အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ -32

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၂၃)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

တော်မြတ်ကို အားကိုးနိုင်သည်

မိမိမှာ ကံထူးသူဖြစ်လေသည်။ ဆရာမြတ်ထံ ချဉ်းကပ်ခွင့် ရခဲ့သည်။ ဘ၀ကို အပ်နှံပုံပြခဲ့သည်။ ဤစွန့်စားမှုသည် မိမိအတွက်သာ ဖြစ်သည်။ တဖြည်းဖြည်း အသိပညာရင့်ကျက်ခဲ့ သည်။ ဖြည့်ဆည်းတော်မူခဲ့ရသည်ကို မိမိ တစ်စတစ်စ သိရှိနားလည်လာသည်။ ပါရမီတော်ကို ပူဇော်မိခြင်းသည် `ရွှေ´ ပင်ဖြစ်သည်။ ရုပ်နာမ်ကို ငါထင်သမျှ `အချည်းနှီး´ နှင့်တိုးရမည်။ ရုပ်နာမ်အကြောင်း တော်တော်သိလာသည်။ သာသနာတော်မြတ်ကြီး အကြောင်းကိုလည်း တစ်စေ့တစ်စောင်း သိရှိနားလည်လာသည်။ ဤဂုဏ်ရည်များသည် တန်ဖိုး ရှိလှသော အသိတရားများပင်ဖြစ်သည်။ တစ်ပါးသူကိုပင် သာသနာအရိပ်အောက် ခိုကိုးရန် စေတနာ ရှိသည်။ သာသနာ့အရိပ်သည် အေးမြကြောင်း သိတန်သရွေ့ သိနားလည်ခွင့် ရခဲ့ပြီမဟုတ်ပါလား။

အတ္တကို ခွာလေလေ သာသနာနှင့် နီးလေလေဖြစ်သည်။ သာသနာနှင့် နီးစပ်နိုင်ရန် ၏ အဆုံးအမများကို တစ်စေ့တစ်စောင်း ဖောက်သည်ချကြည့်ချင်သည်။ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ် မြတ် အကျော်အမော်၏ အဆုံးအမများကို ကြိုးစားရေးသား ဖော်ပြရသဖြင့် မူလသဘာဝအတိုင်း အပြည့် အ၀ မပီပြင်လျှင် ခွင့်လွှတ်စေချင်ပါသည်။

စာရေးသူသည် ဆရာမြတ်ကို ဖူးတွေ့ရကတည်းက တရားဓမ္မကို အစဉ်တစိုက် လိုက်နာကျင့်ကြံ ခဲ့လေသည်။ ခြံထဲတွင် ဆရာမြတ် ဧကစာကျင့်နေရာ မိမိနေ့စဉ်မပြတ် ချဉ်းကပ်ခဲ့လေသည်။ အချို့ရက် ညပိုင်း တရားအားထုတ်ကြရာ ညဥ့်နက်မှန်းမသိ ညဥ့်နက်ခဲ့လေသည်။ ထိုစဉ်က တရားအားထုတ်ဖော် များပါ ရှိလေသည်။ စုဝေး၀ိုင်းဖွဲ့ တရားအကြောင်း သစ္စာ၊ သာသနာ၊ ဘုရား၊ ရဟန္တာများအကြောင်း ပြောကြ၊ ဟောကြ၊ ဆွေးနွေးကြရာ မိုးလင်းခါနီးအထိ ဖြစ်လေသည်။ ထိုအခါ အိမ်မှ အိမ်ထောင်သည် ဇနီးက မကြည်မဖြူ ဖြစ်လေသည်။ မိမိသည် လက်မလျော့၊ အားမလျှော့ပေ။ အစဉ်တစိုက် ချဉ်းကပ် အားထုတ်လေရာ နောက်ဆုံးတွင် ဆရာမြတ်ကြီး၏ ခြေတော်အစုံကို ဦးတိုက်နိုင်သည်အထိ ဖြစ်လာ လေသည်။ ယင်းအချက်သည် စာရေးသူ၏ အောင်ချက်ပင်ဖြစ်လေသည်။ ဘာကိုမဆို စွန့်စား၍ တရား အားထုတ်မည်။ ဆရာမြတ်ကြီးထံ မပြတ်မလပ်ရအောင် နေထိုင်ကျင့်ကြံခဲ့လေရာ နောင်သော် အောင်မြင် ခြင်းကို ယင်းပေးဆပ်မှုများက အကြောင်းခံခဲ့သည်သာတည်း။

မိမိသည် အခါမလပ် ဆင်ခြင်အပ်သော ဉာဏ်ပညာအကြောင်း ကောင်းကောင်းမသိချေ။ နားလည်း မလည်ချေ။ သို့သော် ဆရာမြတ်ကြီးဆုံးမတော် မူခဲ့ဖူးလေသည်။ ယင်းအချက်ကိုတော့ မိမိ ကောင်းကောင်း မှတ်မိလေသည်။ ထို့ကြောင့် ပြန်လည်ရေးပြနေခြင်းလည်း ဖြစ်လေသည်။ ဆရာမြတ် ကြီးသည် အခါမလပ် ဆင်ခြင်အပ်သော ဉာဏ်တော်ကို ပိုင်ဆိုင်တော်မူသည်ဟု စာရေးသူ ယုံကြည်မိ လေသည်။ အထူးလည်း ကြည်ညိုရင်းစွဲ ရှိသည်။ ထိုဉာဏ်သည် လွန်စွာမှ နက်ရှိုင်းပေမည်။ ထိုသို့ ခန့်မှန်းသဘောပေါက်မိသည်။ ဉာဏ်ကို ယှဉ်သုံး၊ ဉာဏ်ကို လွှာသုံးဟု လူကြီးများ ဆုံးမကြဘူးလေသည်။ ယခုကိစ္စမှာ အခါမလပ်အောင် ဖြစ်လေသည်။ ထို့ကြောင့် တရားရှင်များသာ ဖြစ်နိုင်ကောင်း ဖြစ်နိုင်လိမ့် မည်ဟု ခန့်မှန်းနားလည်ခဲ့လေသည်။ ဆင်ခြင်ဉာဏ်ကို မပြတ်လပ်ရအောင် အာရုံများကို ပယ်စွန့်နိုင်ဖို့ အရေးကြီးပေမည်။ မပြန့်လွင့်သောသတိ၊ မလွင့်ပါးသောသတိ၊ မလျော့နည်းသောသတိများ အကြောင်း ကိုလည်း ဆရာမြတ်ကြီးသည် မကြာခဏ ဆုံးမတော်မူခဲ့ဖူးပြီ မဟုတ်ပါလော။

ဆရာမြတ်ကြီးသည် စကားနည်းသည်။ စကားသိပ်ပြောသည်ဟူ၍ မရှိချေ။ အလုပ်သမားကြီး ဖြစ်သည်။ သူတော်ကောင်းများသည် မလိုအပ်ဘဲ စကားပြောလေ့မရှိကြပေ။ ဤသို့လျှင် နားလည်မိလေ သည်။ အကြောင်းအကျိုးရှိမှသာ စကားပြောလေ့ရှိတော်မူကြသည်။ စကားပြောရာ၌လည်း အပိုပြောလေ့ မရှိကြ။ လိုရင်းကိုသာ မိန့်မှာကြသည်။ တတ်သလိုလို၊ မတတ်သလိုလို၊ တတ်ယောင်ကန်း လုပ်သည်ကို ဆရာမြတ်ကြီးသည် မနှစ်သက်ချေ။ တပည့်ပေါင်းများစွာရှိရာ မှန်ရာကိုသာ ပြောစေသည်။ တရားအား ထုတ်ရာ၌ မကောင်းဘဲနှင့် ကောင်းသယောင်ယောင် လိမ်ညာသည်ကို အားမပေးပေ။ ဟုတ်ရာမှန်ရာကို သာ ပြောဆိုစေသည်။ မြတ်စွာဘုရားသည် ဟုတ်ရာ၊ မှန်ရာ၊ အကျိုးရှိရာကို လုပ်ဆောင်စေသည်ဟု ဆရာမြတ်ကြီးက ဆုံးမဘူးသည်။ အမှန်ကို ထူးထူးကဲကဲ နှစ်သက်တော်မူပုံရသည်။ မကောင်းသည်ကို မကောင်းပါဟု ၀န်ခံလျှင် ကောင်းအောင်ကူညီ ကယ်တင်တတ်သည်။ သဘောကောင်းသော်လည်း တိကျပြတ်သားလေ့ရှိသည်။ အလုပ်လုပ်ခြင်းကို လွန်စွာတန်ဖိုးထားသည်။ သည်းခံရန်၊ ခွင့်လွှတ်ရန်၊ ဆင်ခြင်ဉာဏ်ကိုအသုံးပြုရန် မကြာခဏ ဆုံးမသွန်သင်တော်မူသည်။ ကိလေသာနှင့် မာရ်နတ်နွယ်များ ကို အထူးဂရုစိုက် တိုက်ထုတ်ပစ်ရမည်ဟု တပည့်များအား ဆုံးမဖူးသည်။

တစ်ချိန်က စာရေးသူအား `အလုပ်၊ တာဝန်၊ ၀တ္တရား´ ဟု သုံးခွန်း သင်ပေးတော်မူသည်။ စကား လုံးများ၏ အဓိပ္ပာယ်ကို သိတန်သရွေ့ သိသည်။ သစ္စာရှာဖွေသူသည် အလုပ်လုပ်ရမည်။ တာဝန် ထမ်းဆောင်ရမည်။ ၀တ္တရား မပျက်ကွက်ရပေ။ သစ္စာရှာဖွေသူတစ်ချို့ကို ဆရာမြတ်ကြီးက ဤသို့ ကောက်ချက်ချဖူးသည်။ `ရည်မှန်းချက်တော့ ကောင်းပါရဲ့၊ လုပ်နည်းလုပ်ဟန် မှားနေတယ်´ ရည်မှန်းချက်မှာ သစ္စာသိဖို့ ဖြစ်သည်။ သို့သော် အများသူငါသည် သစ္စာရှာဖွေရာ၌ မပေးဆပ်နိုင်ကြ၊ မပေးဆပ်တတ်ကြ၊ `အလုပ်၊ တာဝန်၊ ၀တ္တရား´ များကို အချက်ကျကျ ဆောင်ရွက်မှု ပါရမီမပြည်စုံကြ။ ထိုအခါ ရည်မှန်းချက် ကောင်းသော်လည်း ထိုရည်မှန်းချက်သို့မဆိုက် မတတ်နိုင်အောင် ဖြစ်ခဲ့ကြ ရသည်။

( ဆရာ၏ အထူးဆုံးမချက် ) ဆင်းရဲခြင်း၏ အဆုံး၌ ချမ်းသာခြင်းရှိသည်။ မပိုင်ခြင်း၏ အဆုံး၌ ပိုင်ခြင်းရှိသည်။ ဆရာမြတ်ကြီးသည် ဤသို့ ဆုံးမတော်မူခဲ့သည်။ မည်သူ သဘောပေါက်ပါသနည်း။ ထူးခြားသော ပါရမီရှင်များ အတွက်သာဖြစ်ပေလိမ့်မည်။ ဖြစ်ပျက်ကို ဆုံးအောင်ကြည့်ဖို့ ကလည်း  ဆုံးမတော်မူခဲ့ဖူးသည်။ ဖြစ်ပျက်သည် ဒုက္ခဆုံးလျှင် သာသနာအရိပ် အောက်သို့ ခိုလှုံခွင့် ရလိမ့်မည် မဟုတ်ချေ။ ဒုက္ခသည် ဆုံးပါ၏။ ယုံကြည်ပါ၊ ယင်း၏နောက်ကွယ်တွင် သုခရှိသည်။ မမြဲသောတရားများသည် နောက်ဆုံး၌ ဆုံးပါ၏။ ယုံကြည်ပါ၊ ထိုမမြဲခြင်း၏ နောက်ကွယ် တွင် မြဲခြင်းရှိလေသည်။ မပိုင်ခြင်းသည် ဆုံးပါ၏။ ယုံကြည်ပါ၊ ထိုမပိုင်ခြင်း၏ နောက်ကွယ်တွင် ပိုင်ဆိုင်ခြင်း ရှိလေသည်။ ဒုက္ခအဆုံးတွင် ဒုက္ခမရှိ၊ သုခသာရှိ၏။ ဆရာမြတ်ကြီးသည် ဤသာသနာ၌ ထူးချွန်သော ပုဂ္ဂိုလ်မြတ်ကြီးတစ်ပါးပင် ဖြစ်သည်။ ထို့ကြောင့် အဆိုအဆုံးမများသည်လည်း ထူးချွန် ပြောင်မြောက်လှသည်။ ဉာဏ်ပညာ လွန်စွာပါသော အဆိုအဆုံးမများလည်း ဖြစ်ကြသည်။ ဆရာမြတ်ကြီးသည် ပုဂ္ဂိုလ်ထူးကြီးဖြစ်လေရာ ပြသမျှ လုပ်သမျှ အရာရာတို့သည် အထူးပင်နက်ရှိုင်း၍ တန်ဖိုးအနဂ္ဃ ထိုက်တန်လှသည်။ စာရေးသူသည် အထူးရင်းရင်းနှီးနှီး ဆရာမြတ်ကြီးနှင့် အတူ နေခဲ့ရလေရာ ထူးခြားသော အခွင့်အရေးများကို ရရှိခဲ့သည်။ ထို့ကြောင့်လည်း ဓမ္မမိတ်ဆွေများအား အခါအားလျော်စွာ လက်ဆင့်ကမ်း ၀ါဒဖြန့်ခဲ့သည်။ ဆရာမြတ်ကြီး၏ အဆုံးအမများသည် တစ်လုံး ဆိုတစ်လုံး ထိထိမိမိ အကျိုးအာနိသင်ရှိသည်။ အဖိုးလွန်စွာ ထိုက်တန်သည်။ မိမိဘ၀သည် အောင်ပန်း အလီလီ ခံခဲ့ရ၍ ဆရာမြတ်ကြီးနှင့် ကင်းသည်ကို လုံးဝမရှိချေ။ ဆရာမြတ်ကြီး၏ အဆုံးအမ အသွန် အသင်  လမ်းညွှန်မှုအောက်မှသာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ အောင်မြင်ခြင်း၏ သော့ချက်များ လှို့ဝှက် ချက်များကို အခါအားလျော်စွာ မှတ်တမ်းပြုနေရာ ဤစာစုများသည်လည်း ယင်းမှတ်တမ်းများထဲမှ တစ်စိတ်တစ်ဒေသတို့ပင် ဖြစ်ပါကြောင်း။

ဤအကြောင်းကို ပရိသတ်က မကန့်ကွက်ဟု မျှော်ကိုး၍ ရေးပါသည်။ ကိုယ်ရေးကိုယ်တာ ဆန်နေပါက ခွင့်လွှတ်ကြပါရန် လူတိုင်းတွင် လိုချင်သော `ဆု´ရှိကြပေမည်။ စာရေးသူမှာ သူတော် ကောင်းတို့၏ အချစ်ကို လွန်စွာခံယူရရှိလိုသည်။ အထူးသဖြင့် မြတ်စွာဘုရားနှင့် ဆရာမြတ်ကြီးတို့၏ ချစ်ခြင်းကို ခံယူရရှိလိုသည်။ ဆရာမြတ်ကြီးသက်တော်ထင်ရှားရှိစဉ်က ဤဆုကို ဖွင်ဟ၍ပင် တောင်းခံ ခဲ့သည်။ သို့သော် ဆရာသည် ချစ်ကြောင်းသိပ်မပြ။ အဆူအငေါက် အငမ်းများသာ ခံခဲ့ရသည်။ ဆရာ့ကို ဖေဖေဟု သဘောထားရာ ဖေဖေဆူသမျှ ကျေနပ်နေမိသည်။ ပညာရသည်ဟုပင် ခံယူတတ်ခဲ့သည်။ အမှန်မှာလည်း အဆူခံရခြင်းဖြင့် ပညာရခဲ့သည်သာ ဖြစ်သည်။ သူတော်ကောင်းများသည် အကြောင်းမဲ့ မဆူချေ။ လိုအပ်သောကြောင့် ဆူခြင်းဖြစ်သည်။ ဤအချက်ကို ကောင်းစွာသဘောပေါက်ခဲ့သဖြင့် ဆူလျှင် ပညာယူလိုက်သည်။ `အော် — ဒီနေရာ ဒီလိုမဟုတ်ဘဲကို´ နှလုံးသွင်းမှန်ကန်အောင် ကြိုးစား ထားရှိခဲ့ရသည်။ ထို့ကြောင့် ဆရာကချစ်မှန်းသိသဖြင့် အဆူကိုခံနိုင်ခဲ့သည်။ သို့သော် အချော့ကိုတော့ လွန်စွာမှ မျှော်လင့်မိသည်။ ဆရာသည် ချော့ခဲလှသည်။ အကြောင်းအမျိုးမျိုးကြောင့် စာရေးသူသည် အချော့မခံခဲ့ရချေ။ အငေါက်အငန်းသာ ခံခဲ့ရသည်။ ယခုတော့မူ ဆရာမိမိကို ယုံကြည်သက်ဝင်ခဲ့ပြီ။ နားလည်သဘောပေါက်ခဲ့ပြီ။ သူတော်ကောင်းများ မိမိကိုချစ်သည်ကို သိခဲ့ရ၊ နားလည်ခဲ့ရလေပြီ။ ထို့ကြောင့် ဂုဏ်လည်းယူမိသည်။ ၀မ်းလည်းသာမိသည်။ မိမိသည် ကိုယ်လိုချင်သော ဆုကိုရရှိနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ဘ၀တစ်ခုအတွက် လူဖြစ်ရကျိုး နပ်သည်ဟု ခံယူနားလည်တင်ပြလိုပါတော့သည်။

ဆရာမြတ်ကြီးသည် မိမိအား `ဆု´ တစ်ခုပေးတော်မူခဲ့သည်။ ထိုဆုမှာ `ငါ ဆုံးမသွန်သင် ဟောကြားခဲ့သော တရားဓမ္မ အဆုံးအမများကို မင်းအမှတ်မိဆုံးပဲ´ ဟူ၍ဖြစ်သည်။ စာရေးသူသည် လွန်စွာမှ ၀မ်းမြောက်ခဲ့၊ သာဓုခေါ်ခဲ့လေသည်။ အခြားဉာဏ်ကောင်းသော ဆရာ့တပည့် အကျော်အမော် များ ရှိချေသည်။ မိမိသည် ထိုဆုကို ဘာနှင့်မျှ လဲလှယ်လိမ့်မည် မဟုတ်ချေ။ လွန်စွာဂုဏ်ယူသော  ဆု ဖြစ်သည်။ ဆရာမြတ်ကြီးသည် ပေးခဲ၊ မိန့်ခဲသည်။ ထိုနေ့က အထက်ပါ ဆုတော်ကို ချီးမြှင့်ပေးသနား တော်မူခဲ့ရာ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာ ပီတိဖြာလျက် ရင်မှာငြိမ်းအေးချမ်းသာသော အရသာကိုပါ ခံစားနေမိသည်။ ဆရာမြတ်ကြီး ဆုံးမတော်မူသည်များကို မှတ်လည်းမှတ်မိသည်။ ထို့ကြောင့်လည်း ဤမျှ ဖောက်သည်ချနိုင်ခြင်း ဖြစ်သည်။ ဆရာမြတ်ကြီးသည် မိမိ၏ ရွှေတောင်ကြီးပင် ဖြစ်သည်။

ဆရာမြတ်ကြီးသည် တပည့်များအပေါ် လွန်စွာမှ စောင့်ရှောက်တော်မူသည်။ သစ္စာရှိသော တပည့်များအတွက် အထူးသစ္စာရှိ၍ အားကိုးယုံကြည်အပ်သော ထူးခြားသည့် ဆရာမြတ်ကြီးဖြစ်သည်။ သစ္စာမစောင့်ကြသော တပည့်များကို မဆိုပေ။ သစ္စာစောင့်သိ ရိုသေသော တပည့်အတွက်မူ ထူးထူး ကဲကဲ စောင့်ရှောက်တော်မူသည်။ တာဝန်သိသိ၊ သစ္စာရှိရှိ ချီးမြှင့်ပေးသနား ကြည့်ရှုစောင့်ရှောက်တော် မူသည်။ စာရေးသူသည် ယင်းအချက်ကို ဘ၀ပေး၍ သိနားလည်သည်။ အထူးခံစားခွင့်လည်း ရရှိခဲ့သည်။ ဆရာမြတ်ကဲ့သို့သော ဆရာမျိုးကို နောင်သော်တွေ့နိုင်ဖွယ်ရာ မမြင်တော့ချေ။

ငြိမ်းချမ်းခြင်းသည် ကောင်းလေသည်။ မိမိဤသို့ ယုံကြည်ချက် ပြင်းထန်ထားသည်။ ငြိမ်းချမ်းခြင်း သည် ကြည်လင်ခြင်းနှင့် ဆက်စပ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရာအတွက် နောက်ကျစေမှုကို သတိပြု သင့်သည်။ နောက်ကျိစေလျှင် ငြိမ်းချမ်းမှုအတွက် အနှောင့်အယှက် ဖြစ်နိုင်သည်။ သင့်တင့်စွာ နေတတ် ရန်တော့ လိုပေလိမ့်မည်။ သင့်တင့်စွာ စိတ်ထားရမည်။ နှလုံးသွင်းမှားယွင်းရန် ပတ်ဝန်းကျင်သည် အထူး သဖြင့် ပုထုဇဉ်ပတ်ဝန်းကျင်သည် ထာဝရ လှုံဆော်ခြင်းအမှု ပြုနေနိုင်လေသည်။ သတိယှဉ်နိုင်ပါမှ တော်ကာကျနိုင်သည်။ ငြိမ်းချမ်းခြင်းကို မြတ်နိုးရပေမည်။ တန်ဖိုးလည်း ထားရပေမည်။ အေးအေး ငြိမ်းချမ်းမှုကို ထာဝရလိုလားရမည်။ အမြဲစောင့်ရှောက်နိုင်အောင်လည်း သတိကပ် ဆင်ခြင်ရမည်။ တတ်စွမ်းသမျှ ဆင်ခြင်ခြင်း ဖြစ်ရမည်။ တစ်ခါတစ်ရံ သတိလက်လွတ်စွာ ပြုလုပ်လျှင် ခပ်မြန်မြန် အမှား ပြင်ဆင်ရသည်။ ငြိမ်းချမ်းမှုကိုတော့ လက်လွတ်၍ မဖြစ်ပေ။ ထိုဂုဏ်ရည်သည် အဓိကထားအပ်သော ဂုဏ်ရည်ဖြစ်သည်။ သာသနာကြည်ညိုလျှင် ငြိမ်းချမ်းမှုကို ရှေ့ရှုကြပါစို့ ဟူ၍ – – ။

 

ဆက်လက်ဖော်ပြပါမည်။

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *