တရားတော်သည်သာ

Share

တရားတော်သည်သာ

စာရေးသူတို့သည် ဆရာ့အဆုံးအမအောက်၌ ကျင်လည်ကျက်စားခွင့်ရခဲ့ရာ “တရားရခြင်းသည် အရာရာထက် အရေးအကြီးဆုံးဖြစ်သည်” ဟူသော အဆုံးအမကို ခံယူခဲ့ကြသည်။ ထို့ကြောင့် စာရေးသူတို့အဖွဲ့သည် တရားရခြင်းကိုသာ အဓိကထား အလေးပေး၍ ကျင့်ကြံကြိုးစားကြသည်။ တခြားအရာများကိုမူ အထူးအလေးပေး၍ ကြိုးစားခွင့် မကြုံခဲ့ကြချေ။ တစ်နည်းအားဖြင့် “တရားရလျှင် အရာရာပြီးသည်” ဟူ၍ပင် ခံယူချက် ရှိထားကြသူများ ဖြစ်သည်။ ထို့ကြောင့်လည်း တစိုက်မတ်မတ် ကြိုးစားကြရာ စာရေးသူတို့ အဖွဲ့သည် အထူးကျင့်ကြံ၊ ကြိုးစား၊ အားထုတ်ကြသော အဖွဲ့တစ်ဖွဲ့ ဖြစ်လေသည်။ ဝေဒနာနုပဿနာမှ ၊ ဓမ္မနုပဿနာအထိ အထူးပင်ကြိုးစား အလုပ်လုပ်ကြသည်။ ယင်းကြိုးစားချက်များကိုမူ ပြောပြ၍ မကုန်နိုင်လောက်အောင်ပင် များပြားလျှက်ရှိသည်ဟု ခံစားမိလေသည်။

ဆရာမြတ်ကြီးသည် အကျင့်သမားကြီးဖြစ်ရာ စာရေးသူတို့သည် ကျင့်ရလေသည်။ ကျင့်မှသာလျှင် နှစ်ခြိုက်တော် မူသောသဘော ဆရာသမားက ခံယူသတ်မှတ်ထားတော်မူရာ မိမိတို့သည် အထူးပင် အကျင့်ကို ဦးစားပေး အလေးပေးခဲ့ကြသည်။ တရားအားထုတ်စဉ်ကတော့မူ ကျင့်ကြံချိန်သည် တော်တော် ကြာသည်၊ တစ်နာရီဝန်းကျင်မျှဖြစ်သည်။ ထိုအခါ ခြေမျက်စိများ ကျွဲပုခုံးကဲ့သို့ အမာရွတ်များ တက်လာကြ သည်။ နောင်သော် စိတ္တာနုပဿနာ ကျင့်ကြသည်။ ထိုအခါ အချိန်သည် ထိုမျှ မကြာတော့ချေ။ စိတ္တာနုပဿနာ ကျင့်ရသောအဆင့်တွင် ဝေဒနာနုပဿနာကျင့်ရသော အချိန်ကဲ့သို့ မကြာတော့ချေ။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ခန့်နှင့် တစ်ကြောရှင်းတတ်လေသည်။

ထိုအခါ စာရေးသူတို့သည် လွန်စွာသက်သာလေသည်။ တရားထိုင်ခြင်းကိုလည်း မကြောက်ရွံ့တော့ချေ။ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်မျှသာဖြစ်၍ ရင်ကော့၍ ထိုင်လေ့ရှိကြသည်။ တစ်နာရီဝန်းကျင် ထိုင်ခဲ့ရသော စာရေးသူတို့၏ အလေ့အကျင့်သည် ဆယ့်ငါးမိနစ်ထိုင်ရသောအခါ လွန်စွာမှ သက်သာလွယ်ကူ ပေါ့ပါးသည် ဟု အောက်မေ့ခဲ့ကြလေသည်။

ထိုမှတစ်ဆင့် စိတ္တာနုပဿနာမှ ဓမ္မနုပဿနာသို့ ကူးရလေသည်။ ဓမ္မနုပဿနာမှာမူ သိမ်မွေ့နက်ရှိုင်းသည်၊ နူးညံ့သည် ထို့ကြောင့် လွန်စွာသမာဓိရှိရသည်။ အခါအားလျှော်စွာ တရားအားထုတ်ရင်းပင် အိပ်ငိုက်တတ် သည်။ ယင်းကား အရှုခံတရားသည် နူးညံ့သွားသောကြောင့်လည်း ဖြစ်သည်၊ ဓမ္မာနုပဿနာသည် နူးညံ့လှလေသည်။ ကျင့်ဖူးသောပုဂ္ဂိုလ်များ နားလည်ကြမည်ဖြစ်ပါသည်။ ထိုမှတဆင့် ဓမ္မနုပဿနာ ချုပ်ဆုံးအောင် အရမ်းကြိုးစားကြရာ စာရေးသူတို့ အဖွဲ့သည် အကျင့်၌ လွန်စွာပြောင်မြောက်သည်ဟု ပြောရပေလိမ့်မည်။

အကျင့်ခန်းမှာမူ အံ့မခန်းလောက်အောင် ကျင့်ကြံ၊ ကြိုးကုပ်၊ အလုပ်လုပ်ရလေသည်။ ထို့ကြောင့် စာရေးသူတို့သည် လက်တွေ့ကျင့်စဉ်လုပ်ငန်းခွင် အပိုင်း၌ ပိုင်သည်။ ဆိုရေးရှိက ဆိုအပ်လှလေသည်။ ကျင့်ထားသဖြင့် ပိုင်သည်။ ပိုင်သောအခါ ပိုင်သကဲ့သို့ ပြောတတ်ဟောတတ်လေသည်။ စာရေးသူတို့သည် ပြောတတ်ဟောတတ်သဖြင့် ပြောတတ်ရန်ကော ဟောတတ်ရန်ကောဟူ၍ပင် အပြစ်တင်ခြင်းကို ခံရခြင်းအပိုင်း၌ ခံရသည်၊ ချီးကျူးခံရသော အပိုင်း၌လည်း ချီးကျူးခံရသည်။

မည်သို့ဆိုစေ မှန်သောအရာဖြစ်၍ မှန်သောစကားကို ပြောရာ၌ စာရေးသူတို့သည် နောက်မတွန့်ချေ။ ပညာရှိသူတော်ကောင်းများ၏ အဆုံးအမ၌ တည်သောကြောင့်လည်း စာရေးသူတို့သည် လမ်းစဉ်အတိုင်း ပြောတတ်ဟောတတ် ကြလေသည်။ ဤကား စာရေးသူတို့၏ အခြေအနေများပင် ဖြစ်လေသည်။ ယခုတိုင်လည်း ပြောနေ ဟောနေဆဲဖြစ်သည်။ စာရေးသူတို့သည် ထူးထူးခြားခြား ကျင့်သုံးဆောက်တည် ခဲ့သဖြင့် ထူးထူးခြားခြား အတွေ့အကြုံများကို ရရှိသည်ဖြစ်ရာ ပြော၍မကုန်နိုင်အောင်ပင် များပြားနေတော့ သည်။ အခါအားလျှော်စွာ ပြောကြားဖွင့်အံ၍ အတွေ့အကြုံသတင်းများကို တင်ပြပေးပါမည်။

တရားတော်သည် နက်ရှိုင်းသည်နှင့်အမျှ သိမ်မွေ့သည်၊ ခက်ခဲသည်၊ အံ့သြဖွယ်ရာကောင်းသည်။ တရားကြိုးစားသောအခါ မတွေ့ကြုံဖူးသော အတွေ့အကြုံများကို တွေ့ကြုံတတ်လေ့ရှိသည်။ ဤကား ဓမ္မတာပင်ဖြစ်သည်။ စာရေးသူတို့၏ အတွေ့အကြုံများကိုမူ ထူးခြားသည်ဖြစ်သဖြင့် အခါအားလျှော်စွာ ကြိုကြား ကြိုကြား တင်ပြပေးလိုကြောင်း သတင်းပေးပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *