အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 35

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၆)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

နိဗ္ဗာန်အကြောင်း သိကောင်းစရာ

 

နိဗ္ဗာန်သည် ဗုဒ္ဓဘာသာသူတော်စင်တို့၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်လေသည်။ ထို နိဗ္ဗာန်သို့ ၀ိပဿနာ ကျင့်စဉ်ဖြင့် သွားရလေသည်။ ၀ိပဿနာကျင့်ရာ၌ ဉာဏ်ပညာသည် အရေးကြီးလေသည်။ ဉာဏ်ပညာကို တည်ဆောက်ရာ၌ …

(၁) ဘုရားတရားအပေါ် ယုံကြည်ခြင်း၊

(၂) တရားတော်ကို လေ့လာနာယူခြင်း၊

(၃) ထိုသို့လေ့လာထားသော တရားတော်တို့ကို မမေ့မလျော့ခြင်း နှင့်

(၄) အကျိုး အကြောင်း ဆင်ခြင်ခြင်း တို့ ပါဝင်ကြလေသည်။

အခြားတစ်ဖက်မှာလည်း ဓမ္မဿပူဇ၀ံတာ မဟာပညာဝံသော ဟူသော သဘောရှိလေသည်။ တရားတော် ကို ပူဇော်လျှင် ဉာဏ်ပညာကြီးမားနိုင်လေသည်။ မိမိ၌ရရှိထားသော ဉာဏ်ပညာကို ကြီးမားစေရန် မိမိကိုယ်တိုင် လည်း ကြံဆအပ်လေသည်။

လူသည် နိဗ္ဗာန်သို့ မျက်မှောက်ပြုသောအခါ ဉာဏ်ပညာကို အသုံးပြုရလေသည်။ `စတုမဂ္ဂ ဉာဏေန သစ္ဆိကာတဗ္ဗံ´ `မဂ္ဂဖလာန မာလမ္ဗဏဘူတော အသင်္ခတ ဓမ္မော´ ဟူသောသဘောလည်း ရှိလေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုရာ မဆိုထားနှင့်။ ၀ိပဿနာကျင့်စဉ်ကို ကျင့်ရာ၌ပင် `တော နပဿတိ´ ဟုဆိုကြလေသည်။ ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ခန္ဓာဟု မှတ်ယူ၍ တရားမကျင့်ရချေ။ `ပရတော ပဿတိ´ မိမိခန္ဓာကိုယ်ကို သူစိမ်းပြင်ပြင်ထား ၍ တရားရှုရလေသည်။ သို့မှသာ အနတ္တဉာဏ် ဆိုက်နိုင်ပေမည်။ တရားကျင့်ရာ၌ အနတ္တဉာဏ်သည် လွန်စွာ အရေးပါ အရာရောက်လေသည်။ အနတ္တဉာဏ်ကို ဒုက္ခဉာဏ်မှလည်းကောင်း၊ အနိစ္စဉာဏ်မှ လည်းကောင်း ကူးယူ ရရှိနိုင်လေသည်။ ရုပ်နာမ်သည် ဒုက္ခဖြစ်နေသောအခါ ဘာလို့ ဒုက္ခဖြစ်ရတာလဲ … သုခဖြစ်ပါလား … သုခဖြစ်စေ … ဟု အမိန့်ပေးချင်၍ မဖြစ်နိုင်ချေ။ ယင်းသို့မဖြစ်နိုင်ခြင်းသည် မပိုင်သောကြောင့် ဖြစ်သည်။ ရုပ်နာမ်ကို မပိုင်အပ် ကြောင်းနားလည်လျှင် အနတ္တဉာဏ်နှင့် နီးစပ်သွားပြီ မဟုတ်ပါလား။ အနတ္တဉာဏ်ကို အနိစ္စမှလည်း တိုးတက်ကူး ယူနိုင်လေသည်။ ဒုက္ခရုပ်နာမ်ကြီး ပျက်စီးသွားသောအခါ ဘာလို့ပျက်စီးရတာလဲ … မပျက်နဲ့လေ … မြဲနေလေ … တံ့နေလေ … ငါလွှမ်းမိုးသလိုခံလေ … ငါထိန်းချုပ်ထားချင်တယ် မပျက်စီးရအောင် ဟု ဆန္ဒပြု၍ မရနိုင်ချေ။ ပျက်ချင်သလိုပျက်သွားသော ရုပ်နာမ်ကို မပျက်ရဘူးဟု အမိန့်ပေး၍ မရနိုင်ချေ။ ဤအသိသည် အနတ္တဉာဏ် အသိဖြစ်သည်။

ဤနေရာ၌ စိတ်နှင့်ဉာဏ်ကို ခွဲခြားတင်ပြလိုသည်။ စိတ်သည် ကုန်ဆုံးအပ်သော သဘောရှိ၏။ ဉာဏ်သည်ပွားများအပ်သော သဘောရှိလေသည်။ စိတ်သည် နာမ်ဓာတ်ဖြစ်၍ ခန္ဓာ၏ အစိတ်အပိုင်းဖြစ်သည်။ ဒုက္ခသစ္စာအဖြစ် ရှုမြင်အပ်သည်ဖြစ်၍ ပိုင်းခြားနားလည်အပ်၊ ကုန်ဆုံးစေအပ်လေသည်။ ဉာဏ်သည် ကြီးမားတိုး တက်အပ်သည်ဖြစ်၍ ပွားများအပ်၊ ဆင်ခြင်အပ်လှလေသည်။ `ပညာသတိ၊ မရှိသောသူ၊ အပြစ်ထူ၏´ ဆိုရာ၌ ပညာသည် ဉာဏ်နှင့်တွဲ၍နေလေသည်။ လောကုတ္တရာဉာဏ်သည် နိဗ္ဗာန်စံသောအခါ စိတ်အပါအ၀င် ခန္ဓာကိုယ် တစ်ခုလုံးကို ပယ်စွန့်ခဲ့ရလေသည်။ နောက်ဆုံးတွင် လောကုတ္တရာဉာဏ်သည် ခန္ဓာကိုယ်အပါအ၀င် သုံးဆယ့်တစ် ဘုံကြီးကိုပါ အပြီးအပိုင်ပင် စွန့်ခဲ့ရသည်သာဖြစ်သည်။ ထို့ကြောင့် ဉာဏ်သည် အရေးကြီးကြောင်း ထင်ရှားလေ သည်။ စိတ်ကို စိတ်အတိုင်းထား ဟူသောဝါဒသည် ဗုဒ္ဓ၀ါဒ မဟုတ်ချေ။ စိတ်သည် အနိစ္စဖြစ်သည်ဟုဆိုမှ ယထာ ဘူတ ကျပေမည်။ စိတ်သည် ထားအပ်သောအရာမဟုတ်ချေ။ ပိုင်းခြား၊ စွန့်ပယ်၊ သတ်ဖြတ်အပ်သော အရာမျှသာ ဖြစ်လေသည်။ စိတ်ရှိနေ၊ ဖြစ်နေသေးလျှင် နိဗ္ဗာန်သို့ စံနိုင်မည်မဟုတ်ချေ။ ။ သံသရာလည်၍ ဒုက္ခရောက်နေမည် သာ ဖြစ်လေသည်။ သူ့နေရာသူပြန်ထား ဟူသော စကားသည်လည်း ဗုဒ္ဓ၀ါဒနှင့် မပတ်သတ်ချေ။ ဤလောက၌ မည်သည့်အရာမဆို ပျက်စီးနေသည်။ ထိုမှသာ ဗုဒ္ဓ၀ါဒနှင့် ကိုက်ညီနိုင်လေသည်။ သဗ္ဗေ သင်္ခါရ အနိစ္စ ဟူသော စကားရှိလေသည်။ ကုန်ဆုံးသွားသော အချိန်သည် ပြန်မလာနိုင်တော့ချေ။ အစားထိုးမည့် အချိန်ပိုင်းများကိုသာ မျှော်လင့်နိုင်လေသည်။ ၀ယဓမ္မာ သင်္ခါရာ ပင်ဖြစ်သည်။ အစားထိုးသည့် သင်္ခါရများလည်း ပျက်ကြရမည်သာ ဖြစ်သည်။ `ယေဓမ္မာ ဟေတုပ္ပဘ၀ါ´ အကြင်ဖြစ်ရပ်၌ အကြောင်းသည်ရှိ၏။ ဖြစ်ရပ်တိုင်း၌ အကြောင်းသည် ရှိလေသည်။ ကြောင်းကျိုးဆက်စပ်မှုတရားကို ဗုဒ္ဓ၀ါဒက လက်ခံလေသည်။ သို့သော် တရားသေသဘောမျိုး မဟုတ်ချေ။ ပစ္စုပ္ပန် အကြောင်းခံတရားကိုပါ ထည့်တွက်ရလေသည်။ အတိတ်သည် အနာဂတ်ကို ပြီးပြည့်စုံစွာ ကြိုးကိုင်ပြီးမဟုတ်ချေ။ ပစ္စုပ္ပန်လုပ်ဆောင်ချက်ဖြင့် အနာဂတ်ကို ပြုပြင်နိုင်လေသည်။ ထို့ကြောင့် ဗုဒ္ဓ၀ါဒသည် စက်ယန္တရားဆန်သော ၀ါဒမျိုး မဟုတ်ချေ။ လွတ်လပ်စွာ လုပ်ဆောင်ချက် အပြည့်အ၀ရှိလေသည်။ အခါအား လျော်စွာ ပစ္စုပ္ပန်တည့်တည့်သည် အဆုံးအဖြတ်ကို ကြီးစွာပြုနိုင်လေသည်။ ဗုဒ္ဓ၀ါဒ၌ ပစ္စုပ္ပန်သည် အရေးပါ အရာရောက်လှသည်သာတည်း။

နိဗ္ဗာန်ကို မျက်မှောက်ပြုရာ၌ ဘာမှမသိခြင်းမျိုး မဟုတ်ချေ။ ဘာမှမသိခြင်းသည် ဘာမှကောင်းမည် မဟုတ်ချေ။ နိဗ္ဗာန်၌ လွတ်မြောက်မှုအရသာ ရှိလေသည်။ သမုဒ္ဒရာရေသည် ငန်သောအရာသာရှိသကဲ့သို့ ဖြစ်သည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုရာ၌ ဉာဏ်ဖြင့်ဝင်စားခြင်း ဖြစ်လေသည်။ နိဗ္ဗာန်သည် အသိခံတရား ဖြစ်လေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်တို့သည် သိသောတရားဖြစ်လေသည်။ နိဗ္ဗာန်ကို မျက်မှောက်ပြုရာ၌ လွတ်မြောက်မှုကို သိနေခြင်းဟု ယူနိုင်လေသည်။ နိဗ္ဗာန်၌ အခြားသော ဂုဏ်ရည်များလည်း ရှိသည်။ ဥပမာ … ငြိမ်သက်ခြင်းလက္ခဏာ၊ ထိုငြိမ်သက်ခြင်းမှ ရွေ့လျောမှုမရှိခြင်း ရသ၊ အဆိုပါ နိဗ္ဗာန်၌ ရုပ်နာမ် သဏ္ဌာန်နိမိတ် ကင်းဆိတ်မှု စသည်တို့ ရှိကြလေသည်။ နိဗ္ဗာန်သည် လောကီအာရုံ အားလုံးမှလည်း ကင်းဆိတ်လေသည်။ နူးညံ့သည်၊ သိမ်မွေ့သည်၊ အသိခက်သည်၊ နက်ရှိုင်းသည်၊ ခိုင်းနှိုင်းစရာ ထပ်တူထပ်မျှ ဥပမာ ဤလောက၌မရှိ။ ပကတိ ပရမတ္ထအားဖြင့် ထင်ရှားရှိသည်။ သာမန်မျက်စိဖြင့် မမြင်ရ။ ဉာဏ်ဖြင့်သာ ထိုးထွင်းသိမြင်နိုင်သည်။ ဤသို့ အစရှိသော ဂုဏ်ရည်တို့ကိုလည်း ၀င်စားနိုင်သည်။ အချုပ်အားဖြင့် ချမ်းသာခြင်းမျိုးစုံတို့ စုပုံတည်ရှိရာပင်တည်း။ သုံးဆယ့်တစ်ဘုံသည် ဆင်းရဲမျိုးစုံ စုပုံရာပင်တည်း။ သာသနာတော်တွင်း၌ မျက်မှောက်ပြုနိုင်အောင် ကြိုးစားသင့် ကြသည်သာတည်း။

နိဗ္ဗာန်သည် ဒုက္ခကို ဒုက္ခဟု မသိသောကြောင့် ထိုဒုက္ခအားကပ်ငြိနေသော အစေးတို့မှ ကုန်ရာ ဖြစ်သည်။ နိဗ္ဗာန်၌ ဒုက္ခကို ကပ်နေသော အစေးမရှိချေ။ ထိုအစေးတို့မှဝေးရာ၊ ကုန်ရာ၊ ခန်းရာ၊ ချုပ်ရာဖြစ်သည့် နိဗ္ဗာန်သည် ဒုက္ခမရှိခြင်း ခန္ဓာမရှိခြင်းတည်း။ ဒုက္ခသည် အကြောင်းမဲ့ မရှိရသည်မဟုတ်ချေ။ ဒုက္ခကိုမလိုချင်သဖြင့် ထိုဒုက္ခကိုဖြစ်စေသော သမုဒယတဏှာ အစေးကို ပယ်သောကြောင့် ဒုက္ခပြယ်သွားရခြင်းဖြစ်သည်။ ဒုက္ခသေသော အခါ ထိုဒုက္ခအား သေစေနိုင်စွမ်းသော ဉာဏ်အားသည် ဖြစ်ပေါ်လာရ၏။ ယင်းကား မဂ်ပင်တည်း။ သမုဒယကို သတ်ခြင်းသည် မဂ်ကိုတည်ဆောက်ခြင်းပင်တည်း။ သတ်လိုက်ရသည်မှာ သမုဒယ၊ သေသွားသည်မှာ ဒုက္ခ၊ ဒုက္ခ သေလျှင် သုခပင်ဖြစ်သည်။ ဒုက္ခအမှန်သေသော် သုခသည် နိဗ္ဗာန်သာတည်း။

နိဗ္ဗာန်၌ ဘာမှမရှိဟု အချို့က ဆိုကြသည်။ နိဗ္ဗာန်၌ ဒုက္ခမရှိ၊ ရုပ်နာမ်မရှိ၊ ကိလေသာမရှိ၊ တဏှာ မရှိ၊ လောကဓံမရှိဟု ဆိုနိုင်၏။ သို့သော် နိဗ္ဗာန်၌ ချမ်းသာခြင်းသည် ရှိ၏။ လွတ်မြောက်ခြင်းသည် ရှိ၏။ တရား အရသာသည် အားလုံးသောအရသာတို့ကို လွှမ်းမိုးနိုင်သည် မဟုတ်ပါလား။ ထို့အတူပင် နိဗ္ဗာန်ချမ်းသာသည် အားလုံးသောချမ်းသာမှုတို့ကို လွှမ်းမိုးနိုင်ရမည်သာတည်း။ နိဗ္ဗာန်သည် ချမ်းသာ၏။ ချမ်းသာခြင်း အတိပြီး၏။ နိဗ္ဗာန်ကို ချမ်းသာသည်ဟုဆိုရာ၌ မည်သူသည် ကန့်ကွက်ချင်ပါသနည်း။ မကန့်ကွက်ပါနှင့်။ ကန့်ကွက်လျှင် မှား လိမ့်မည်။ နိဗ္ဗာန်သည် ပန်းတိုင်တစ်ခုဖြစ်သည်။ နိဗ္ဗာန်သည် မျက်မှောက်အပြုခံတရားဖြစ်သည်။ မျက်မှောက် ပြုခြင်းအတွက် ဉာဏ်သည် ရှင်သန်တက်ကြွခြင်းဘက်မှ ရပ်တည်သည်။ ကတ္တားဘက်မှ ဉာဏ်သည် ရပ်တည်သည်။ ဉာဏ်က မျက်မှောက်ပြုခြင်းအလုပ်ကို လုပ်ဆောင်သည်။ နိဗ္ဗာန်က မျက်မှောက်ပြုခြင်းကို ခံယူရ သကဲ့သို့ ရှိသည်။

ဝင်တစ်ဦးအတွက် နိဗ္ဗာန်ကို မသိသင့်ဟု မည်သူဆိုဝံ့ပါသနည်း။ လူသည် နိဗ္ဗာန်မသိလို့ ဘာကိုသိရမှာနည်း။ ကိလေသာတဏှာကို သိရမှာလား။ နိဗ္ဗာန်ကို ပိတ်ပင်သူသည် မာရ်နတ်ဖြစ်သည်။ နိဗ္ဗာန်သည် ခန္ဓာအဆုံးမှာ ရှိသည်။ ခန္ဓာသည် ဒုက္ခဖြစ်ရာ ဒုက္ခဆုံးမှသာ သုခရနိုင်သည်။ ဒုက္ခချုပ်အောင် ဒုက္ခကို အပျက်ရှုရသည်။ ဒုက္ခကို အပျက်ရှုခြင်းသည် ဒုက္ခကို မလိုချင်သောကြောင့် ဖြစ်သည်။ ဒုက္ခကို မလိုချင်ခြင်းသည် သမုဒယကို ပယ်သတ်ခြင်းဖြစ်သည်။ ဒုက္ခကိုမလိုချင်လျှင် သမုဒယကို ပယ်သတ်ပါ။ သမုဒယကို ပယ်သတ်လို လျှင် ဒုက္ခကို အပျက်ရှုပါ။ ဒုက္ခကို လက်မခံပါနဲ့။ ဒီဒုက္ခဟာ အပျက်တရားပါဟု နှလုံးသွင်းပါ။ အနိစ္စလက္ခဏာ တင်ပါ။ ဤလုပ်ငန်းသည် နိဗ္ဗာန်ကိုသိနိုင်သော ခန္ဓာဆုံးစေနိုင်သည့် နည်းလမ်းမှန်ပင်ဖြစ်သည်။

နိဗ္ဗာန်ဝင်စားခြင်းသည် အပျက်တရားတို့ကို မမှီခိုခြင်းဖြစ်သည်။ ရုပ်နာမ်တို့သည် ၊ တဏှာကြောင့် အပျက်တရားများကို လိုလားနေကြသည်။ နိဗ္ဗာန်သို့ မျက်မှောက်ပြုခြင်းသည် အပျက်တရားများအပေါ် မခံစားပဲ၊ အပျက်တရားအားလုံးကို မျက်ကွယ်ပြု ကျောခိုင်းလိုက်ခြင်းဖြစ်သည်။ အရိယာတို့သည် နိဗ္ဗာန်စံဝင်ခြင်း၌ မရောင့်ရဲကြချေ။ ကြာမျိုးငါးပါးနှင့် ပြည့်စုံသောရေကန်၌ ဟင်္သာတို့သည် ပျော်ကြသည်။ ထို့အတူ အရိယာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ပိုင်ရှင်တို့သည် နိဗ္ဗာန်ကို စံဝင်လိုကြသည်။ တရားအရသာသည် အားလုံးသောအရသာတို့ကို အောင်နိုင်သည် မဟုတ်ပါလား။ နိဗ္ဗာန်သည် ဘုရား၊ ရဟန္တာတို့၏ လားရာ၊ အောင်းရာ၊ မှီခိုရာ၊ ကိန်းရာ၊ သက်ရောက်ရာဖြစ်သည်။  စစ်မှန်သော ဗုဒ္ဓဘာသာဝင်တို့သည် နိဗ္ဗာန်သို့ အဘယ့်ကြောင့် မျက်မှောက်မပြုပဲ နေချင်ကြပါမည်နည်း။ မျက်မှောက်ပြုချင်ကြသည်သာ ဖြစ်မည်။

ရုပ်နာမ်သည် မမြဲသောတရားဖြစ်သည်။ နိဗ္ဗာန်သည် မြဲသောတရားဖြစ်သည်။ ရုပ်နာမ်သည် ဖြစ်ကြောင်း ရှိသည်။ နိဗ္ဗာန်၌ ဖြစ်ကြောင်းမရှိ။ ပကတိ အံ့သြဖွယ်ရာတည်ရှိနေခြင်းဖြစ်သည်။ အထင်အရှား တည်ရှိနေခြင်း လည်းဖြစ်သည်။ နူးညံ့သည်နှင့်အမျှ အသိခက်စွာ  တည်ရှိနေခြင်းဖြစ်သည်။ နိဗ္ဗာန်သည် လွန်စွာမှ ၀င်စားဖွယ် ကောင်းသော ဓာတ်တစ်မျိုးပေတည်း။

အချို့က နိဗ္ဗာန်၌ ဘာမှမရှိဟု ဆိုချင်ကြသည်။ ဘာမှမရှိဟု ဆိုခြင်းထက် ဘာဒုက္ခမှ မရှိဟု ဆိုခြင်းက အဓိပ္ပာယ်ပိုပြည့်စုံသည်။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာန်၌ ချမ်းသာစစ်ရှိသည်။ လွတ်မြောက်ခြင်းရှိ သည်။ ထို့ကြောင့် နိဗ္ဗာန်၌ ဘာမှမရှိဟု မဆိုသင့်။ ဘာကိလေသာမှ မရှိ။ ဘာရုပ်နာမ်မှ မရှိ။ ဘာလောကဓံမှ မရှိ။ ရုပ်နာမ်မရှိသဖြင့်လည်း အိုခြင်း၊ နာခြင်း၊ သေခြင်းတို့မှ ကင်းဆိတ်သည်။ တဏှာဖြစ်ပေါ်စရာလည်း အကြောင်း မရှိချေ။ နိဗ္ဗာန်သည် အမြတ်တကာ့အမြတ်ဆုံး ဓာတ်ကြီးပေတည်း။ နိဗ္ဗာန်သည် အနုတ္တရ အသင်္ခတ ဓာတ်ကြီး ပေတည်း။ ပြုပြင်စီရင် အစားထိုးမှုများမှ ကင်းဝေးလေသည်။ နိဗ္ဗာန်သည် ချမ်းသာခြင်း၏ အဓိကအလိုအပ် ဆုံးသော ထောက်ကူချက်ဖြစ်သည်။ မည်သူမဆို နိဗ္ဗာန်ကို ၀င်စားလိုက်လျှင်ပင် ချမ်းသာစစ်ကို တွေ့ရှိတော့သည် သာတည်း။ နိဗ္ဗာန်သို့ မ၀င်စားသေးသမျှလည်း ချမ်းသာစစ်ကို ခံစားရသည်ဟု မဆိုနိုင်။ ထို့ကြောင့် ချမ်းသာစစ် ချမ်းသာမှန်ကို စံမြန်းလိုသူ၊ သိရှိနားလည်လိုသူသည် နိဗ္ဗာန်ကို သိနားလည်နိုင်စေရန် အဆောတလျှင် ကြိုးစားအားထုတ် အလုပ်လုပ်သင့်သည်သာတည်း။

ဆက်လက်ဖော်ပြပါမည်။

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *