ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-4

Share

ခက်ခဲနက်နဲပါသည်ဟု ဆိုအပ်သော သိပ္ပံပညာရပ်ဆိုင်ရာ နိဒါန်းပိုင်း အခန်းကဏ္ဍ-4

သက်ရှိထင်ရှား ထင်ပေါ်ကြော်ဇောသော စတီဖင်

စတီဖင်ဟော့ကင်းသည် လောလောဆယ် သက်ရှိထင်ရှားလျှက်ရှိသော ထင်ပေါ်ကြော်ဇောသော ပညာရှင် ဖြစ်သည်။ အဓိကအားဖြင့်တော့ သဘောတရားရေရာဆိုင်ရာ ရူပဗေဒပညာရှင် ဖြစ်သည်။ ဟော့ကင်းသည် လေ့လာသူတိုင်း ထူးချွန်သည်ဟု အသတ်မှတ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။

အထူးသဖြင့် သူသည် ဤခေတ်ကို စူးစမ်းရှာဖွေ၍ အထိုက်အလျှောက်တွေ့ရှိသောခေတ်ဟု သတ်မှတ် သည်။ ယင်းကိစ္စကို သူဂုဏ်ယူသည်။ စူးစမ်းရှာဖွေ နေကြသော ခေတ်၌ လူဖြစ်ရသည်မှာ ပျော်စရာကောင်း သည်ဟု မကြာခဏ သုံးသပ်တင်ပြသည်။

သိပ္ပံပညာရှင်တို့သည် စူးစမ်းရှာဖွေမှုတော့ ပြုကြသည်မှာ မှန်ပါသည်။ အသစ်အဆန်းများလည်း တွေ့ရှိကြပါ သည်။ အထူးသဖြင့် မသေချာခြင်းနိယာမနှင့် ပညာ၏ လွှမ်းမိုးမှုကြောင့် သဘာဝ ဆိုင်ရာ အခြေခံဓာတ်သဘာဝ အမှုန်များကိုလေ့လာတွေ့ရှိရာ နောက်ဆုံး၌ (Sum over History) ဟု ခေါ်သော  ဖာမင်၏ အယူအဆသည် ထင်ပေါ်ကြော်ဇောလာသည်။

ယင်းအယူအဆ၏ အဓိပ္ပာယ်မှာ လှေနံဓားထစ်မမှတ်ပါနှင့် အကြောင်းအကျိုးညီညွတ်တိုက်ဆိုင်သလို ဖြစ်ပျက်လာသည့် သမိုင်းစဉ် ဖြစ်တန်ရာချေ အမြောက်အများ ရှိသည်ဟူသော သဘောပင်ဖြစ်သည်။ (Sum over History) ဟု သုံးနှုန်းကြပါသည်။ ယင်းကို နောက်ပိုင်း သိပ္ပံပညာရှင် တော်တော်များများက တန်ဖိုးထား ကြသည်။

သမိုင်းသည် တရားသေ သတ်မှတ်ထားခြင်း မဟုတ်မူ၍ အကြောင်းအကျိုးပေါ်သလို ဖြစ်ပေါ်နိုင်သည်ဖြစ်ရာ သမိုင်းသည် အခြေအနေအမျိုးမျိုးကို ဖြစ်ပေါ်နိုင်သော အလားအလာရှိကြောင်း သတ်မှတ်ခံယူကြသည်။ တနည်းအားဖြင့် တရားသေကို စွန့်လွှတ်လာကြသည်။ အတွေ့အကြုံကို တန်ဖိုးထားကာ လက်တွေ့ဖြစ်ရပ် များဖြင့် စမ်းသပ် သုတေသန ပြုကြသည်။

ထိုသုတေသနပြုမှုများကို အခြေခံ၍ အသစ်အဆန်း သီအိုရီများ ကြိုးစား၍ ထုတ်လုပ်လေ့ရှိရာ ဤခေတ်ကို ဟော့ကင်းတို့ အပါအ၀င် သိပ္ပံပညာရှင်အများအပြားက ဂုဏ်ယူဖွယ်ရာ ကောင်းသောခေတ်၊ ပျော်စရာ ကောင်းသောခေတ်၊ အသိပညာရှာဖွေ စူးစမ်းသောခေတ်ဟု သတ်မှတ်ကြသည်။ အထိုက်အလျှောက် ကြိုးစားမှုနှင့် အထိုက်အလျှောက် အောင်မြင်မှုများ ရရှိကြသည်ဖြစ်၍ မဆိုးဘူးဟု သတ်မှတ်လျှင်တော့ ရသည်ဟု ယူဆလိုပါသည်။

တစ်ခါတစ်ခါတော့မူ စာရေးသူသည် – ဗုဒ္ဓဘာသာသူတော်စင်များ သိပ္ပံပညာရှင်များကဲ့သို့ ၀ိပဿနာတရားကို လက်တွေ့ ကျင့်ကြံ၊ ကြိုးကုတ်၊ အလုပ်လုပ်လျှင် မည်မျှကောင်းပါလိမ့်မည်နည်း – ဟူ၍ စဉ်းစားမိ ဖြစ်ခဲ့ သည်များ ရှိခဲ့ဖူးသည်။ မိမိကိုယ်တိုင်မူ တတ်နိုင်သမျှတော့ ကြိုးစားပါသည်။ ကြိုးစားသမျှလည်း တတ်နိုင် သမျှတော့ တင်ပြပါသည်။

တစ်ခုကောင်းတာကတော့မူ မိမိသည် လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရိုးရိုးသားသား ကြိုးစား တင်ပြနေခြင်း အမှုကိုသာ တာဝန်ယူခဲ့သည်။ ဤသို့ သဘောထားနိုင်သဖြင့် မိမိအား မှန်သည်ဟု သတ်မှတ် ပါ၊ အသိအမှတ်ပြုပါ၊ ထောက်ခံပါဟု တောင်းဆိုခြင်းငှာ မအပ်ဟု ခံယူထားသကဲ့သို့ ရှိသည်။ စာရေးသူ အနေနှင့်မူ မှန်သည်ဟုယူဆသော အတွေ့အကြုံဆိုင်ရာ အသိအမြင်များကိုသာ လက်တွေ့ စမ်းသပ်ပြီး ဖြစ်သော အချက်အလက်များဖြင့် တင်ပြလေ့ရှိကြောင်း စာဖတ်သူများ အကဲခတ်နိုင် ကြပါလိမ့်မည်။

ဟော့ကင်းတို့လက်ထက်မှာ နောက်ဆုံးပေါ် သိပ္ပံတွေ့ရှိချက်တွေကို အခြေပြုပြီး ထူးခြားပြောင်းလဲလာသော အချက်တစ်ခုကတော့ “ကြိုတင်ပြောတယ်” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို အသစ်ဖွင့်ခြင်းပါပဲ။ ကြိုတင် ပြောတယ် ဆိုတာက မှန်တာကို ကြိုတင်ပြောတယ်ဆိုတဲ့ သဘော မဟုတ်တော့ဘူး။ ဖြစ်တန်ရာချေ ရှိတာ တွေကို ကြိုတင်ပြောတဲ့သဘောပါပဲ။ အဲဒီ ဖြစ်တန်ရာချေတွေ ဆိုတာကလည်း ကွမ်တမ်မက္ကင်းနစ် ပညာက ခွင့်ပြုတဲ့ သူ့ရဲ့ အတိုင်းအတာအတွင်းက ဖြစ်တန်ရာချေကို ကြိုပြောတာ ဖြစ်ပါတယ်။

ဒီတော့ ကြိုပြောတယ် ဆိုလို့လည်း ဗေဒင်တွေ၊ လက္ခဏာတွေလို ကြိုပြောတဲ့သဘောမျိုးမဟုတ်ဘူး။ ဖြစ်တန်ရာချေ ရှိခြင်းကို ကြိုပြောတဲ့ သဘောလို့ အဓိပ္ပာယ် ပြန်လာကြတယ်။ ဒီတော့ သိပ္ပံတိုးတက်တယ် ဆိုတာလည်း ဒီလိုသဘောတွေ တိုးတက်တာပါပဲ။ မသေချာခြင်းမှ သေချာခြင်းသို့ ဆိုတဲ့ သဘောအထိတော့ မတိုးတက်ပါဘူး။ မသေချာခြင်း ကနေပြီးတော့  မသေချာခြင်းထဲကမှ ဖြစ်နိုင်တာတွေ ဖြစ်တန်ရာချေတွေ အများကြီးကို ကြိုတင်ပြောတဲ့သဘောကို သူတို့ ကြိုပြောတယ်လို့ အဓိပ္ပာယ်သစ်ဖွင့်ဆိုကြတာကို သစ်သစ် ဆန်းဆန်းလေး နားလည်သဘောပေါက်လာရပါတယ်။

ဒါ ဟော့ကင်းတို့ လက်ထက်မှာ တိုးတက်ပြောင်းလဲလာတဲ့ စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ဖြစ်ပါတယ်။

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism & Science and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *