အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 34

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၅)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

ဓမ္မအောင်လံ

ပညာဆိုတာ ဉာဏ်ကထွက်တာဘဲ။ ဉာဏ်ဆိုတာ ခန္ဓာကိုမြင်ရတယ်။

ခန္ဓာက ပညာကို မထုတ်နိုင်ဘူး။ (သို့မဟုတ်) တိုက်ရိုက်မထုတ်နိုင်ဘူး။ မြတ်စွာဘုရားက စက္ခုံဥဒပါဒိ၊ ဉာဏံဥဒပါဒိ ဟောပြီးမှ ပညာဥဒပါဒိလို့ ဟောတော်မူတယ်။ လူတော်တော်များများက ပညာနဲ့ သညာ၊ ပညာနဲ့ ၀ိဉာဏ် မကွဲကြရှာဘူး။ လွယ်တဲ့ ကိစ္စ တော့လည်း မဟုတ်ဘူး။ ပညာက အလင်းရှိတယ်။ Light, Bright, Might ပေါ့။ ပညာမှာ သိရုံသာမဟုတ်ဘဲ မြင်တဲ့သဘောလည်းပါတယ်။ (ဉာဏ်ကလာတယ်ဆိုတော့ မြင်တယ်ဆိုတာ ရှင်းပါတယ်) ။ သိမြင်တယ်၊ မြင်သိတယ်ပေါ့။ အလင်းနဲ့ တွဲ၍မြင်သိတယ်။ သိမြင်တယ်ပေါ့။ ပညာရဲ့ရှေ့မှာ ဉာဏ်ရှိပြီး၊ နောက်မှာ ၀ိဇ္ဇာရှိတယ်။ ဒီတော့ ဉာဏ်မှာ မြင်တယ်၊ ၀ိဇ္ဇာကျတော့ ထွင်းဖောက်တယ်။ ဒီကြားထဲ မြင်ပြီးထိုးထွင်းဖို့ ကြိုးစားတဲ့သဘော လက္ခဏာပါတယ်။ မြင်တယ်ဆိုတာ ထင်တာမဟုတ်ဘူးဆိုတာ စာရှုသူသိပြီးသားမို့ ဒီနေရာမှာ ရှင်းရတာ လွယ်တယ်။ ထင်တာကတော့ Blind ပါ။ မှားတာများပါတယ်။ အသိနယ်ပယ်ကို လိုက်စားရာမှာ မြင်ဖို့၊ ထိုးထွင်း ထွင်းဖောက်ဖို့ လိုက်စားသင့်တယ်။ ထင်တာရမ်းပြီး မလိုက်စားသင့်ဘူး။ ဆရာကောင်းလိုတယ်လို့ ဒါကြောင့် ပြောရတာပေါ့။

ပညာမှာလည်း ချေနိုင်တဲ့ စွမ်းပကားတွေရှိပြီး ဖြစ်ပျက်တွေကို ချေသလိုပေါ့။ ရုပ်တွေချေ၊ သုညတဖြစ်။ ပုံသဏ္ဌာန်တွေချေ၊ အနိမိတ္တဖြစ်၊ ပုံစံကင်းဆိတ်မှုတွေဖြစ်။ နောက်ဆုံး မုန်းခြင်း၊ ဆုံးခြင်းတွေတွဲသွားပြီး ၀ိဇ္ဇာဖြစ် သွားတာ၊ ထိုးထွင်းသိမြင်သွားတာပေါ့။ ၀ိဇ္ဇာမဖြစ်ခင် ပညာရဲ့ အားကမသေးဘူး။ သူက ငါးခုမှာ အလယ်လတ်ပဲ။ ရှေ့မှာ အမြင်နဲ့ဉာဏ်။ နောက်မှာ ထွင်းဖောက်မှုနဲ့အလင်း။ ဒီကြားထဲမှာ အရေးပါလှတဲ့အရာ။ ဒါပညာပဲ။ ရောက်ရပါလို၏ ဟု အများသူငါ ဆုတောင်းတတ်ကြလေသည်။  ရောက်ရန် ရည်သန်ဆုတောင်းကြသော်လည်း ၏အခြေအနေ သဘောသဘာဝကို အနုမာနဖြစ်စေ မှန်းဆသိမြင်နိုင်ခဲဘိသည်။ ယခုမူ ၏ သဘောသဘာဝ၊ သုံးဆယ့်တစ်ဘုံနှင့် ခြားနားပုံ၊ သီးခြားကင်းလွတ်နေပုံတို့ကို အနည်းငယ် ရှင်းလင်းတင်ပြ လိုပါသည်။

နိဗ္ဗာန်သည် ( နိ + ၀ါန ) ဟု ခွဲခြမ်းလိုက်နိုင်ရာ ကိလေသာကင်းဆိတ်ခြင်းဟု အဓိပ္ပာယ်ကောက်ယူနိုင် လေသည်။ ရုပ်နာမ်ရှိသူတို့၌ ကိလေသာသည် အလိုလို မကင်းဆိတ်နိုင်။ ကိလေသာချုပ်ငြိမ်း ငြိမ်းသတ်စေနိုင်ရန် မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တည်ဆောက်ရလေသည်။ ထိုဉာဏ်များကို မြတ်ဗုဒ္ဓအလိုတော်ကျ မြတ်ဗုဒ္ဓသာသနာ အဆုံး အမအောက်တွင် တည်ဆောက်နိုင်ပါသည်။ နိဗ္ဗာန်သို့ အဆိုပါ ကိလေသာတို့ကို ငြိမ်းသတ်နိုင်စွမ်းရှိသော မဂ်ဉာဏ်၊ ဖိုလ်ဉာဏ် တို့ဖြင့် စံဝင်ရခြင်းဖြစ်လေသည်။ နိဗ္ဗာန်သို့ ရုပ်နာမ်များဖြင့် သွား၍မရချေ။ ထို့ကြောင့် အကြင်သူသည် နိဗ္ဗာန်ရောက်ရပါလို၏ဟု ဆုတောင်းသောအခါ ထိုသူသည် မိမိလက်ဝယ်ရရှိထားသော ရုပ်နာမ်ခန္ဓာကြီး အပြီးအပိုင်ချုပ်ငြိမ်း ရုပ်သိမ်းရပါလို၏ ဟု ဆုတောင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။

ထိုအခါ နိဗ္ဗာန်ကောင်းသည်ဟုဆို၍ ရောက်ရန်ဆုမွန်ကောင်းတောင်းပါသည်။ ဤခန္ဓာကိုယ်ကိုတော့ ချုပ်ငြိမ်းရုပ်သိမ်းရန် ဆုမတောင်းဝံ့ပါဟု ဖြစ်လာနိုင်လေသည်။ စောစောက `ခုတင်ခု´ ဆုတောင်းခဲ့သည်များ မှားလေပြီလားဟု မိမိဘာသာ မှားယွင်းစွာ သံသယ၀င်ကောင်း ၀င်လာပါလိမ့်မည်။ နိဗ္ဗာန်ရောက်ရန် ဆုတောင်း ခြင်း၌ မှားယွင်းခြင်းမရှိပေ။ သို့သော် နိဗ္ဗာန်၏ ချမ်းသာပုံ၊ လွတ်မြောက်ပုံ၊ ရုပ်နာမ်၏ ဆင်းရဲပုံ၊ မပိုင်အပ်ပုံတို့ကို အနုလုံ ပဋိလုံ ခြုံငုံဆင်ခြင်နိုင်ဖို့ လိုအပ်ပေသည်။

နိဗ္ဗာန်၌ ရုပ်နာမ်မရှိချေ။ သို့မှသာ သဘာဝကျပေမည်။ အမှန်အကန်လည်း နိဗ္ဗာန်၌ ရုပ်နာမ်မရှိချေ။ ရုပ်နာမ်သည် သုံးဆယ့်တစ်ဘုံထဲ၌သာ ရှိသည်။ ရုပ်နာမ်သည် ပျက်စီးနေသည်ဖြစ်ရာ မပျက်စီးသော နိဗ္ဗာန်သို့ သွား၍မရချေ။ နိဗ္ဗာန်က မည်သည့် ရုပ်နာမ်ကိုမှ လက်ခံလိမ့်မည်မဟုတ်ချေ။ ရုပ်နာမ်သည် ဒုက္ခအတိပြီး လေသည်။ ဆင်းရဲသော ရုပ်နာမ်သည် ဆင်းရဲချုပ်ရာ၊ ချမ်းသာရာ နိဗ္ဗာန်ထဲသို့ ၀င်၍မရချေ။ ထို့ပြင် ရုပ်သည် လည်းကောင်း၊ နာမ်သည်လည်းကောင်း သင်္ခတဓာတ်ဖြစ်သည်။ အစားထိုးနေသည်။ အဟောင်းအဟောင်း ချုပ်ငြိမ်းသည်ဖြစ်၍ အသစ်အသစ်ပြန်ပြန် ဖြစ်နေသည်။ ဒီသဘောမျိုး အသင်္ခတ နိဗ္ဗာန်၌မရှိ။ နိဗ္ဗာန်သည် ပကတိချုပ်ငြိမ်းလျက် ရှိသည်။ သင်္ခတတရားတို့မှ လွန်မြောက်သည်။ သုံးဆယ့်တစ်ဘုံသည် အပျက်လောက ဖြစ်သည်။ ထို့ကြောင့် ဘုရား၊ ရဟန္တာများ ခြေကန်စွန့်ပယ်တော်မူကြသည်။ မဟာကရုဏာတော်များဖြင့် ကျွတ်ထိုက်သူများအား နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်များကို လမ်းညွှန်ဟောမိန့်တော်မူကြသည်။ စဉ်းစားကြည့် လေလေ ကြည်ညိုစရာ၊ ကျေးဇူးတင်မဆုံးလောက်စရာ ခံစားရလေလေဖြစ်မည်။ သတ္တ၀ါများထဲ၌ မိမိလည်း ပါသည်။

နှင့် ရဟန္တာကိုယ်တော်မြတ်ကြီးများကသာ တရားမဟော၊ တရားမပြပါက မိမိတို့သည် စုန်းစုန်းနစ်မြုပ်မည်။ စဉ်းစားဝံ့စရာမရှိသော ဘေးဆိုး၊ အန္တရာယ်ဆိုးများဖြင့် မဆုံးနိုင်အောင် ခံစားရမည်။ တွေးဝံ့ စရာပင် မရှိတော့ပေ။ ဤအခြေအနေမှ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးနှင့် ရဟန္တာကိုယ်တော်မြတ်ကြီး တို့က ကယ်ဆယ်၊ ဆွဲတင်တော်မူကြရသည်။ အားရဖွယ်ကောင်းလေစွ။ ဂုဏ်ယူဝမ်းမြောက်ဖွယ် ကောင်းလေစွ။ လူဖြစ်ရကျိုး နပ်လေစွ။ ဉာဏ်ကြီးလျှင် ကြီးသလောက် ၀င်စားပါက ကြီးမားလှစွာသော မေတ္တာ၊ မဟာကရုဏာ တော်နှင့် သစ္စာစွမ်းအင် တန်ခိုးတော်များအကြောင်း ပူဇော်ဦးခိုက်မိပေမည်။ ရတနာမြတ်သုံးပါးသည် ထူးထူးကဲကဲ ဦးထိပ်၌ စွဲမြဲစွာ ပန်ဆင်အပ်သည်သာတည်း။

သုံးဆယ့်တစ်ဘုံသည် အို၊ နာ၊ သေရာ ဌာနဖြစ်သည်။ ဤအကြောင်းကို လက်တွေ့သိပ္ပံပညာရှင်များ လည်း ထောက်ခံကြသည်။ စကြ၀ဋ္ဌာသည် မမြဲချေ။ ဆုံးအံ့မထင်သော အနာဂတ်ဆီသို့ ဦးတည်ရည်မှန်းလျက် ဒုက္ခပန်းလှလှကြီးကို ဆင်မြန်းနှစ်ခြိုက်နေရသည်။ မမြဲခြင်းသည် ရုပ်ရော၊ နာမ်ရော၊ ရုပ်နာမ်ရောဖြစ်သည်။ ဤအချက်ကို သိပ္ပံက ရဲရဲကြီးထောက်ခံလျက်ရှိသည်။ အားလုံးမမြဲကြချေ။ ရုပ်နာမ်သည် မမြဲသဖြင့် ရောဂါ၏ ကျက်စားရာဖြစ်သဖြင့် ဆေးဝါးများရှာဖွေရသည်။ စူးစမ်းလေ့လာနေရသည်။ ရရှိအပ်သာ ရုပ်နာမ်၏ဒဏ်ကို တတ်နိုင်ရုံသက်သာမှုရရန် ဖြစ်သည်။ သို့သော် ရုပ်နာမ်သည် ဒုက္ခမှ မလွတ်ပေ။ ဦးနင်းပဲ့ထောင် ပဲ့နင်းဦးထောင် ရောဂါအမျိုးအစားတစ်ခုပြီးတစ်ခု ပွားလာသည်။ တစ်ခုကုသဆဲ နောက်ထပ်အသစ် ရောဂါတစ်ခု ရရှိလာသည်။ ရောဂါဟောင်းများကို ကုသရန်ကြံရွယ် စူးစမ်းလေ့လာဆဲ၊ အဖြေပင် ရေးရေးမျှသာနားလည်မည်ရှိစဉ် ဟော .. ဗြုန်းဆို နောက်ထပ်ရောဂါဆန်းတစ်ခု ပေါ်ပေါက်လာသည်။ လူသည် ရောဂါအကြွေးထူလွန်းသူဖြစ်၍ ခေါင်းမျှပင် ဖော်ဝံ့စရာ မကောင်းတော့ပေ။ ရောဂါကြီးတန်းလန်းနှင့် မရဏသေမင်းဆီသို့ ချဉ်းနင်းဝင်ရောက် ရပေလိမ့်မည်။ သုံးဆယ့်တစ်ဘုံ၏ သရုပ်မှန် သင်္ကေတဖြစ်ရပ်များပေတည်း။

ထို့ကြောင့် သုံးဆယ့်တစ်ဘုံ ရုပ်နာမ်အစုံစုံအား မကောင်းဟုပြောရခြင်း ဖြစ်သည်။ ထူးဆန်းသည်။ မြတ်စွာဘုရားသည် ဤအချင်းအရာကို သိရှိနားလည် သဘောပေါက်တော်မူခဲ့၍ လွတ်ရာကိုရှာဖွေတော် မူခဲ့သည်။ ဖြည့်ဆည်း၍ ပြည့်စုံပြီးမြောက်တော်မူသောနေ့တွင် သုံးဆယ့်တစ်ဘုံမှ လွတ်ရာကို ရှာဖွေတွေ့ရှိ အောင်မြင်တော်မူခဲ့သည်။ ယင်းမှာ နိဗ္ဗာန်တရားကို နားလည်သိမြင် တွေ့ရှိတော်မူခြင်း၊ သုံးဆယ့်တစ်ဘုံမှာ လွတ်ထွက်ရန်နည်းလမ်း၊ သစ္စာတရားကို နားလည်သိရှိတော်မူခြင်းနှင့် နိဗ္ဗာန်၌ သုံးဆယ့်တစ်ဘုံကဲ့သို့ ဒုက္ခဘေးဆိုး၊ အန္တရာယ်ဆိုးများ မရှိခြင်း စသည်တို့ကို တွေ့မြင်သိရှိတော်မူခြင်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားသည် တရားသိမြင်သဖြင့် ဘုရားဖြစ်တော်မူခြင်း ဖြစ်သည်။

နိဗ္ဗာန်သည် ကောင်းလွန်းမက ကောင်းသည်ဖြစ်၍ ဘုရား၊ ရဟန္တာများ စံမြန်းတော်မူကြခြင်းဖြစ်သည်။ ဘုရား၊ ရဟန္တာများသည် ကိလေသာကုန်ခန်းပြီး ပုဂ္ဂိုလ်များဖြစ်သည်။ အမြတ်တကာ့ အမြတ်ဆုံးသော ပုဂ္ဂိုလ်များ လည်းဖြစ်သည်။ ထိုပုဂ္ဂိုလ်များစံမြန်းရာ နိဗ္ဗာန်သည် အထူးကဲဆုံး၊ အမွန်သန့်ဆုံး၊ အမြင့်မြတ်ဆုံး ဖြစ်သည်။ နိဗ္ဗာန် ၌ ရုပ်နာမ်မရှိချေ။ လူ့လောက၌ ပြဿနာသည် ရုပ်နာမ်သာဖြစ်သည်။ ရုပ်နာမ်မရှိလျှင် ပြဿနာမရှိတော့။ အေးငြိမ်းသွားပေလိမ့်မည်။ ပြဿနာအမျိုးမျိုးတို့သည် ရုပ်နာမ်ကြောင့်သာ ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်သည်။ ရုပ်နာမ်မရှိခြင်းသည် ဒုက္ခချုပ်ငြိမ်းခြင်းပေတည်း။

နိဗ္ဗာန်ရောက်အောင် ဆုတောင်းခြင်းသည် ရုပ်နာမ်ချုပ်ရန် ဆုတောင်းခြင်းပင်ဖြစ်သည်။ အစစအရာရာ သည် ရုပ်နာမ်နှင့်ပတ်သတ်၍သာ ဒုက္ခပင်လယ်ဝေရခြင်း ဖြစ်သည်။ အချို့က ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်ဟု အပြစ်တင်ကဲ့ရဲ့ ပြောဆိုဝေဖန်ကြသည်။ အမှန်မှာ ရုပ်နာမ်ရှိလာသဖြင့် ထိုပြဿနာများ ရှိလာခြင်းဖြစ်သည်။ အဓိက အပြစ်မှာ ရုပ်နာမ်ရှိနေခြင်း အပြစ်သာဖြစ်သည်။ ရုပ်နာမ်ချုပ်မှသာ အစစ အဆင်ပြေလိမ့်မည်။ နောက်ဆုံး အဆင်ပြေဆုံး နိဗ္ဗာန်သို့အထိ စံဝင်နိုင်မည်ဖြစ်သည်။ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ရုပ်နာမ် ချုပ်ဆုံးရန်ကိုသာ ရည်သန်၍ ရှင်သန်ရမည်ဖြစ်သည်။ သို့မှသာ ဘုရား၊ ရဟန္တာ စံမြန်းရာ နိဗ္ဗာန်သို့ အလားတူ စံမြန်းနိုင်မည်ဖြစ်သည်။

နိဗ္ဗာန်ကို ခေမာသောင်ကမ်း ဟုတင်စားကြသည်။ ဤအရာ၌ သိနားလည်စေရန် ဥပမာဆောင်ရခြင်း ဖြစ်သည်။ အမှန်မှာ နိဗ္ဗာန်သည် အသင်္ခတဓာတ်ဖြစ်၍ သင်္ခတနယ်ပယ်မှ မည်သည့်အရာနှင့်မျှ ထပ်တူပြု၍ မရပေ။ ဥပမာတင်စား၍ ရှင်းလင်းဖော်ပြရခြင်းသာ ဖြစ်သည်။ ဤလောက၌ နိဗ္ဗာန်နှင့် ထပ်တူထပ်မျှ တူညီသော အရာ ဘာတစ်ခုမှမရှိချေ။ နိဗ္ဗာန်သည် ဤလောက၏ လွန်ရာ၌သာ ရှိသည်။ နိဗ္ဗာန်သို့ သွားတော့ သွားရပေလိမ့် မည်။ အဘယ်ကြောင့်ဆိုသော် အမှန်ရှိသော အမြတ်ဆုံးချမ်းသာရာဓာတ် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ နိဗ္ဗာန် သည် ဆင်းရဲခြင်းကင်းကုန်ရာသာမက ချမ်းသာရာလည်း ဖြစ်သည်။ နိဗ္ဗာန်သို့ စံမြန်းသော ဖိုလ်ဉာဏ်သည် ချမ်းသာခြင်းအတိပြီးသည်။ ` နိဗ္ဗာနံ ပရမံ သုခံ´ နိဗ္ဗာန်သည် မြင့်မြတ်သောချမ်းသာခြင်းပေတည်း။ အနုတ္တရ ဓာတ် ဖြစ်၍ အမြတ်ဆုံးသော ဓာတ်ပင်ဖြစ်သည်။

နိဗ္ဗာန်ကို မြတ်စွာဘုရားများ စတင်တွေ့ရှိတော်မူခဲ့ခြင်း ဖြစ်သည်။ နိဗ္ဗာန်သည် ထူးခြားအံ့သြဖွယ်ကောင်း သော ပရမတ္ထဓာတ်ပေတည်း။ ထိုဓာတ်ကြီးကို မြင်သိနိုင်စေရန် ဉာဏ်မျက်စေ့ ရှိရပေလိမ့်မည်။ ဉာဏ်မျက်စေ့ ဆိုသည်မှာ အမှန်အကန်ကို ထိုးထွင်းသိမြင်နိုင်သော ဉာဏ်ပညာစွမ်းရည်ကို ဆိုလိုပေသည်။

 

ဆက်လက်ဖော်ပြပါမည်။

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *