ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ

Share

နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ

ဆရာမြတ်ကြီး နှင့် စာရေးသူတို့၏ ဆက်ဆံရေး အခြေအနေ

အချို့သော စာဖတ်ပရိတ်သတ်များ ဓမ္မမိတ်ဆွေများက စာရေးသူအကြောင်းနှင့် စာရေးသူ၏ဆရာ ဆရာမြတ်ကြီးအကြောင်း၊ စာရေးသူနှင့် ဆရာမြတ်ကြီးတို့၏ ဆက်ဆံရေးအကြောင်းများကို စိတ်ဝင်စားကြသည်။ မိမိကိုယ်တိုင်ကလည်း အခါအားလျော်စွာ ရေးသားဖော်ပြခဲ့ဖူးသော်လည်း အချို့သော စာဖတ် ပရိတ်သတ်များမှာ အားမရသကဲ့သို့ ခံစားရသည်ဟု သိရသည်။ ထို့ကြောင့် အနည်းငယ် ဖွင့်အံ ရေးပြပါဦးမည်။

စာရေးသူသည် ဆရာမြတ်ကြီးအား အရမ်းကြည်ညိုသည်။ အကြောင်းအကျိုး တိုက်ဆိုင်စဉ်က ဆရာမြတ်ကြီးအား “တစ်လောကလုံးနဲ့ ဆရာမြတ်ကြီးကို ချိန်ထိုးရင် ဆရာမြတ်ကြီးဘက်ကို အလေးသာပါသည်” ဟု လျှောက်ထားခဲ့ဖူးသည်။ မိမိသည် ဘာဆိုဘာကိုမှ မကြည့်ဘဲ ဆရာမြတ်ကြီး၏ ဆန္ဒတော်ကိုသာ ကြည့်ခဲ့ဖူးသည်။ ထိုမျှ ကြည်ညိုလေးစားခဲ့သည်။

ဆရာမြတ်ကြီးထံ အန္တေ၀ါသိက တပည့်ခံယူခါ ကပ္ပိယလုပ်စဉ်ကလည်း ဆရာမြတ်ကြီး ကျွေးမှစားသည်၊ လွှတ်မှသွားသည်၊ အိပ်ဆိုမှ အိပ်သည်၊ ဆရာမြတ်ကြီး အိပ်ဟုမပြောခင် မိမိသည် ခေါင်းနှင့် ခေါင်းအုံးကိုမချရဲချေ။ အဘယ့်ကြောင်ဆိုသော် ခေါင်းနှင့်ခေါင်းအုံးချသည်နှင့် အိပ်ပျော် သွားတတ်သောကြောင့် ဖြစ်သည်။ ထိုစဉ်က မိမိသည် လူလတ်ပိုင်းဖြစ်၍ စားကောင်း၊ သောက်ကောင်း၊ အိပ်ကောင်း အရွယ်ဖြစ်သည်။ ထို့ကြောင့် ခေါင်းချလိုက်လျှင် အိပ်ပျော်လေ့ရှိရာ ခေါင်းကို မချရဲခဲ့ပေ။ ငုတ်တုတ်ထိုင်၍ ဆရာမြတ်ကြီး ဆုံးမသွန်သင်သည်များကို နာကြားခဲ့သည်။ ဆရာမြတ်ကြီးကလည်း အကျိုးအကြောင်း အဆိုးအကောင်းကို ခွဲခြမ်းစိတ်ဖြာ၍ သွန်သင်တော်မူခဲ့သည်။ ဆရာမြတ်ကြီးက “ကဲ ကဲ ကျောင်းဆရာ အိပ်တော့” ဆိုမှ အိပ်ခဲ့သည်။ အစစအရာရာ ဆရာမြတ်ကြီး၏ အဆုံးအဖြတ်၌ တည်ခဲ့သည်။ ထိုဘ၀ကိုလည်း မိမိသည် ယခုထက်တိုင် လွမ်းဆွတ်လျှက် ရှိသည်။

ဆရာမြတ်ကြီးသည် မိမိအဖို့ ထူးခြားသော ပညာရှိ သူတော်ကောင်းကြီး၊ သူတော်မြတ်ကြီးဖြစ်ရာ မိမိသည် လွန်စွာအားကိုးခဲ့သည်။ ဆရာမြတ်ကြီး၏ သွန်သင်ခြင်းခံရ၍ ယခုကဲ့သို့ အထိုက်အလျှောက် ပြောတတ်ဆို တတ်နေခြင်းဖြစ်သည်။ အခါအားလျော်စွာ တစ်ချို့သောပုဂ္ဂိုလ်တို့သည် လမ်းမှားသို့ ရောက်သွားကြသည်ကို တွေ့ရသည်။ ယင်းမှာ ဆရာကောင်း သမားကောင်း အထိန်းအကြောင်း မရှိသောကြောင့်ဖြစ်သည်။ မိမိမှာမူ ဆရာကောင်း သမားကောင်း အထိန်းအကြောင်းရှိသဖြင့် ယခုကဲ့သို့ တင့်တင့်တယ်တယ်၊ ထယ်ထယ်ဝါ၀ါ ရပ်တည်နိုင်ခြင်းဖြစ်သည်။

မကြာသေးမီက ရန်ကုန်မြို့ I.B.C တွင် တရားဆယ်ကြိမ်ဟောခဲ့သည်။ ယောဂီများသည် လွန်စွာနှစ်ခြိုက် ကြသည်။ တရားဆယ်ကြိမ်ပြီး၍ ပုဂံသို့ပြန်သောအခါ ယောဂီများက သတိရနေကြောင်း၊ လွမ်းဆွတ် နေကြောင်း သတင်းကောင်းပါးကြသည်။ ဟုတ်ပေလိမ့်မည်၊ မိမိကိုယ်တိုင်လည်း ယောဂီများအား သံယောဇဉ် ရှိလျှက် ရှိပါသည်။ အခါအားလျှော်စွာ အကြောင်းအကျိုးတိုက်ဆိုင်တဲ့အခါတိုင်း တရားများဟောကြားပေးခဲ့ရာ ယခုတစ်ခေါက် ရန်ကုန်မြို့တွင် ဆယ်ပွဲတိတိဟောခဲ့ပါသည်။ သင်္ကြန်မတိုင်ခင်တော့မူ မိမိသည် ပုဂံ၌ ခေတ္တနားနေရင်း စာပေရေးသားမှုများ ပြုလုပ်လျှက်ရှိသည်။ ထိုအချိန်၌ ဆရာမြတ်ကြီးနှင့် နေခဲ့ရသည့်အကြောင်းများ အား လွမ်းဆွတ်သတိရကာ မိမိ၏ ခင်မင်ရင်းနှီးသော စာဖတ်ပရိသတ်ကြီးအား ဖော်ပြလိုသည်။ ထို့ကြောင့် ဤအကြောင်းအရာများကို ပြန်လည်ရေးသားနေခြင်းဖြစ်သည်။

မိမိသည် မိမိမဟုတ်ဘဲ ဆရာမြတ်ကြီး ခိုင်းစေရာ၊ သွန်သင်ရာ၊ ဆုံးမရာဖက်သို့ လျှောက်လှမ်းရသော ရုပ်နာမ် တစ်ခုအဖြစ်နှင့် ရပ်တည်ခဲ့ရာ ထိုသို့ရပ်တည်သဖြင့်လည်း ဉာဏ်ပညာများ အထိုက်အလျှောက် တိုးတက် ထွန်းကား ကြီးမားလျှက်ရှိသည်။ ဆရာမြတ်ကြီး၏ ဂုဏ်ကျေးဇူးမှာ လွန်စွာကြီးမားကြောင်း ၀န်ခံစကား ပြောကြားလိုပါသည်။

ဆရာမြတ်ကြီးသည် ထူးထူးခြားခြား အံ့သြဖွယ်ရာ ပညာရပ်များကို သင်ကြားပေးတော်မူတတ်လေ့ရှိသည်။ မိမိသည် ဆရာမြတ်ကြီးထံ အန္တေ၀ါသိက တပည့်အဖြစ် ခံယူခွင့်ရသောအခါမှသာလျှင် ထူးခြားသော အရိယာဉာဏ် အကြောင်းကို သိနားလည်လာသည်။ အရိယာဉာဏ်ဆိုသည်မှာ ကျောင်းသူကျောင်းသားများ ဉာဏ်ကောင်းသည်ဟူသော ဉာဏ်နှင့် မတူသေးချေ။

အရိယာဉာဏ်ဆိုသည်မှာ အရိယာတို့ ရရှိအပ်သော ဉာဏ်ပင်ဖြစ်သည်။ ထိုအရိယာဉာဏ်သည် လွန်စွာ အံ့သြဖွယ်ရာကောင်းသည်။ အမှန်ကို ထိုးထွင်းသိမြင်နိုင်သည်၊ မှန်မှန်ကန်ကန် ဆင်ခြင်နိုင်သည်။ ထိုဉာဏ်၏ အံ့သြဖွယ်ရာကောင်းကြောင်းကို ဆရာမြတ်ကြီးက သွန်သင်သော အခါမှသာလျှင် မိမိ သိနားလည် တတ်မြောက်လာရသည်။ ယင်းဉာဏ်သည် လွန်စွာအဖိုးတန်သည်။ ထိုဉာဏ်ရပြီးလျှင် ထိုဉာဏ် အဆင့်မျိုးရအောင် ထပ်မံ၍ ကြိုးစားစရာလည်း မလိုချေ။ ထို့အတူပင် ထိုဉာဏ်ကို မည်သူ တစ်စုံတစ်ဦး တစ်ယောက်ကမှ ဖျက်ဆီးနိုင်စွမ်း မရှိချေ။ ဖျက်ဆီးဖို့နေနေသာသာ ထိုဉာဏ်ကိုပင်လျှင် ဖျက်ဆီးလိုသူများ ဖျက်ဆီးရန် မမြင်နိုင်ချေ။ ထိုဉာဏ်သည် အံ့သြဖွယ်ရာလွန်စွာကောင်းသည်။ ထိုဉာဏ်သည် တိကျသည် သေချာသည်၊ အမှန်ဆင်ခြင်နိုင်သည်။ ဉာဏ်၏အင်အားသည် အံ့မခန်း နက်ရှိုင်းလှလေသည်။

ဥပမာ- -မြတ်စွာဘုရား အလောင်းတော်တို့သည် ထိုနေရာ၌သာလျှင် ဘုရားအဖြစ်သို့ ရတော်မူကြသည် ဆိုသော သဘောမျိုးနှင့် ဆင်တူဖြစ်နိုင်သည်။ ဉာဏ်သည် တစ်ထပ်တည်း၊ တစ်နေရာတည်း တိတိကျကျ သိမြင်ထွင်းဖောက် တတ်သည်။

သူတော်ကောင်းဉာဏ်များကို ရသောအခါ သူတော်ကောင်းဉာဏ်များအချင်းချင်း တိကျ၊ သေချာ၊ ခိုင်မာစွာ နားလည်၊ တတ်မြောက်၊ ဆင်ခြင်၊ ထိုးထွင်းနိုင်စွမ်းရှိသည်။ ဤအချက်ကို ဆရာမြတ်ကြီး သွန်သင် ချီးမြှင့်တော်မူမှသာလျှင် မိမိ သိနားလည်ရသည်။

ထိုအခါ ယခုသိပ္ပံကလိုက်နေသော အမှန်တရားသည် ဖြစ်တန်ရာချေ အမှန်တရားမျှသာဖြစ်သည်။ တကယ့် အမှန်တရားသည် အရိယာတို့၏ ပရမတ္ထအမှန်သာလျှင် အမှန်တရားဖြစ်သည်။ ထိုအကြောင်းကို ကောင်းစွာ သဘောပေါက်ခဲ့ရသည်။

ဉာဏ်ပညာသည် လွန်စွာ အံ့သြဖွယ်ရာကောင်းသည်။ ထို့ကြောင့် ကျေးဇူးရှင် မိုးကုတ်ဆရာတော် ဘုရားကြီးက ခန္ဓာဉာဏ်ရောက်ဟု မိန့်တော်မူခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ခန္ဓာအပေါ် ဉာဏ်ရောက်ရန် လွန်စွာအရေးကြီး ပေသည်။ အရိယာဉာဏ်ရှိမှ လူသည် လူဖြစ်ကျိုး နပ်ပေလိမ့်မည်။ အရိယာဉာဏ် ရှိမှသာလျှင် လူသည် အမှန်ကို ထိုးထွင်းသိမြင်နိုင်ပေလိမ့်မည်။ အရိယာဉာဏ်ရှိမှသာလျှင် လူ့အသိပညာ၏ အထွတ်အထိပ်ကို ရနိုင်ပြီး နိဗ္ဗာန်ကို ထွင်းဖောက်၊ ၀င်စား၊ သိမြင်နိုင်သည်။ ထို့ကြောင့် အရိယာဉာဏ်သည် လွန်စွာအရေးကြီးသည်။

သိပ္ပံပညာရှင်များသည် လူ့အသိပညာ၏ အထွတ်အထိပ်ကို မျှော်မှန်းကြသည်၊ အိပ်မက်မက်ကြသည်။ သို့သော် အရိယာဉာဏ် မပေါက်မြောက်သဖြင့် မအောင်မြင်ကြချေ။ ဖြစ်တန်ရာချေနှင့်သာ ကျေနပ်နေကြ သည်။ အမှန်တကယ် ဆရာမြတ်ကြီးတို့ သွန်သင်ဆုံးမတော်မူသော အရိယာတို့၏ ထိုးထွင်းဉာဏ်သည် ဖြစ်တန်ရာချေထက် သာလွန်သော တိကျသေချာသော ဉာဏ်ပညာအဆင့်မျိုးသို့ ရောက်သွားသည်။

ထိုအကြောင်းကို ကောင်းစွာသွန်သင် နာခံခဲ့ရသည်။ ဤကား ဆရာမြတ်ကြီး၏ ကျေးဇူးတော်ပင်ဖြစ်သည်။ မိမိသည် ကျေးဇူးတင်၍ မဆုံးနိုင်အောင် ရှိလှသည်။ ဤဉာဏ်အကြောင်းကို ပြောရလျှင်မူ အံ့သြဖွယ်ရာ ကောင်းလွန်း၍ လွန်စွာနက်ရှိုင်းကာ အဆုံးအစပင် မရှိနိုင်လောက်အောင် သဘာဝအားဖြင့် ထူးခြားသည်။

အရိယာဉာဏ်သည် ချေဖျက်ခြင်းငှာ မအပ်သော၊ ကျေပျက်လိမ့်မည် မဟုတ်တော့သော အရိယာဉာဏ်တို့၏ သဘာဝရှိသည်။ အရိယာဉာဏ်ရပြီးသောအခါ မတော်တဆ ပုထုဇာဉ်ဉာဏ် ပြန်ဖြစ်သွားသည် ဆိုသော သဘောမရှိချေ။ ဤကား အသိဉာဏ်တို့၏ အံ့သြဖွယ်ရာကောင်းသော သဘာဝများဖြစ်သည်။ ဆက်လက်၍ အကြောင်းအကျိုး တိုက်ဆိုင်ညီညွတ်သောအခါ ထိုအရိယာဉာဏ်တို့၏ သဘောသဘာဝကို ဆွေးနွေးတင်ပြ၊ ရှင်းလင်းလိုပါသေးသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.