စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်း

Share

ပုဂံမြို့ရှိဘုရားများ၌ တရားအားထုတ်စဉ် အတွေ့အကြုံများ

စိမ်းညက်ညီအစ်မဘုရား၌တတိယအကြိမ်တရားအားထုတ်ခြင်

ပုဂံမြို့ စိမ်းညက်ညီအစ်မဂူဘုရားမှာ တတိယည တရားထိုင်တဲ့ အတွေ့အကြုံ ဖြစ်ပါတယ်။ ကျွန်တော်ဟာ တရားထိုင်တာ ၀ါသနာပါတယ် ဆိုပေမယ့် ရိုးရိုးသားသားဝန်ခံရမယ်ဆိုရင် သုံးရက်ညတိတိ တရားထိုင်ဖူးတဲ့ ဘုရားတော့ မရှိပါဘူး။ စိမ်းညက်ညီအစ်မ ဘုရားကျမှ သုံးညတိတိ လာတရားအားထုတ်ဖြစ်တဲ့ သဘောပါပဲ။

တရားအားထုတ်ရတာလည်း ကောင်းတယ်လေ တနေကုန် ပူထားတဲ့နေက ညပိုင်းကျတော့ ဧရာဝတီမြစ်က ဖြတ်တိုက်တဲ့ လေအေးလေနဲ့ သမလိုက်တော့ နည်းနည်းအေးသွားတာပေါ့။ ဘုရားကလည်း မီးတွေ ဘာတွေ ပူဇော်ထားတော့ အင်မတန် အဆင်ပြေပါတယ်၊ ညဆိုပေမယ့် အလင်းက ပြည့်စုံတယ်။ ကျွန်တော်လည်း တရားသမားဆိုတော့ တရားထိုင်တာ ၀ါသနာပါတော့ တိုက်ဆိုင် အကြောင်းအကျိုး ညီညွတ်တဲ့ အခါကျတော့ ဒီလိုပဲ ထိုင်ဖြစ်တာပေါ့။ နှစ်ရက်ထိုင်တဲ့ အကြောင်းတော့ ကျွန်တော် အထိုက်အလျှောက် မှတ်တမ်း တင်ပြပြီး ပါပြီ၊ ဒါ တတိယမြောက် ဖြစ်ပါတယ်။

ကျွန်တော်လည်း တရားထိုင်ရတာ နည်းနည်း သဘောကျတာနဲ့ သဘောကျကြောင်းကို ကျွန်တော်နေခဲ့ဖူးတဲ့ ၀ိပဿနာသန္တိသုခကျောင်းက ဆရာတော် ဦးဥတ္တမဆီကို လှမ်းပြီးတော့ သတင်းပေးတဲ့အခါ ဆရာတော် ဦးဥတ္တမက အဖော်တစ်ယောက်ဖြစ်သူ ကိုအေးနဲ့ ကြွလာပြီးတဲ့နောက် ယနေ့ တတိယမြောက်ညကျတော့ ဆရာတော်တစ်ပါးလည်း ပါတာပေါ့လေ၊ အုပ်စုလိုက် တနည်းအားဖြင့်တော့လည်း သိုက်မြိုက် အင်အား ဖြစ်စေတာပေါ့။

တရားထိုင်ရတာတော့ ပျော်စရာကောင်းတယ်။ ဒါကို ကျွန်တော်ပဲ ရဲရဲရင့်ရင့် ပြောတယ်၊ တစ်ချို့က မပြောတတ်ဘူး။ ဘာဖြစ်လို့တုန်းဆိုတော့ ဟာ…ပျော်ရသလားကွာ ပျော်တယ်ရင် ဒါလောကီပဲ ဆိုပြီး ဒီလိုဝေဖန်တာကို ခံရတတ်လွန်းလို့ ပြန်မဖြေတတ်ဘူး ကျွန်တော်ကတော့ ရဲရင့်တယ်။ ပျော်တာပေါ့ ဘာဖြစ်လို့ မပျော်ရမှာလဲ တရားထိုင်တာဟာ ပျော်စရာကောင်းတာပဲ ပျော်တာက အမှားအယွင်းမှ မဟုတ်ပဲနဲ့ ကိလေသာ အညစ်အကြေးမှ မဟုတ်ပဲနဲ့။ ကျွန်တော် မကြာခဏပြောနေတယ်၊ လှူတဲ့ဒါနထဲမှာ တရားလှူတာ အမြတ်ဆုံး၊ အရသာရှိတဲ့ အရသာတကာထဲမှာ တရားအရသာဟာ အရသာအရှိဆုံး၊ မွှေ့လျော်ဖွယ်ရာ ကောင်းတဲ့ အထဲမှာ တရားနဲ့ မွှေ့လျော်တာဟာ အကောင်းဆုံးလို့ ကျွန်တော် မကြာခဏ ကိုးကားပြော နေတာပဲ။

တစ်ချို့ကတော့ ပြောရရင်တော့ မကောင်းဘူးပေါ့၊ ဘာသာဖျက် သာသနာဖျက်တွေက ဗုဒ္ဓဘာသာ လှုပ်ရင်ကို သူတို့က ဝေဖန်ချလိုက်တာ ခေါင်းလေးထောင်လာတာနဲ့ တစ်ခါတည်း ခေါက်ထဲ့လိုက်တာ တော်တော့ ဘာသာရေးသမား ဆိုရင် နောက်ဆုတ်သွားတာတို့ နောက်တွန့်သွားတာတို့ ရှိနိုင်တာပေါ့လေ။ ဒါဟာ အထူးသဖြင့် ကွန်မြူနစ်ဝါဒရဲ့ အကြွင်းအကျန် တွေပဲလို့ ကောက်ချက်ချရင်တော့ ရမှာပဲ။ သူတို့တစ်တွေဟာ ဘာသာကို အညွန့်တစ်လူလူ မဖြစ်အောင် တနည်းနည်းနဲ့ ရိုက်ချိုးဖျက်ဆီးတဲ့ သဘော ရှိတာကိုး…

ကျွန်တော်ကတော့ ရဲရင့်တယ်လေ ယုံကြည်တယ်၊ ထုထည် လုပ်အားလည်း ရှိတယ်ဆိုတော့ ကျွန်တော်က ပျော်တာ ပျော်တာပေါ့ ဘာဖြစ်လဲ အပြစ်ကင်းမဲ့တဲ့ ပျော်တာ၊ တရားအားထုတ်တာ မပျော်ရဘူးလို့ ဘယ်သူ ပြောမလဲ။ အရသာတကာမှာ တရားအရသာဟာ အကောင်းဆုံးပါလို့ ပြောနေတာ တရားအားထုတ်ရတာ ပျော်တာပေါ့။ ဒါကြောင့် ပျော်တယ်၊ ပျော်တော့လည်း ကိုယ့်ရဲ့ ဓမ္မယောဂီ လက်တွဲဖော်တွေကို သတိရတော့ သတင်းပေးရင်းနဲ့တော့ ဒီနေ့ည သိုက်မြိုက်လာတာ ပေါ့လေ။

ကျွန်တော်ကတော့ တရားထိုင်တဲ့အပေါ်မှာ ရဲရင့်တယ်၊ ထိုင်လည်း ထိုင်တယ်၊ ထိုင်လည်း ထိုင်တတ်တယ် မြတ်စွာဘုရားက သတိပဌာန်လေးမျိုး ဟောတာ ကျွန်တော် လေးမျိုးစလုံး ထိုင်တတ်တယ်။ ဒါ ကျွန်တော့ကို ဘယ်လိုလုပ် အပြစ်ပြောမလဲ။ သိပ္ပံပညာရှင်တွေ ပြောသလို လူတစ်ယောက်ဟာ သူတတ်နိုင်သမျှ ကြိုးစား စွမ်းဆောင်နေတဲ့ အခါမှာ ဘယ်လိုလုပ် အပစ်ပြောမလဲလို့ သိပ္ပံပညာရှင်တွေ ပြောလေ့ရှိတယ်။

ကျွန်တော်လည်း ဒီအတိုင်းပဲ၊ ဒါပေမယ့် ကျွန်တော် ဒီမှာ စိမ်းညက်ညီအစ်မ ဂူကျောင်းဘုရားမှာ စိတ္တာနု ပဿနာကို ထိုင်ပါတယ်၊ ပေါ်တဲ့စိတ် ရှုတာပါပဲ။ ကျွန်တော် မြတ်စွာဘုရားကို ခန္ဓာငါးပါးလှူတယ်၊ မြတ်စွာဘုရားနဲ့ ဆရာမြတ်ကြီးကို ဦးထိပ်ထားတယ်၊ နောက် ဟဒယ စိုက်ပြီးတော့ ပေါ်တဲ့စိတ် အနိစ္စတင်တာ ပဲ ပေါ်ချင်တာပေါ် အနိစ္စတင်တာပဲ။

ကျွန်တော် ဟိုတုန်းက သချိုင်းကုန်းတွေမှာ ထိုင်တာကိုလည်း အမှတ်တော့ ရဖူးတယ် ဒီလိုညပေါ့၊ ဒါပေမယ့် သင်္ချိုင်းကုန်းဆိုတော့ မီးမရှိပါဘူး။ အဲဒီတော့ မှောင်တာပေါ့နော် ဖယောင်းတိုင်လေးတွေ လူအရိုးခေါင်း လေးပေါ်မှာ တင်ထွန်းပြီးတော့ ထိုင်ကြတာပေါ့။ ကပ္ပိယတွေကလည်း ရေနွေးကြမ်းတွေ ပါတွေနဲ့ပေါ့၊  စောင့်ရှောက် ကြတာပေါ့။ အဲဒီတုန်းက တရားထိုင်ခဲ့တာ တွေကို သတိရတယ်။ မန္တလေးမြို့တော့ သင်္ချိုင်းကုန်း ကုန်သွားတာပေါ့လေ (ကျွန်ုပ်နှင့်သင်္ချိုင်းကုန်းများဆိုတဲ့စာအုပ်မှာ ဒီအကြောင်းကို ကျွန်တော် အကျယ်တ၀င့် နည်းနည်း ရေးထားပါတယ်၊ စာပေစီစစ်ရေးက ခွင့်ပြုနိုင်လောက်တဲ့ အခြေအနေအတွင်းမှာ ကျွန်တော် ရေးထားပါတယ်)။

ကျွန်တော်တို့ကတော့ ထူးခြားတဲ့ပုဂ္ဂိုလ်လို့ ပြောရင်ရတယ်။ ကျွန်တော်တို့ဟာ ဒီဝိပဿနာပဲ တစ်စိုက် မတ်မတ် လိုက်တဲ့အခါကျတော့ သူများနဲ့တော့ တူမှာမဟုတ်ဘူး။ ဒါ့ကြောင့် မတူတာကိုလည်း ကျွန်တော် နားလည်တဲ့အတွက် မတူရလေခြင်းလို့ ဘေးက အပြစ်တင်ရင်လည်း ကျွန်တော် သူတို့ကို နားလည်တယ်။ ဘာဖြစ်လို့တုန်းဆိုတော့ သုတို့ မသိနိုင်ဘူး။

ကျွန်တော် ဖြတ်သန်းလာခဲ့တဲ့ခရီးက နည်းတာမှမဟုတ်ပဲနဲ့၊ တကယ်တန်းကျတော့ စွန့်စွန့်စားစားတွေလည်း ပါတယ်၊ ချိုးချိုးခြံခြံတွေလည်း ပါတယ်၊ နှိမ့်နှိမ့်ချချ တွေလည်း ပါတယ်၊ ကျစ်ကျစ်လစ်လစ် တွေလည်း ပါတယ်၊ သည်းညည်းခံတာ တွေလည်း ပါတယ်၊ ပြတ်ပြတ်သားသား တွေလည်း ပါတယ်၊ ရဲရဲရင့်ရင့် စွန့်စွန့်စားစား တွေလည်း ပါတယ် ဆိုတော့ ဒါဟာ ရိုးရိုးပုဂ္ဂိုလ်တွေက နားလည် လွယ်မှာ မဟုတ်ဘူး။ နားလည်မလွယ်တာ လွယ်တာထက် ကျွန်တော် တင်ပြစရာရှိတာကို တင်ပြဖို့အတွက် ကျွန်တော့ခံယူချက်နဲ့ ကျွှန်တော် တင်ပြတာ ဖြစ်ပါတယ်။

ကျွန်တော် ဒီစိမ်းညက်ညီအစ်မဘုရားမှာ တတိယမြောက်ည တရားထိုင်တဲ့ အတွေ့အကြုံ လေးတွေကို ဆက်ပြီးရေးပါဦးမယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *