သိပ္ပံနှင့်ဘာသာရေးနယ်လုပွဲ(၂)

Share

နှင့်ဘာသာရေးနယ်လုပွဲ(၂)

ဗုဒ္ဓဘာသာမှာ ကျင့်ကြံအားထုတ်မှုတွေ ရှိပါတယ်၊ ဘာသာရေးတိုင်းဟာ လက်တွေ့မပါလို့ အသိပညာ မပေးဘူးဆိုတဲ့ စွဲချက်ကတော့ ပြန်လည်စဉ်းစားစရာ ဖြစ်ပါလိမ့်မယ်။ သို့မဟုတ်ရင်လည်း ဗုဒ္ဓဘာသာကို Religion ထဲ စောလျှင်စွာ ယေဘုယျပြုခြင်း (Hasty Generalization) လုပ်ဖို့ မသင့်တော်ဘူးလို့ ဆိုရပေလိမ့်မယ်။ ဗုဒ္ဓဘာသာကို သေသေချာချာ လေ့လာသင့်ပါတယ်၊ ဒီအကြံဉာဏ် ပေးရတာဟာ ကိုယ့်ကို လေ့လာစေချင်လို့ သက်သက်မဟုတ်ပါဘူး၊ အသိပညာဆိုင်ရာ အမှန်တွေ့ရှိ စေချင်လို့ပါ။

ဗုဒ္ဓဘာသာမှာ လက်တွေ့ကျင့်စဉ် လုပ်ငန်းခွင် အမြောက်အများ ရှိပါတယ်။ ဗုဒ္ဓဘာသာ ကျင့်ကြံ အားထုတ်လို့ (The Highest Triumph of Human Knowledge) ကိုတောင်မှ အောင်မြင်ပြီး နိဗ္ဗာန်ကိုတောင် မြင်ပြီးနေပြီ။ ဒီတော့ ဗုဒ္ဓဘာသာကို စောလျှင်စွာ ယေဘုယျပြုခြင်းအမှားနဲ့ တွဲပြီးတော့ နိဂုံးမချုပ်ပါနဲ့။ ဒါဟာ ကမ္ဘာကို သတင်းပေးရမယ့် သတင်းစကား ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဟာ သာမည ခပ်လျှံလျှံလေး အလွယ်တကူ ယေဘုယျပြုပြီး “အသိပညာ မပေးတဲ့ဘာသာပါ၊ လက်တွေ့ကျင့်ကြံ အားထုတ်မှု မပါတဲ့ဘာသာပါ” လို့ – ဒီလို လွယ်လွယ် ကူကူ ဆုံးဖြတ်ချက် ချတာကတော့ အမှန်အကန်နဲ့ ဝေးလွန်းလှပါတယ်။ ဗုဒ္ဓဘာသာမှာ လက်တွေ့ကျင့်ကြံ အားထုတ်မှုတွေ အမြောက်အများ ရှိတယ်၊ ကျင့်ကြံလို့လည်း တော်တဲ့လူတွေ အမြောက်အများရှိတယ်၊ ဒါကျွန်တော် အခိုင်အမာ ပြောနေတာပါ။ အနည်းဆုံး ကျွန်တော် ဖြေရှင်းနိုင်တယ်၊ ကျင့်ကြံအားထုတ်လို့ ကျွန်တော့်မှာ သီလ၊ သမာဓိ၊ ပညာတွေ တိုးတက်ခဲ့ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ ကျေးဇူးတော် ဖြစ်ပါတယ်။

ဒါကြောင့်  ကမ္ဘာကို အမှန်သတင်း ပေးချင်ပါတယ်။ အဲဒီ အမှန်သတင်းက ဘာလည်းဆိုရင် ဗုဒ္ဓဘာသာဟာ ကျင့်ကြံအားထုတ်မှု ရှိပါတယ်၊ အသိပညာ ပေးပါတယ် ဆိုတဲ့သတင်းပဲ ဖြစ်ပါတယ်။ဒီတော့ သိပ္ပံပညာဟာ အရာရာကို စနစ်တကျ လေ့လာသလို ဗုဒ္ဓဘာသာကိုလည်း စနစ်တကျ  လေ့လာ စေချင်ပါတယ်။ အပေါ်ယံ သာမာန်ကာလျှံကာ လေ့လာပြီးတဲ့နောက် – အသိပညာ မပေးဘူး၊ ပုံပြင်ဟောင်းတွေ၊ ကိုယ်ကျင့်တရားအတွက် သက်သက် ဒဏ္ဍာရီတွေလို့ စွဲချက်တင်နေရင်တော့ အဲဒီစွပ်စွဲချက် အ၀န်းအ၀ိုင်း ခံထိုက်တဲ့ အထဲမှာ ဗုဒ္ဓဘာသာ မပါကြောင်း ပြောလိုပါတယ်။

ဗုဒ္ဓဘာသာဟာ ကျင့်ကြံ အားထုတ်ရပါတယ်၊ ဗုဒ္ဓဘာသာမှာ ၀ိပဿနာဆိုတာ အင်မတန် မြင့်မြတ်တဲ့၊ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ကျင့်ကြံအပ်တဲ့ ကျင့်ကြံ အားထုတ်မှုတွေပါ။ ပဋိပတ်္တိဆိုတာ အဲဒီ အကျင့်ကို ခေါ်ပါတယ်။   ဒါကြောင့် ဗုဒ္ဓဘာသာကို စောလျှင်စွာ ယေဘုယျ ပြုခြင်းအမှားနဲ့ နိဂုံးမချုပ်ပါနဲ့ – ဗုဒ္ဓဘာသာကို သေသေချာချာ လေ့လာပါ။ ဒီလို လေ့လာစေချင်တာက ကိုယ်က ဗုဒ္ဓဘာသာဖြစ်လို့ ဗုဒ္ဓဘာသာကို လေ့လာပါလို့ ဖိတ်ခေါ်နေခြင်းမျိုး သက်သက်မဟုတ်ပါ၊ ကမ္ဘာကို အမှန်အကန် သတင်းပေးချင်လို့ ဖြစ်ပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်လည်း သက်ရှိထင်ရှား ရှိနေတာပါပဲ၊ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို ကျင့်နေတာပါပဲ။ တကယ်တမ်း မေးမြန်းစူးစမ်း လိုရင်လည်း ဖြေရှင်းဖို့ အသင့်ရှိပါတယ်။ ဒါကလည်း အမှန်တရားကို လိုလားမြတ်နိုး တန်ဖိုးထားလို့ ပြောနေခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ကို မေးပါ ကျွန်တော်တို့ဟာ အမေးခံချင်တယ်၊ နေရာရချင်တယ်၊ ပေါ်ပြူလာ ဖြစ်ချင်တဲ့သဘောမျိုး လုံးဝ မဟုတ်ကြောင်းကိုလည်း တင်ပြလိုပါတယ်။ ကမ္ဘာကို အမှန်အကန် သိစေချင်တဲ့ သဘောပါပဲ။

သိပ္ပံပညာဟာ အရာရာကို အမှန်အကန်သိအောင် လက်တွေ့နဲ့ စူးစမ်းလေ့လာတဲ့ အခါမှာ ဗုဒ္ဓဘာသာကျတော့ ဒီလိုမလေ့လာတာက နှစ်ဦးနှစ်ဖက် ၀မ်းနည်းစရာ ကောင်းနေပါတယ်။ ဒါကြောင့် ဖိတ်ခေါ်ပါတယ်။ မြတ်စွာဘုရားရဲ့ တရားတော်ဟာ “လာလှည့်၊ ရှုလှည့်၊ လေ့လာလှည့်” လို့ ဖိတ်ခေါ်အပ်တဲ့ တရားဖြစ်ကြောင်း ကောင်းစွာ သဘောပေါက် စေချင်ပါတယ်။ ဒီသတင်းကို အမှန်အကန် လိုလားတဲ့၊ ကမ္ဘာသူ ကမ္ဘာသားများအတွက် အမှန်အကန် သတင်းပေးခြင်းမျှသာ ဖြစ်ကြောင်း ၀န်ခံလိုပါတယ်၊ ကျေးဇူးတင်ပါတယ်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Buddhism & Science and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *