အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ – 20

Share

အခေါင်မြတ်ပန်း အောင်ပန်းမွှေးလှိုင်ကြူ

အခန်း(၁၅)

( ဒေါက်တာချစ်ငယ် ၏ ငယ်မူ ကလောင်ခွဲ လက်ရာများ )

ချမ်းသာစေလိုသော စေတနာရှင် မေတ္တာရှင်

အပိုင်း(၁)

ဆရာသည် အမြော်အမြင် သိပ်ကြီးတော်မူလေသည်။ ဉာဏ်ပညာလွန်စွာမှ ထူးခြားထက်မြက် ထွန်းတောက်သော ပညာရှိကြီးဖြစ်လေသည်။ အရာရာကို လေးနက်စွာခံယူ၍ နက်နဲသော အသိတရား ကိန်းဝပ်လေသည်။ မြတ်စွာဘုရားကို ကြည်ညိုရာ၌ အနှစ်သာရပိုင်း အဓိကပိုင်းတို့ကို လုပ်ဆောင် လေသည်။ ပဋိပတ်ကျင့်စဉ် အလုပ်ခွင်ကို ဉာဏ်ယှဉ်၍ ဦးဆောင်တော်မူခဲ့လေသည်။ ဆရာ့ လက်အောက်၌ စာရေးသူတို့လို ၀ိပဿနာ လက်တွေ့ကျင့်သူတွေ ပေါ်ထွန်းခဲ့လေသည်။ စာရေးသူ ကိုယ်တိုင် ဆရာ့ကို မိဘအရင်းလို ချစ်ခင်ကိုးကွယ်ခဲ့လေသည်။ ဆရာကဲ့သို့ပင် မြတ်ဗုဒ္ဓအလိုကျ ဖြစ်စေရန် ရည်သန်ကြိုးစားနိုင်ခဲ့လေသည်။ ဆရာကိုမမီသော်ငြား ဆရာတူတပည့်တပန်း စွမ်းပကားထုတ် သာသနာတော်မြတ်ကြီးအတွက် အလုပ်လုပ်ခဲ့လေသည်။

အမြော်အမြင်ဆိုသည်မှာ ဉာဏ်ပညာမှ ထုတ်လုပ်လိုက်ခြင်း ဖြစ်မည်ဟု စာရေးသူ အနက်ဖွင့် ချင်လေသည်။ ဆရာသည် ဉာဏ်ပညာရှင်ကြီးဖြစ်ရာ ယင်းဉာဏ်ပညာကြီးမှ အမြော်အမြင်များကို ထုတ် လုပ်ဖြန့်လွှင့်သည်ဟု နားလည်နေမိသည်။ ဆရာရှိစဉ်က ဒါ ၊ ဒါ ရှု” ဟု မိန့်တော်မူဖူးလေ သည်။ တဏှာစိတ်ပေါ်လာလျှင် “ဒါ တဏှာ” ချက်ချင်းသတ်၊ ချက်ချင်းရှုဟု အဆုံးအမ ပြုတော်မူလေသည်။ ထို့အတူ အ၀ိဇ္ဇာပေါ်လာလျှင်လည်း “ဒါ အ၀ိဇ္ဇာ” ချက်ချင်းသတ်၊ ချက်ချင်းရှုဟု အဆုံးအမ ပြုတော် မူလေသည်။ ထိုအဆုံးအမများသည် စာရေးသူတို့အတွက် ယနေ့တိုင် လမ်းညွှန်ချက်များ ပေးနေလေသည်။ စာရေးသူတို့လည်း ယနေ့တိုင် ဒါအ၀ိဇ္ဇာ၊ ဒါတဏှာဆိုပြီး ရှုသတ်နေရပေသေးသည်။

ဆရာ၏ အမြော်အမြင် နက်ရှိုင်းကျယ်ပြောပုံတို့မှာ ပြော၍မကုန်နိုင်အောင် ရှိတော့သည်။ ယခု ထက်တိုင်လည်း လိုက်၍မကုန်နိုင်အောင် ရှိပါသည်။ ဒါ အ၀ိဇ္ဇာ၊ ဒါ တဏှာ ချက်ချင်းပိုင်းဖြတ်၍ ရှုရသော ကျင့်စဉ်မှာ စာဖတ်သူလက်တွေ့နည်းယူပြီး ကျင့်ကြည့်ပါ။ မည်မျှ သိမ်မွေ့ကြောင်း၊ အနုစိတ်ကြောင်း၊ သိမြင်နိုင်ရန် ခက်ခဲကြောင်း၊ ကိုယ်တိုင်တွေ့သိနားလည် သဘောပေါက်လာပါလိမ့်မည်။ စာရေးသူ အဖို့ တော့မူ ယင်းကျင့်စဉ်သည် လက်ဖျားခါလောက်အောင် နူးညံပါသည်။ လှို့ဝှက်နက်နဲ၍ အသိခက် ပါသည်။ ခက်လည်း ခက်ပါပေသည်ဟု ယခုထက်တိုင် ၀န်ခံ၍မဆုံးတော့လောက်အောင် အလေးအနက် တန်ဖိုးထားနေကြောင်း ထုတ်ဖော်အပ်ပါသည်။ အထူးသဖြင့် အ၀ိဇ္ဇာသည် လွန်စွာမှ နက်နဲပါသည်။ ကိလေသာထုထည် အားကြီးသူများ ရှုသတ်ရန် မလွယ်ကူသော ရှုကွက်တစ်ကွက် ဖြစ်ပါသည်။

စာရေးသူတို့မှာ ဆရာ၏တပည့်သားသမီးများမို့သာ တစ်ချိန်တစ်ချိန် ရိုးတိုးရိတ်တိတ် ရှုနိုင်၊ သတ်နိုင်၊ ပိုင်းဖြတ်နိုင်စွမ်းသည်များ ရရှိနိုင်ကောင်း ရရှိနိုင်ခြင်း ဖြစ်ပါလိမ့်မည်။ တကယ့် ၀ိပဿနာ သမားများ လက်ဖျားခါလောက်သော ကျင့်စဉ်များဖြစ်ပါသည်။ ယင်းအ၀ိဇ္ဇာနှင့်တဏှာများသည် မိုးကုတ် ဆရာတော်ဘုရားကြီး ရှင်းပြထားသကဲ့သို့ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်၏ အကြောင်းခံတရားကြီးများဖြစ်ရာ ယင်း တို့ကို ရှုသတ်နိုင်မှလည်း ခန္ဓာဆုံးမှာ ဖြစ်ပါသည်။ ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ရပ်လိုက ယင်းအကြောင်းတရားများ ကို သတ်ရမည်ဖြစ်ပါသည်။ လွန်စွာမှ နက်နဲသော တရားတော်များပါတည်း။ ယင်းတို့၏ ရှုနည်းရှုကွက် ဆရာကိုယ်တိုင်ပေးသနား ချီမြှင့်တော်မူခဲ့ရာ စာရေးသူတို့ ယနေ့တိုင် လိုက်၍မဆုံးနိုင်လောက်အောင် နက်နဲလျက်ရှိနေပါသည်။ ဆရာ့အမြော်အမြင် နက်ရှိုင်းမှု၏ သာဓကတစ်ရပ်ပါတည်း။

တစ်ခါက စာရေးသူသည် ပြဿနာတစ်ရပ်၊ ကိစ္စတစ်ရပ်ကို အနုလုံပဋိလုံ ခြုံငုံဝင်စားလျက်ရှိရာ ဆရာသိသည်နှင့် တစ်ပြိုင်နက် – “ဒီကိစ္စမှာ သာသနာ ဘယ်လောက်အမြတ်ထွက်မယ်ဆိုတာ ကြည့်ပြီး ဆုံးဖြတ်ပေါ့ကွာ” ဟု အမိန့်ရှိပါသည်။ ဆရာသည် သာသနာတော်မြတ်ကြီးအတွက်သာ ကြည့်ရှုဆုံး ဖြတ်သည် ဆိုသည်မှာ ထင်ရှားသော သာဓကတစ်ခုဟု မိမိဘာသာ ခံယူနားလည်မိလိုက်ပါသည်။ ဘာကိုလုပ်လုပ် သာသနာ့အကျိုးကိုသာ မျှော်ကိုး၍လုပ်ဆောင်သည်။ သာမည ကိစ္စ၀ိစ္စများကို အကြောင်း မပြုဘဲ အဓိကပိုင်း၊ သာသနာ အကျိုးစီးပွားပိုင်းကိုသာ တွက်တတ်၊ သိတတ်သော ဆရာ၏ အမြော်အမြင်မှာ ထုထည်အင်အား ကောင်းမွန်မြင့်မြတ်လှကြောင်း ကောင်းကောင်းသိနားလည်ခဲ့ ရပါသည်။ မည်သူသည် ကိုယ်ရေးကိုယ်တာထက်ပို၍ သာသနာကို ဦးစားပေး ဆုံးဖြတ်ရဲကြပါမည်နည်း။ ဆရာသည် လွန်စွာမှ အပင်ပန်းခံနိုင်လေသည်။ တစ်ခါက ပိန်းကောလှေငှား၍ ဒုဋ္ဌ၀တီမြစ်ကို ဆန်တက်ဖူးလေသည်။ မြစ်သည် အချို့နေရာများတွင် ရေစီးအထူးသန်လေသည်။ ပိန်းကောလှေကြီး သည် တော်တော်နှင့် ဆန်မတက်နိုင်ချေ။ လှေထိုးသမားများထက် သိမြင်သူဆရာက ဒို့ လှေပေါ် ကဆင်းပြီး ခြေလျင်ပဲ ကမ်းစပ်က လျှောက်လာခဲ့မယ် ဟုဆိုကာ လှေပေါ်က ဆင်းသက်ခဲ့လေသည်။ ဆရာဆင်းသဖြင့် စာရေးသူတို့လည်း လှေပေါ်မှ ဆင်းခဲ့ရလေသည်။ စာရေးသူသည် ထိုစဉ်က ငယ်ရွယ်သေးသော်လည်း ဆရာမှာ မမာမကျန်း ဖြစ်စပြုနေပြီဖြစ်သည်။ ထိုခရီးသည် ဆရာ၏ နောက်ဆုံးခရီးဖြစ်လေသည်။ ထိုခရီးအပြီး များမကြာမီ ဆရာကွယ်လွန်တော်မူခဲ့သည်။ ဆရာ ဆိုဆုံးမရာ၌ တစ်စုံတစ်ယောက် တရားရမည်ဆိုက မိမိရုပ်နာမ် ဖြစ်ချင်ရဖြစ်၊ ထိုပုဂ္ဂိုလ် အကျိုးရှိဖြစ်ထွန်းသွားဖို့ပဲ အရေးကြီးသည်” ဟူ၍ဖြစ်သည်။ စာရေးသူတို့သည် များစွာအားကျ အတု ယူရလေသည်။ ထိုခရီးအပြီးတွင် ပုဂ္ဂိုလ်တော်တော်များများ တရား ရကြလေသည်။

အဖွင့်။ ။                  အပင်ပန်းခံနိုင်မှု …

ဘာ့ကြောင့် အပင်ပန်းခံနိုင်ရသနည်း

စေတနာကြောင့်ပင်

ချမ်းသာစေချင်သော မေတ္တာစေတနာကြောင့်ပင်။

`ငါ ဒီလို ဆင်းရဲချင်ဆင်းရဲပါစေ၊ ငါ အပင်ပန်းခံနိုင်မှ သူပိုချမ်းသာလာနိုင်မယ်။ ဒီလိုဆိုလျှင် ငါ အပင်ပန်းခံထိုက်ပါတယ်။ သူချမ်းသာဖို့ အဓိကပါ။ မြတ်စွာဘုရားသည် သတ္တ၀ါတွေ ချမ်းသာစေချင်လို့ သိပ်ကို အပင်ပန်းခံတော်မူရာ ငါ ပင်ပန်းတာ မပြောပလောက်။ ပြောကို မပြောပလောက်။ ဒီတော့ ပုဂ္ဂိုလ် တစ်ဦး အမှန်တစ်ကယ် ချမ်းသာဖို့ရှိက ကိုယ့်ရုပ်နာမ်ခန္ဓာ ဘာလုပ်မလဲ`

ဤသို့လျှင် ဆရာအဆုံးအမ ပြုတော်မူသည်ကို စာရေးသူတို့ ကြားနာခံယူခဲ့ရဖူးလေသည်။ ဤနေရာ၌ ပုဂ္ဂိုလ်တစ်ဦး တကယ်ချမ်းသာမှနော်။ သူဆင်းရဲနေမည်ဆိုက ကိုယ်အပိုဒုက္ခခံစရာမလို။ ပုဂ္ဂိုလ်တစ်ဦး တရားရမည်ဆိုမှသာ ဒုက္ခခံထိုက်ခြင်းဖြစ်သည်။ သတ္တ၀ါတွေကို မြတ်စွာဘုရားမှ မကယ် မချွတ်လျှင် မကျွတ်နိုင်ဘူး။ ဤစကား အင်မတန်လေးနက်သည်။ အ၀ိဇ္ဇာ၊ တဏှာထုထဲသို့ တိုးကောင်း တိုင်း တိုးဝင်နေကြကုန်သော သတ္တ၀ါများ အ၀ိဇ္ဇာ၊ တဏှာ ကင်းကုန်ရာဦးမတည် မရည်မှန်းနိုင်၊ ခေါင်းမပြူနိုင်၊ မည်မျှ အဖြစ်ဆိုးကြရှာပါသနည်း။ သိတတ်သောပုဂ္ဂိုလ်များက ပို၍အပင်ပန်းခံရခြင်း ဖြစ်သည်။ သို့သော် လိမ္မာလိုသူများအတွက်သာ ဖြစ်သည်။ မိုက်သူများအတွက်မူ ဒုက္ခခံစရာ မလိုပေ။ `သတ္တ၀ါတစ်ဦး ပုဂ္ဂိုလ်တစ်ဦး ချမ်းသာမည်ဆိုက´ ဟူသော အခြေအနေပေးမှု အပေါ်၌သာ မူတည်သည်။ ဘာဖြစ်ဖြစ်ခံမည်ဟူသော သဘောမရှိချေ။ အကျိုးရှိမှသာ အနစ်နာခံမည်ဖြစ်သည်။ ဒုံးသက်သက် မဟုတ်။ မေတ္တာ အမြော်အမြင်နှင့် အပင်ပန်းခံခြင်း ဖြစ်သည်ကို သတိချပ်သင့်သည်။

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *