အသိပညာနှစ်မျိုးနှစ်စား….

Share

အသိပညာနှစ်မျိုးနှစ်စား….

အသိပညာကို နှစ်မျိုးနှစ်စားဟု ဖော်ပြလေ့ရှိကြတယ်။ တစ်မျိုးမှာ အကြောင်းအချက်အားဖြင့် ဆိုင်ရာ အသိပညာ (Knowledge about facts) လို့ သုံးကြတယ်။ နောက်အသိပညာ တစ်ခုက အချက်အလက် တစ်ခုနှင့်တစ်ခု ယုတ္တိနည်းကျ ဆက်စပ်နေတဲ့ အသိပညာပဲ။ ဒါကိုတော့ (Knowledge about the logical relation between facts) လို့ သုံးကြတယ်။

ကမ္ဘာကတော့ အသိပညာနှစ်ခုစလုံးကို လိုက်တယ်လို့တော့ ၀န်ခံကြပါတယ်။ ဒါပေမယ့် (Knowledge of facts) ကို နံပါတ်ကုန် မလိုက်နိုင်ဘူး။ (Relation) တွေဘက်ကို ပိုများတယ်။ သူတို့ဟာ ရုပ်ဥပဒေသတွေကို သိပ်သိချင်တယ်။ ရှာလည်းရှာတယ်၊ တွေ့လည်းတွေ့တယ်၊ အသုံးလည်းချတယ်၊ တော်လည်းတော်တယ်။ လူ့အသုံးအဆောင်အတွက် အထူးအရေးပါ အရာရောက်လို့ ကျေးဇူးလည်း ပြုနိုင်တဲ့စွမ်းရည် ရှိပါတယ်။

ဗုဒ္ဓဘာသာမှာတော့ အကြောင်းအချက်ဆိုင်ရာ အသိပညာကို ဒုက္ခသစ္စာသိခြင်း၊ သမုဒယသစ္စာသိခြင်းနဲ့ ရှင်းနိုင်တယ်။ အကြောင်းအချက် အချင်းချင်း ဆက်စပ်မှု သဘောကိုတော့ သမုဒယ အကြောင်းခံရင် ဒုက္ခ ဖြစ်တယ်ဆိုတဲ့ ဆက်စပ်မှုနဲ့ ရှင်းနိုင်တယ်။ ဗုဒ္ဓဘာသာကတော့ နံပါတ်ကုန်အောင် လိုက်တဲ့အခါကျတော့ ဥပမာ —- စိတ္တာနုပဿနာဆိုရင် စိတ်ကို နံပါတ်ကုန်လိုက်တော့ ဖြစ်ပြီးပျက်တဲ့ အချည်းနှီး အလဟသတ် သဘောကို တွေ့ကြတယ်။

ကမ္ဘာကတော့ အကြောင်းအချက်ဆိုင်ရာကို နံပါတ်ကုန် မလိုက်တော့ အချည်းနှီးလို့ ကောက်ချက်မချနိုင်ပဲ အချက်အလက် တစ်ခုနဲ့ တစ်ခုရဲ့ ဆက်စပ်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ ဥပဒေသ သဘောတွေကို ပိုမိုပြီးတော့ ၀င်စားလေ့လာ ကြတယ်။ ဒီတော့ ရုပ်ဆက်ဆံရေးတွေကို အရမ်း သိလာကြတယ်။ ဒါပေမယ့် စိတ်ပိုင်းကိုတော့ မလိုက်နိုင်ကြဘူး။

တကယ်တော့ စိတ်ပညာ ဆိုတာလည်း စိတ်ကိုလေ့လာရင်းနဲ့ စိတ်ကို မတွေ့တော့ (Brain Function) တို့၊ (nervous system) တို့ စတဲ့ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားပြုမူ မှုတွေကိုပဲ လေ့လာရသလို ဖြစ်လာတယ်။ စိတ်ကို တိတိကျကျ လေ့လာတာကတော့ ဗုဒ္ဓဘာသာပါပဲ။ နံပါတ်ကုန် လေ့လာတဲ့ အခါကျတော့ စိတ်ဟာ ဖြစ်ပြီး ပျက်တဲ့ အချည်းနှီး ဓာတ်သဘာဝတစ်ခုမှန်း သိလာတယ်။

ရုပ်ကိုလေ့လာတဲ့ သူတို့က ရုပ်ဥပဒေသတွေကို တွေ့ပြီးတဲ့နောက် အသုံးချလာတယ်။ စိတ်ကိုလေ့လာတဲ့ ဗုဒ္ဓဘာသာကတော့ စိတ်ရဲ့ ဖြစ်ရပ်မှန်ကို နံပါတ်ကုန် ကြည့်လိုက်တော့ ဘာမှမဟုတ်တဲ့ ဖြစ်ပေါ်ပြီး ပျက်တဲ့ အချည်းနှီးဓာတ်သဘာဝကို သိလာတယ်။ ဒီအခါ စိတ်ကို မမှီခိုတော့ ပညာရှိ သူတော်ကောင်း ဖြစ်တာပေါ့။

သူတို့ကတော့ ရုပ်တစ်ခုနှင့် တစ်ခု ဆက်စပ်မှုကို ဖော်ပြနိုင်တော့ လူ့လောကမှာ လွန်စွာ စွမ်းဆောင်နိုင်တဲ့၊ အကျိုးပြုလုပ်ငန်းတွေလည်း လုပ်ပေးနိုင်တဲ့ လူမှုရေး လောကီပညာရှင်တွေ ဖြစ်လာတယ်၊ ပညာထူး ပညာဆန်းတွေလည်း ရလာတယ်။

ဤနည်းအားဖြင့် အသိပညာနှစ်မျိုးကို လိုက်စားရာမှာ ဗုဒ္ဓဘာသာက နံပါတ်ကုန် လိုက်ပြီးတဲ့နောက် စိတ်ဘက်ကိုပါ ကျွမ်းတယ်။ ကမ္ဘာကတော့ ရုပ်ရဲ့ ဆက်စပ်မှုတွေကို နားလည်ပြီးတဲ့နောက် အသုံးချကာ လူမှုရေးဆိုင်ရာ ကိရိယာ တန်ဆာပလာတွေကို တီထွင်ဖန်တီးရင်းနဲ့ လူ့သမိုင်းကြီးကို ကျေးဇူးပြုတယ် ဆိုရင်လည်း ကျေးဇူးပြုသလို ဖြစ်နေတာပေါ့။

ဒါကတော့ အသိပညာဆိုင်ရာ နှစ်မျိုးကို နှစ်မျိုးစလုံး ရှိတဲ့အနက် တစ်မျိုးကို ဗုဒ္ဓဘာသာက နံပါတ်ကုန် လိုက်တယ်၊ စိတ်ပိုင်းဆိုင်ရာပဲ။ ကမ္ဘာက စိတ်ပိုင်းဆိုင်ရာကို နံပါတ်ကုန် မလိုက်တော့ဘဲ ရုပ်ရဲ့ ဥပဒေသ တွေကို လိုက်သွားကြောင်း လေ့လာတွေ့ရှိရတယ်။ နှစ်ဦးနှစ်ဖက်တော့ ချီးကျူးစရာ ကောင်းပေမယ့် အကျိုးအရှိဆုံးကတော့ ဗုဒ္ဓဘာသာရဲ့ စိတ်ဟာ အချည်းနှီးဆိုတာကို နားလည်တဲ့ အသိပညာက ပိုမိုပြီးတော့ ထူးချွန် မြင့်မြတ်ကြောင်းကို တွေ့ရှိ၊ နားလည်၊ ခံစားလာရပါတယ်။

 

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism & Science and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *