိဗ္ဗာန်ကို ၀င်စားတဲ့အခါ ချမ်းသာတယ်၊ ချမ်းသာခြင်းဟာ မျိုးစုံရှိပါတယ်။ နိဗ္ဗာန်က တကယ်ရှိတဲ့ တရားပါ။ (ဆင်းပြောရမယ် ဆိုရင်တော့) အိပ်ပျော်သလိုလည်း မဟုတ်ပါဘူး၊ မေ့ဆေးပေးသလိုလည်း မဟုတ်ပါဘူး၊ ဘလက်ဟိုလ်းက စုပ်ယူသွားတာမျိုးလည်း မဟုတ်ပါဘူး။ နိဗ္ဗာန်ထဲမှာ ဖလသမာပါဒ် ၀င်စားရင် – ကိုယ်တိုင်သိ ကိုယ်တိုင်တွေ့ ကိုယ်တိုင်မြင် ကိုယ်တိုင်မျက်မှောက်ပြု ကိုယ်တိုင်ခံစားပြီး ကိုယ်တိုင်ကို လွတ်မြောက်သွားတဲ့ သဘောပါ။

သစ္စာဝါဒီများ ခံစားတယ်ဆိုတာ ဉာဏ်ပညာနဲ့ ခံစားတာကို ပြောတာနော်၊ စိတ်နဲ့မဟုတ်ဘူး အဲဒီမှာ ရုပ်နာမ် ချုပ်နေပြီ၊ ရုပ်နာမ်ဆိုတာ ထည့်ကို မစဉ်းစားအပ်ပါဘူး၊ စွန့်အပ် ပယ်အပ်တဲ့ တရားပါ။ မိမိပြောတာ “ပေါ်စိတ်ကို ရှုပါ” ဆိုတာ ပေါ်စိတ်ကို ရှုခိုင်းတာ ဒါဟာ မြတ်စွာဘုရားရဲ့ တိုက်ရိုက် အလိုတော်ကျ အဆုံးအမကို – ဒါကိုတောင် မြတ်စွာဘုရားရဲ့ အဆုံးအမ မဟုတ်ဘူးလို့ ပြောကြသေးတယ် ယောဂီများ .. .. အံ့တော့ အံ့ပါရဲ့ တကယ့် တိုက်ရိုက်ကြလွန်းလို့ “ပေါ်တဲ့စိတ်ကို အနိစ္စရှုပါ” ဆိုတာ တိုက်ရိုက်ကြီး မဟုတ်ပါလား ?? မိမိနောမတိနဲ့ တီထွင်ပြောတာ မဟုတ်ဘူး .. .. ဒါဟာ ဆရာမြတ်ကြီးတို့ ဆုံးမတော်မူခဲ့တဲ့ လမ်းစဉ်အတိုင်း ပြောပြတာပါ။ ဒါဟာ ဘယ်လိုမှ မလွဲနိုင်တဲ့ လက္ခဏာရေး သုံးပါးထဲက အနှစ်ချုပ်ကြီးပဲ ဖြစ်ပါတယ်။

ဒီတော့ ယောဂီများ ကျင့်ကြပါ။ သာဓုခေါ်ပါတယ်၊ နိဗ္ဗာန်ဟာ ဗုဒ္ဓဘာသာ သူတော်စင်တွေရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်သလို အမှန်ရှိတဲ့ ဓာတ်ကြီးပါ။ ရအောင်ရှာရင် တွေ့မှာပါ။ ဖြစ်ပျက်ရဲ့အဆုံးမှာ ရှိပါတယ်၊ အနိစ္စရဲ့ အဆုံးမှာလည်း ရှိပါတယ်။ အနိစ္စကို လိုက်လို့ရှိရင် အနိစ္စက ခေါ်ပြပြီးတဲ့နောက် နိဗ္ဗာန်ကို ပို့မှာ – ပို့တဲ့အခါကျ မငြင်းသာ မတတ်သာအောင် တွေ့မှာက နိဗ္ဗာန်ကြီးပဲ ဖြစ်ကြောင်း၊ ဒီကိစ္စဟာ တရားတော်မြတ်ရဲ့ ဂုဏ်ကျေးဇူးပဲ ဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါတယ် .. ..

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism, Frontpage and tagged , , , , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *