မင်္ဂလာရှိသောစကားများ(၄)

Share

မင်္ဂလာရှိသောစကားများ(၄)

သစ္စာဝါဒီများ –

သစ္စာဝါဒီများ သာဓုခေါ်လျှက်ရှိပါတယ် .. .. သာသနာအရိပ်မှာခို၊ မြတ်စွာဘုရား အရိပ်မှာခို၊ သစ္စာတရားရဲ့ အရိပ်မှာခိုပြီးတော့ – မြတ်စွာဘုရားရဲ့ တရားကို ကျင့်သုံးဆောက်တည် နှလုံးသွင်း ဆင်ခြင် ရှုသတ် ပွားများနေတာ၊ နေ့တဓူ တာဝန်ကျေပါတယ်။ သာဓုခေါ်ပါတယ်။ ဒီလိုပါပဲ – မိမိကိုယ်တိုင်လည်း မြတ်စွာဘုရားရဲ့ အရိပ်ကို ခိုပြီးတော့ သာသနာကို ပုခုံးပေါ်မှာတင်ပြီး ပူဇော် လှုပ်ရှားနေတာပါပဲ – မိမိဘ၀က ဒါပါပဲ . . .

လူတွေကတော့ (၃၁) ဘုံထဲ ကျင်လည်ကြမှာ ဆိုတော့ ပြောတာလေးတွေ ပြောရတာပေါ့လေ။ လိုက်တန်သရွေ့တော့ လိုက်တဲ့ပုဂ္ဂိုလ်လည်း လိုက်ကြမှာပေါ့။ မလိုက်တဲ့ ပုဂ္ဂိုလ်လည်းရှိမှာပဲ သံသရာ့ ခရီးသည်တွေဆိုတော့ သူတို့လည်း သူတို့နည်း သူတို့ဟန်နဲ့ သူတို့ ပြေးကြလွှားကြ ဦးမှာပဲ။

မိမိကတော့ ဘုရားရိပ်ခိုတယ်၊ တရားရိပ်ခိုတယ်၊ ဆရာသမား အရိယာသံဃာတော်တွေရဲ့ အရိပ်ကိုခိုတယ်။ ရဟန္တာကြီးတွေက သိပ်ကြည်ညိုစရာ ကောင်းတာ။ အင်မတန် တည်ငြိမ်တယ်၊ တစ်ချို့ဆိုရင် ဉာဏ်ပညာနဲ့ ယှဉ်ပြီးတဲ့နောက် သာသနာကို သိပ်ချစ်မြတ်နိုးတော် မူကြတာ။ မိမိကိုလည်း မိမိဆရာသမားက ချစ်မြတ်နိုးတတ်အောင် သွန်သင်တော်မူတယ်။ မြတ်စွာဘုရားကို ကြည်ညိုတတ်အောင်၊ တရားကို ကျင့်သုံး ဆောက်တည်ချင်အောင် – ဆရာသခင် ကိုယ်တော်မြတ်ကြီးက သွန်သင်ဆုံးမတော် မူတယ်။ အသိပညာဉာဏ်တွေ ချီးမြှင့်သနားတော်မူတယ် – ဒါကြောင့် မိမိလည်း သိတာပါ။ မိမိအနေနဲ့ ဆရာပြောပြ ဟောပြလို့ သိတာပါ။ ဆရာစဉ် သမားစဉ်ဆိုရင်လည်း မမှားပါဘူး။ သိတာတော့ သိပါတယ်။

ဥပမာ —- နိဗ္ဗာန်ကို မျက်မှောက်ပြုတယ်ဆိုတာ ဖိုလ်ဉာဏ်နဲ့ မျက်မှောက်ပြုပြီး ထိုးထွင်းဆင်ခြင်ရတာ။ ဖိုလ်ဉာဏ်ဆိုတာ ထိုးထွင်း ဆင်ခြင်တဲ့အတွက် အေးပါတယ်။ မဂ်ဉာဏ်ဆိုတာကတော့ ဖြတ်ရ တောက်ရတော့ သူက ကြည်ပါတယ်။

ပုဂ္ဂိုလ်တစ်ဦး   တရားအားထုတ်တယ်ဆိုရင် မဂ်အားကကောင်းသလား ဖိုလ်အားကကောင်းသလား ၀င်စားချင်ရင် ဒီပုဂ္ဂိုလ် တရားအားထုတ်တဲ့အခါမှာ ကြည်တဲ့ဓာတ်ပေါ်လား အေးတဲ့ဓာတ်ပေါ်လား .. .. ဒါပါပဲ။

အေးတဲ့ဓာတ်တွေပေါ်ရင်တော့ သူက ဖိုလ်အားကောင်းတဲ့ သဘောပဲ၊

ကြည်လင်တဲ့ဓာတ်တွေပေါ်ရင်တော့ သူက မဂ်အားကောင်းတဲ့ သဘောပါပဲ၊

မဂ်ဆိုတာ ကြည်လင်ပြီး ဖြတ်တောက်နိုင်တယ်၊

ဖိုလ်ဆိုတာ ထိုးထွင်းပြီးတော့ အေးချမ်းနိုင်တယ်၊

အေးချမ်းမှုလည်းရတယ် ကြည်လင်မှုလည်း ရတယ်ဆိုရင်တော့ မဂ်ရော ဖိုလ်ရော ကောင်းတာပေါ့။

အထူးသာဓုခေါ်စရာပါပဲ။ ဒါ သူတော်ကောင်းတွေရဲ့ အဆုံးအဖြတ်ပါပဲ။ မိမိကတော့ မိမိဖာသာ ဘာမှ မဆုံးဖြတ်ဘူး၊ သူတော်ကောင်းတွေ မိန့်မှာတော် မူတဲ့စကားကိုပဲ ခံယူနားလည်ပြီး ယုံကြည်စွာ ကျင့်သုံး ဆောက်တည်တယ် – ဒါ မိမိဘ၀နဲ့ မိမိရဲ့ အဓိပ္ပာယ်ပါပဲ။ ဒါ မိမိရဲ့ ဒဿန မိမိရဲ့ အဘိဓမ္မာပဲပေါ့နော်။ အားလုံးကို သာဓုခေါ်လျှက်ရှိကြောင်း သိစေချင်ပါတယ်။

သစ္စာဝါဒီများ တကယ်တော့ “တရားသိတော့ ဘုရားရှိတယ်” ဆိုတဲ့စကားရှိတယ် .. ..

တရားကို သိနားလည် ပေါက်ပိုင်တော့ သူ့အတွက် ဘုရားရှိတာ ပေါ့နော် – မြတ်စွာဘုရားလည်း သူ့အတွက် အဓိပ္ပာယ်ရှိတာပေါ့။ တရားမကျင့်တဲ့ ပုဂ္ဂိုလ်အတွက် မြတ်စွာဘုရားကို သူတို့ နားလည်ဖို့ဆိုတာ မလွယ်ဘူး။ ဒါကြောင့် အဆိုရှိတာ “တရားသိမှ ဘုရားရှိတယ်”

သစ္စာဝါဒီများ “တရားသိလျှင် ဘုရားရှိတယ်” ဒါကတော့ အင်မတန်တိကျတဲ့ စကား၊ အင်မတန်လည်း ပညာပါတဲ့ စကားဖြစ်ပါတယ်။ လူသာမာန်တွေတော့ နားလည်မှာ မဟုတ်ပါဘူး (ရှိပါစေတော့)။ အခါကြီးရက်ကြီးမှာ တရားဘာဝနာနဲ့နေခြင်းဟာ ကောင်းသောနေခြင်းပါပဲ။ သာဓုခေါ်စရာကောင်းတဲ့ အခြေအနေရှိကြောင်း ပြောကြားပါတယ်။

အခါကြီးရက်ကြီးမှာ မေတ္တာပို့လိုက်ပါတယ် –

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism, Frontpage and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *