အတွေ့အကြုံ၏အခန်းကဏ္ဍ

Share

အတွေ့အကြုံ၏အခန်းကဏ္ဍ

ဒဿနသမိုင်း၌ အတွေ့အကြုံနှင့်ဆင်ခြင်ခြင်း ယှဉ်ပြိုင်၍ တက်လာရာ တဖြေးဖြေးနှင့် သိပ္ပံပညာ ထွန်းကားလေလေ အတွေ့အကြုံလိုင်းက ပို၍ နေရာရလေလေ ဖြစ်ခဲ့သည်။ ထိုမှတဆင့် သိပ္ပံဆိုင်ရာ ဒဿနပညာ ဟူ၍ပင် ပေါ်ထွန်းလာရသည်။ သိပ္ပံ၌ အတွေ့အကြုံသည် အဓိကပင် ဖြစ်သည်။ အသိပညာ အရာရာ၌ အတွေ့အကြုံသည် လွန်စွာအရေးကြီးသည်။ အတွေ့အကြုံသည်သာ အတွေ့အကြုံကို ဆုံးဖြတ် သည်ဟုပင် ခံယူထားကြသည်။

တရားသည်လည်း အခြားကိစ္စများနှင့်မတူ တရားကျင့်ဖူး၍ တွေ့သူသာလျှင် ကျင့်၍တွေ့သော အတွေ့ကို ပြောနိုင်သည်။ မကျင့်ဖူးဘဲနှင့် မတွေ့ဘူးလျှင် ကျင့်ဖူး၍ တွေ့သောအတွေ့ကို တိတိကျကျ ခိုင်ခိုင်လုံလုံ ကိုယ်တိုင်တွေ့အဖြစ် မပြောနိုင်။ တရား၌ ကိုယ်တိုင်တွေ့ ကိုယ်တိုင်သိသည် လွန်စွာအရေးကြီးသည်။ တရားတော်၏ဂုဏ်၌ ကိုယ်တိုင်တွေ့၊ ကိုယ်တိုင်သိ၊ ကိုယ်တိုင်မြင်၊ ကိုယ်တိုင်ခံစား၊ ကိုယ်တိုင်မျက်မှောက်ပြု ဟူသော စကားများရှိသည်။

အတွေ့အကြုံသည် လွန်စွာ အဖိုးတန်သည်၊ အများသူငါလည်း သိကြပါသည်။ စိတ်ကူးယဉ် ပြောနေချက်များသည် တစ်ခါတစ်ခါ အကြောင်းအချက်နှင့် မကိုက်ညီချေ။ ထိုအခါ လေထဲ၌ ပျောက်လွင့်သွား ရသည်။ အချက်အလက်နှင့် ကိုက်ညီသော သဘောရှိမှသာလျှင် အသိပညာကို လေးစားကြသည်။

အတွေ့အကြုံသမားသည် အထူးသဖြင့် တရားရှာသောနေရာ၌ လွန်စွာအဖိုးတန်သည်။ တရားရှာသော နေရာ၌ ကိုယ်တိုင်ကျင့်သဖြင့် ကိုယ်တိုင်သိသောအသိကို ပြောရသည်မှာ လွန်စွာအားရှိသည်၊ ခိုင်မာသည်၊ ရဲရင့်သည်၊ တည်ငြိမ်သည်၊ ပြတ်သားသည်၊ ဟုတ်မှန်သဖြင့် ယုံကြည်ချက် အပြည့်ရှိသည်။ ထို့ကြောင့် တရား၌ ကိုယ်တိုင်ကျင့်ရန် အရေးကြီးကြောင်း မကြာခဏ ဖော်ပြောခဲ့ဖူးသည်။

ကိုယ်တိုင်ကျင့်လျှင် ကျင့်ဖူးသည်နှင့် တပြိုင်နက်တည်း မကျင့်ဖူးရသေးပါဟူသော အခြေအနေမှ ကျော်လွန် လွန်မြောက်၍ နက်ရှိုင်းကာ တိုးတက်မှုနှင့် အောင်မြင်ခြင်းအတွက် ဖြစ်လာသည်။ တရားသည် ကိုယ်တိုင် ကိုယ်ကျ နှလုံးသွင်းကျင့်ကြံရန် လိုသောကြောင့်သာ ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟီ ဆိုသောစကား ရှိရသည်။ ပစ္စတံ ဝေဒိတဗ္ဗော ဝိညူဟီ ၏ အဓိပ္ပါယ်များမှာ ကိုယ်တိုင်ကျင့်သဖြင့် ကိုယ်တိုင်တွေ့ရသော သူတော်ကောင်းအကျင့်ရှိသူ ဗုဒ္ဓဘာသာတို့သည် ကိုယ်တိုင်ခံစား၍ ကိုယ်တိုင်နားလည် သဘောပေါက်သွား သည် ဟူသော သဘောများပါသည်။

ထို့ကြောင့် ကိုယ်တိုင် အသီးသီးကျင့်မှ ကိုယ်တိုင် အသီးသီး တွေ့ကြုံကာ၊ ထိုအတွေ့အကြုံမှ ကိုယ်တိုင် အသီးသီး ခိုင်မာ၊ ရဲရင့်၊ တည်ငြိမ်လာတတ်သည်။ အများပြောနှင့် ပြောနေ၍လည်း မရသလို အချို့နေရာများ၌ အာလူးဖုတ်၍လည်း မရချေ။ အာလူးဖုတ်ခြင်းသည် သစ္စာတရားရှာဖွေခြင်းနှင့် ပတ်သက်၍ အကျိုးမရှိချေ။

ကိုယ်ထင်ရာစိုင်း စစ်ကိုင်းရောက်ရောက် လျှောက်ပြောနေခြင်းသည် အာလူးမျှသာ ဖြစ်ပေလိမ့်မည်။ အမှန် ကိုယ်တိုင် ဘယ်လိုကျင့်သည်၊ ဘယ်လိုတွေ့သည်၊ ဘာဖြစ်သည်၊ ဘာ့ကြောင့်ကျင့်သည်၊ ကျင့်သောအခါ ဘာဖြစ်သည်၊ ကျင့်ခြင်းကို ၏ သာသနာ့အရိပ်၌ မည်ကဲ့သို့ အဆိုအဆုံးအမ ခံသည် စသည်ဖြင့် ခိုင်မာ၊ ရဲရင့် ပွဲလယ်တင့်နိုင်မှသာလျှင် သာသနာ့အရာ၊ ပဋိပတ္တိအရာ၊ သစ္စာအရာ၌ ထင်ရှားနိုင်သည်၊ ခိုင်လုံနိုင်သည်၊ စစ်မှန်နိုင်သည်၊ ယုံကြည်အပ်သည်။

စာရေးသူတို့သည် ဆရာကောင်းသမားကောင်း၏ အဆုံးအမ၌ တည်၍ လက်တွေ့ကျင့်ခဲ့ရသည်။ လက်တွေ့ ကျင့်သောကြောင့်လည်း လက်တွေ့ကျင့်သဖြင့် ရရှိအပ်သော အဖြေများကို ကိုယ်တိုင်ကိုယ်ကျ ခံစားရလျှက် တစ်ပါးသူငါများအား ဖြန့်ဝေပေးလိုသော စေတနာ အပြည့်အ၀ရှိသည်။ ဤသို့ စေတနာရှိခြင်းမှာ ဘာတစ်စုံတစ်ခုမျှ လာဒ်မျှော်ခြင်း မရှိမူ၍ ၀ါသနာပါသော၊ စရိုက်ပါသော၊ ပါရမီပါသော၊ ကျင့်ချင်သော၊ စိတ်ဝင်စားသော ပုဂ္ဂိုလ်များ ကျင့်နိုင်စိမ့်သောငှာ နည်းပေးလမ်းပြနှင့် လက်တွဲခေါ်၍ ပြောပြမည်သာ ဖြစ်သည်။ သောင်ကမ်း တစ်ဖက်စခန်းအထိ တက်လှမ်းနိုင်အောင် ပြောပြရမည်သာဖြစ်သည်။

အမှန်မှာတော့မူ နိဗ္ဗာန်ဆိုသည်မှာ ဓာတ်ကြီးတစ်ခုဖြစ်သည်။ အနုတ္တရဓာတ် ဟုလည်း ခေါ်နိုင်သည်၊ အသင်္ခတဓာတ် ဟုလည်း ခေါ်နိုင်သည်၊ ဓာတ်ပင် ဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ နိဗ္ဗာန်ကို မှန်ပြောင်းနှင့် ကြည့်၍မရခြေ။ နိဗ္ဗာန်ကို သွားလိုလျှင် နှင့် သွားရသည်။ နိဗ္ဗာန်သည် ကြည့်ရုံမဟုတ်ချေ။ ဖြင့် စံဝင်ရသည်၊ ၀င်စားရသည်၊ မျက်မှောက်ပြုရသည်၊ ထိုးထွင်း ဆင်ခြင်ရသည် ထိုသို့ သဘောရှိသည်။

ထို့ကြောင့် နိဗ္ဗာနံ အရဟတ္တော ဂတိ ဟူ၍ အဆိုရှိသည်။ ရဟန္တာတို့သည် နိဗ္ဗာန်သို့ လားသည်၊ သွားသည်၊ သက်ရောက်သည်၊ စံမြန်းသည်၊ မျက်မှောက်ပြုသည်၊ ၀င်စားသည်၊ ထိုးထွင်းသည် ဟူသော သဘောရှိသည်။ ထို့ကြောင့် ယောဂီများသည် ယခုအခါ ကိုယ့်ခန္ဓာ ဉာဏ်ယှဉ်၍ ကြည့်နေသည်မှာ လွန်စွာ အဖိုးတန်ကြောင်း ထပ်လောင်း၍ အားပေးလိုပါသည်။

အိပ်ရာဝင်တစ်ချိန် ငါးမိနစ်ရရ၊ အိပ်ရာထတစ်ချိန် ငါးမိနစ်ရရ မိမိခန္ဓာအား မမြဲဘူးဟု စိုက်၍ ရှုသတ်နိုင်လျှင် လက်ခမောင်းခတ်နိုင်သော အဆင့်ပင် ရောက်နိုင်ကြောင်း သတင်းကောင်း ပေးအပ်ပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *