မှန်တာလေးလောက်တော့ ပြောပေးဖို့ကောင်းပါတယ် —

DSC_0061copy
မှန်တာလေးလောက်တော့ ပြောပေးဖို့ကောင်းပါတယ် —
အဘိဓမ္မာ တတိယနှစ်ကျောင်းသားက မေးတယ်တဲ့ —
“နိဗ္ဗာန်ကို ရုပ်နာမ်နဲ့သွားလို့ ရသလားဆိုတာကို စာရေးဆရာတစ်ယောက်ကတော့ မရဘူးလို့ပြောနေလို့ တပည့်တော်တို့ သင်ရတာကတော့ ရတယ်ဆိုတော့ ဘယ်ဟာယူရမှာလဲ”
လို့ မေးမြန်းလျောက်ထားတယ်။
ဒီအခါ ဆရာသမားလုပ်သူက “အေး သင်ထားတဲ့အတိုင်း ယူပေါ့ကွာ”
လို့ ဖြေလိုက်တယ်တဲ့ ဒါက တော်တော် မသင့်တော်တဲ့ အဖြေတစ်ခုပဲ။
နိဗ္ဗာန်ကို ရုပ်နာမ်နဲ့ သွားလို့မရဘူးဆိုတာ မြတ်စွာဘုရားက အတိအလင်း ဟောထားတော်မူတာပဲ။ ရုပ်နာမ်က ဒုက္ခတုံးပဲ။ နိဗ္ဗာန်က ချမ်းသာစစ် ချမ်းသာမှန်။ ဘယ်လိုလုပ်စံဝင်နိုင်မှာလည်း။ ဒါကို ရုပ်နာမ်နဲ့တော့ သွားလို့မရဘူး ဆိုတာလောက်တော့ ပြောပေးဖို့ကောင်းပါတယ်။ ဒီလိုပြောမပေးတော့ တကာ တကာမတွေလည်း ထင်ယောင်ထင်မှားတွေဖြစ်။ ကိုယ်ကတော့ ပရိသတ်စုတာပေါ့လေ ဒါပေမယ့် မမှန်မကန် ပြောတဲ့အခါကျတော့ ကျန်တဲ့ပရိသတ်လည်း နာတာပေါ့။
အဘိဓမ္မာကျောင်းသားလည်း သေတာပေါ့။ အဘိဓမ္မာသင်ပြီး ရုပ်နာမ်နဲ့ နိဗ္ဗာန်သွားလို့ရတယ်လို့ ယူထားရင်ကတော့ သေဖို့ပဲရှိတော့တယ်။ ဒီတော့ ဒါလေးတွေက ဘာသာ သာသနာမှာ မှန်တာကန်တာလေးတွေ အထိုက်အလျောက်ဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်း ပြောမိထားရင်တော့ ကောင်းတာပေါ့။ ဒီလိုမှပြောမိမထားရင် ဗုဒ္ဓဘာသာ သူတော်စင်တွေ နိဗ္ဗာန်ရောက်ကြောင်းလိုက်တာ အရမ်းအခက်အခဲဖြစ်သွားနိုင်တယ်။ ရုပ်နာမ်နဲ့ သွားလို့ရတယ် ထင်မှတ်မှားသွားရင် သေရောပေါ့။
ရုပ်နာမ်ဆိုတာ ဒုက္ခ သွေးပြည်သလိပ် ဝဋ်ကောင်ပဲ။ နိဗ္ဗာန်ဆိုတာ အင်မတန် သန့်ရှင်းတယ် မွန်မြတ်တဲ့ ချမ်းသာစစ် ချမ်းသာမှန် တည်ရာပဲ။ ဒါတွေလောက်ကတော့ အခြေခံအားဖြင့် ရှင်းရှင်းလင်းလင်းလေး နားလည်ထားရင်ကောင်းတာပေါ့။ ဒါကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက တာဝန်ရှိရှိ သစ္စာသိသိ ပြောပေးဖို့ကောင်းရဲ့သားနဲ့ မပြောဘူး။ ဘာဖြစ်လို့လဲ။ ပရိသတ်ရဲ့ ခင်မင်လေးစားမှုကို မက်နေလို့ပဲနေမှာပဲ။ ဒီလို မက်လို့တော့ ဘယ်ဟုတ်မလဲ တရားကို ပိုမက်ရမှာပေါ့။ တရားကို မက်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့ပါတယ်။
ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)

No tags for this post.
This entry was posted in Buddhism. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *