အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်…

Share

အပြိုင်အဆိုင်သုတေသနလုပ်နေကြတယ်…

ကမ္ဘာကြီးကလည်း ရုပ်လောကအကြောင်းကို သုတေသန လုပ်နေကြတယ်။ သုတေသန လုပ်သလောက် လည်း ထွင်းထွင်းဖောက်ဖောက် သိမြင်လာကြတယ်။ စကြ၀ဠာအကြောင်း ကောင်းကောင်း သိလာကြတယ်။ စကြ၀ဠာ ဘယ်တုန်းက စဖြစ်တယ် ဆိုတာတောင် ခန့်မှန်းလာနိုင်တယ်။ ရုပ်ကမ္ဘာအကြောင်းကိုလည်း အက်တွမ်ကနေ၊ အီလက်ထရွန်ကနေ ကွာ့(ဒ်)အထိ အထူးလေ့လာနေကြတယ်။ (The most substantial elements) ခေါ်တဲ့ အခြေခံအကျဆုံးသော ဓာတ်သဘာဝ အမှုန်များကို စူးစမ်းလေ့လာနေကြတယ်။

လေ့လာတဲ့အခါ တိုက်ရိုက်လေ့လာနိုင်တာကို တိုက်ရိုက်လေ့လာပြီး တစ်ဆင့်ခံ (Indirect verification) ခေါ်တဲ့ တစ်ဆင့်ခံ လေ့လာစမ်းသပ်မှုနဲ့ လေ့လာကြတာတွေလည်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ကမ္ဘာအကြောင်းကို သူတို့ ကောင်းကောင်း သိလာကြတယ်။ ထူးထူးခြားခြားလည်း သိလာကြတယ်၊ အသေးစိတ်လည်း သိလာကြတယ်၊ အံ့သြဖွယ်ရာလည်း ကောင်းပါတယ်။

သူတို့လေ့လာသလို ဗုဒ္ဓဘာသာမှာလည်း စိတ်ကမ္ဘာကို လေ့လာတယ်၊ စိတ္တဗေဒရဲ့ ဆန်းကျယ်ပုံကို လေ့လာတယ်။ စိတ်ကိုလေ့လာရင်း နောက်ဆုံး စိတ်ဆိုတာလည်း ဖြစ်ပြီးပျက်သွားတဲ့ အချည်းနှီးဓာတ် ဆိုတာ နားလည်ကြတယ်၊ ထိုအခါ စိတ်အပေါ်ကို မမှီခိုကြဘူး။

ဒီတော့ ကိုယ်လေ့လာရာ ကိုယ်ရကြတာပါပဲ။ ညာသန်သူဟာ ညာဘက်လက်ကို အသုံးချလေလေ ညာဘက်လက်က ပိုကျွမ်းလေလေပါပဲ။ ဓားသိုင်း ကစားရာမှာတို့ စန္ဒယားတီးရာမှာတို့ ကြည့်ပါ လေ့ကျင့် ရာရာ စွမ်းကြတာပါပဲ။

ဒီတော့ ကမ္ဘာကလည်း စွမ်းနေတာပဲ၊ မြန်မာကလည်း စွမ်းနေတာပဲ။ ကမ္ဘာက ရုပ်အပေါ်မှာ စွမ်းပြီးတော့ ဗုဒ္ဓဘာသာက စိတ်အပေါ်မှာ စွမ်းတယ်။ ကမ္ဘာက ရုပ်ကိုသိပြီးတော့ အသုံးချတယ်၊ ဗုဒ္ဓဘာသာက စိတ်ကို သိပြီးတဲ့နောက် မမှီခိုအပ်ဘူးလို့ နားလည်လာတယ်။ ကိုယ့်အဆင့်နဲ့ ကိုယ်တော့ အောင်မြင်နေကြတာမို့ ကိုယ့်အဆင့်နဲ့ ကိုယ်တော့ ကျေနပ်စရာ ကောင်းနိုင်လောက်ပါတယ်။

ရုပ်ကလည်း ရုပ်ယန္တရားဥပဒေသတွေ တွေ့သွားပြီ၊ စိတ်ကတော့ စိတ်ယန္တရားဆိုင်ရာ သဘာဝကို တွေ့သွားပြီ။ သူတို့က တစ်ခုနဲ့ တစ်ခု ဆက်စပ်မှုကို တွေ့တယ်၊ ကတော့ တစ်ခုချင်းအကြောင်းလည်း တွေ့တယ်၊ ဆက်စပ်မှုကိုလည်း တွေ့တယ်။

ဒီတော့ ကိုယ်သန်ရာမှ ဤလောကကို အလှဆင်ဆိုသလို ရုပ်သန်တဲ့ပုဂ္ဂိုလ်က ရုပ်နဲ့ ပတ်သက်ပြီး အလှဆင်တာပါပဲ။ စိတ်သန်တဲ့ပုဂ္ဂိုလ်က စိတ်နဲ့ပတ်သက်ပြီးတော့ အလှဆင်တာပါပဲ။ အဓိကကတော့ စိတ်က အဓိကကျတဲ့ပုံစံ ဖြစ်လာတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ရုပ်အောင်မြင်ပြီး စိတ်မအောင်မြင်တဲ့အခါ အားနည်းတယ်။ စိတ်အောင်မြင်ပြီးတော့ ရုပ်မအောင်မြင်ပေမယ့် အားရှိတယ်။ စိတ်ကို ထားတတ်သွားတဲ့ သဘောပါပဲ။ စိတ်ကို နားလည်သွားတဲ့ သဘောပါပဲ၊ စိတ်ကို နောက်ဆုံး အချည်းနှီးလို့ မြင်သွားတဲ့ သဘောပါပဲ၊ စိတ်ကို ပယ်နိုင်တဲ့ သဘောပါပဲ။

သူတို့က ရုပ်ကို အသုံးချတယ် တစ်လိုင်းပေါ့၊ ဗုဒ္ဓဘာသာများက စိတ်ကိုနားလည်ပြီးတော့ မမှီခိုတာက တစ်လိုင်းပေါ့၊ ကိုယ့်လိုင်းနဲ့ ကိုယ်တော့ အောင်မြင်နေကြတာမို့ ချီးကျူးစရာတော့ ကောင်းပါတယ်။ ဒီခေတ်ဟာ နှစ်ခုပေါင်းလိုက်ရင်တော့ ဘယ်လောက် ကောင်းမလဲလို့ စဉ်းစားဖွယ်ရာ ရှိလာပါတယ်။ တစ်ချိန်သော တစ်ခါသော အခြေအနေကျရင်တော့ ရုပ်ရော စိတ်ရော ပေါင်းလိုက်ရင်တော့ အတိုင်းထက် အလွန် တံခွန်ထက်ကုက္ကား လူသားများဟာ စွမ်းပကား သိပ်ကြီးသွားမှာပဲလို့ မျှော်လင့် ကိုးစားစရာ ဖြစ်နေပါ တယ်။

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism & Science and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *