ပျံ့မွှန်းမွှေးလှိုင်ကြူ -34

Share

-34

သစ္စာဝါဒီ အသျှင်နန္ဒ၀ံသ (မဟာဝိဇ္ဇာ)ဟောကြားတော်မူအပ်သော တရားတော်ဝိပဿနာ နည်းပညာ – အဆက်

မဂ်ဉာဏ် ဖိုလ်ဉာဏ်နဲ့ နိရောဓကို မျက်မှောက်ပြုလိုက်တယ်ဆိုရင်ဘဲ၊ နိရောဓသစ္စာဉာဏ်တွေရတော့ `နိရောဓဉာဏံ သဿတဒိဋ္ဌိံ နိဝတ္တေတိ ကသ္မာ ဟေတုနိရောဓာ ဖလနိရောဓောတိ ဒဿနတော´ နိရောဓဉာဏ် ဒုက္ခချုပ်ငြိမ်းခြင်းသဘောကို ရှုလိုက်တဲ့ ဒီဉာဏ်သည်သဿတဒိဋ္ဌိံ နိဝတ္တေတိ ရုပ်နာမ်ဒုက္ခ ဆက်ဖြစ်ရဦးမှာဘဲ၊ ငါဟာ ဒုက္ခဆက်ဖြစ်ရဦးမှာဘဲ၊ ငါ့လိပ်ပြာကလေး ဆက်ပြီး ဘ၀တွေ ဘ၀တွေ ဖြစ်နေဦးမှာဘဲလို့  အဲဒီလို အယူအဆ လွဲမှားနေတဲ့ ဒိဋ္ဌိကို ကုန်စင်စေတယ်၊ ဆုတ်နစ်စေတယ်၊ ချုပ်ငြိမ်းစေတယ်။

ကသ္မာ အဘယ်အကြောင်းကြောင့်ထို နိရောဓ သစ္စာကိုမြင်သော ဉာဏ်သည် သဿတဒိဋ္ဌိံဟုခေါ်သော ဘ၀ ဆက်၍ ဆက်၍ ဖြစ်တတ်သော သဘောကို ယူဆသော သဿတဒိဋ္ဌိနှင့် ယှဉ်သည့် အယူမှားမှုကို ပယ်စွန့်နိုင်သလို ဟေတုနိရောဓာ ဖလနိရောဓောတိ ဒဿနတော နောက်ထပ်တဖန် ထပ်မံ၍ ဒုက္ခရရာ အကြောင်းခံတရားတွေ ကုန်ဆုံးချုပ်ငြိမ်းအောင် ရှုသတ်လိုက်လို့ အကျိုးတရားလည်း မရှိတော့ဘူး။

အော် . . . ဒီတော့ သစ္စာသဘော ရိပ်မိစပြုလာပြီ၊ သစ္စာရဲ့သဘောက ဘယ်လိုတုန်းဆိုတော့ မျိုးစေ့ကောင်းတစ်ခုကို ရေတွေဘာတွေလောင်း၊ မြေကြီးသြဇာ ကောင်းကောင်းပေးနဲ့ အပူအအေး မျှတစွာ စိုက်ရင်တော့ ဒီမျိုးစေ့ဟာ သစ်ပင်ပေါက်ပြီး အသီးတွေ သီးနေဦးမယ်၊ ဘ၀တွေ အမျိုးမျိုး ဖြစ်ဦးမယ်။

အဲဒီ အသီးတွေကလည်း ပြန်ပြီးတဲ့နောက် ထပ်မံ၍ မျိုးစေ့တွေ ဖြစ်ပြီးတော့ အသီးအနှံတွေ ထပ်မံ၍ ပြန့်ကားလိမ့်ဦးမယ်။ မျိုးစေ့တွေ ထပ်မံ၍ ပြန့်ကားလိမ့်ဦးမယ်။

ဒီတဏှာ မျိုးစေ့လေးကို အ၀ိဇ္ဇာနဲ့ တဏှာနဲ့ ပေါင်းစပ်လိုက်လို့ရှိရင် ဒီအ၀ိဇ္ဇာ၊ တဏှာပေါင်းခြင်းရဲ့ အကြောင်းရင်း ဇစ်မြစ်ကြောင့်မို့ ဆက်လက်၍ ရုပ်နာမ်တွေ ပြန်ရဦးမှာဘဲ။

ဒီမျိုးစေ့ကလေးကို မီးအိုးကင်းပေါ်မှာ လှော်ပြီးတဲ့နောက်၊ ကျွမ်းခြောက်သွားအောင် လှော်လိုက်တော့ နောက်ထပ်တဖန် ထပ်မံ၍ သစ်ပင်မဖြစ်နိုင်၊ သစ်သီး မသီးနိုင်တော့သလိုဘဲ။

နောက်ထပ် ဘ၀တွေ ဒုက္ခတွေ ချုပ်ငြိမ်းအောင်လို့ ဒုက္ခကိုဖြစ်စေတဲ့ ဒီသမုဒယကို ဉာဏ်ပညာနဲ့ ချေပြီးတော့ မှုန့်မှုန့်ညက်ညက် တခါထဲ အကြွင်းအကျန် မရှိအောင်၊ ကုန်စင်အောင်၊ ကျေညက်သွားအောင်လို့ ချေဖျက်လိုက်လို့ရှိရင် တခါထဲ အဲဒီမဂ်ဉာဏ်ရတယ်။

မဂ်ဉာဏ်ရလျှင် ခြေဖျက်နိုင်တဲ့ မဂ်ဉာဏ်ကျေပျက်ပြီးသားဖြစ်တဲ့ ချုပ်ငြိမ်းတဲ့ ဒီ နိရောဓကို မျက်မှောက်ပြုလိုက်တယ်ဆိုရင်ဘဲ သစ္စာတံခါး လမ်းပွင့်ပြီ။

အော် . . . ဒါ့ကြောင့် လမ်းစဉ်တော့သိပြီ ဘယ်လိုတုန်း။

အော် . . . ဒုက္ခကို မလိုချင်လျှင် သစ္စာကို မတွေ့နိုင်တဲ့ ဒီဒုက္ခရုပ်နာမ်ကြီး မလိုချင်လျှင် ဒုက္ခရုပ်နာမ်ကြီး ရှိနေသမျှ ကာလပတ်လုံး မငြိမ်းအေးဘဲ၊ စစ်မှန်တဲ့ ချမ်းသာစစ်ကို မရမှာမို့ ငြိမ်းအေးတဲ့ ချမ်းသာစစ်ကို ရချင်လို့ ဒုက္ခရုပ်နာမ်ကြီးကို မလိုချင်လျှင် ဒီဒုက္ခရုပ်နာမ်ကို ဖြစ်စေတဲ့ သမုဒယကို ချေဖျက်ရတော့မယ်။

အော် . . . သမုဒယကို ချေဖျက်လိုက်တော့မှ သမုဒယကို ချေဖျက်တဲ့အခါ ဒုက္ခကြီး ကျေပျက်သွားပြီ။ ဒုက္ခကျေပျက်လို့ ဒုက္ခဆိတ်သုဉ်းလို့ ဒုက္ခလုံးလုံး ကုန်ဆုံးချုပ်ငြိမ်းသွားတဲ့ သဘောကို ဒုက္ခကို ချေဖျက်ရဲတဲ့ သမုဒယကို ကြေပျက်စေတဲ့ ဒီ မဂ်ဉာဏ်သည် ဖိုလ်ဉာဏ်သို့ကူးလျက် ဒုက္ခချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီ ဆိုမှဖြင့် သစ္စာတံခါးကြီး ဟင်းလင်းပွင့်တော့မယ်။

အော် . . . ဒီတော့ သစ္စာရဲ့ သဘောကိုတော့ ရိုးတိုးရိပ်တိတ် ပေါ်လာစပြုလာပြီး သစ္စာသိချင်ရင် သစ္စာသိအောင် အကြောင်းခံရမယ်။

အော် . . . မိမိရဲ့ အဇ္ဈတ္တ ရင်ဝမှာ ပေါ်လာပြီး သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပရာသဆိုတဲ့ ဒီမီးတွေ လောင်မြိုက်ပြီး ချစ်တဲ့ပုဂ္ဂိုလ်တွေနဲ့ ကွေကွင်းရသောဆင်းရဲ။

မချစ်မနှစ်သက်တဲ့ သင်္ခါရတရားတွေနဲ့ တွေ့ကြုံရတော့ ဆင်းရဲ။

အိုရတဲ့ ဆင်းရဲ

နာရတဲ့ဆင်းရဲ

သေရတဲ့ဆင်းရဲ

လောကဓံတရားတွေနဲ့ အမျိုးမျိုး တွေ့ကြုံရတဲ့ ဆင်းရဲ

အို . . . ပဋိသန္ဓေနေခြင်း ဆင်းရဲမှ စ၍ သေခြင်းဆင်းရဲအထိ ဆင်းရဲမျိုးစုံ စုပုံပြီး ဆင်းရဲခြင်း တခုပြီးတခု ပြောင်းလဲသွားတာသာ အဖတ်တင်တယ်။

တကယ်တော့ ရုပ်နာမ်ကြီးမှာ ပင်ပန်းနွမ်းလှပြီး နောက်ဆုံး သေမင်းလက် ၀ကွက် အပ်ရလို့ မြေကြီးသြဇာ ဖြစ်ရရှာတယ်။

အော် . . . လက်စသတ်တော့ ဘ၀ရုပ်နာမ်ဆိုတာက အချည်းနှီးဘဲ နောက်ဆုံး ပျက်စီးရတာဘဲ။

ဒီ ပျက်စီးရတဲ့ ရုပ်နာမ်တွေ ဘ၀တွေ ထပ်ခါ ထပ်ခါရချင်လျှင်

ထပ်ခါ ထပ်ခါ အိုဘို့

ထပ်ခါ ထပ်ခါနာဘို့

ထပ်ခါ ထပ်ခါ သေဆုံးဘို့ဘဲ ဖြစ်တော့မှာမို့ ဒီဘ၀ရုပ်နာမ်တွေ ချုပ်ငြိမ်းရုပ်သိမ်းသွားဘို့ ငြိမ်းအေးတဲ့ ဓာတ်ဖြစ်တဲ့ သစ္စာကြီးကို မျက်မှောက်ပြုချင်ပါပြီ။

ဒါ့ကြောင့် ခန္ဓာကိုယ်မှာ လောင်ကျွမ်းတဲ့ ဒီရုပ်နာမ်အပူမီးကို ငြိမ်းသတ်ဘို့ လိုပြီလို့ သဘောပေါက်လိုက်လျှင်ဘဲ ကိုယ်ရုပ်နာမ်ကို အတ္တလို့ယူတဲ့ ဒီသက္ကာယဒိဋ္ဌိမှ ထွက်ခွာကြဘို့ပါဘဲ။

အော် . . . တကယ်တော့ ငါ့ရုပ် ငါ့နာမ်မဟုတ်ဘူး၊ ဒီရုပ်နာမ်ကြီးဟာ တချိန်တော့ သေမင်းလက် ၀ကွက်အပ်ရမှာ၊

ကြည့်ပါဦး၊ မြေကြီးသြဇာကြီးပါကလား။

ဒီရုပ်နာမ်ကြီးသည်ကားဆိုလျှင် မိနစ်မခြား စက္ကန့်မခြား ပျက်စီးနေတဲ့ မိမိ ပကတိ အရှိသဘောမှ ရွေ့လျောနေတာကြီးပါကလား။

တချိန်သေမင်းလက် ၀ကွက်အပ်ရအံ့၊

ဒီလို သေမင်းလက် ၀ကွက်အပ်ရတော့ ကိုယ်က သစ္စာတရားတွေ့ပြီးသား မဟုတ်လို့ရှိလျှင် . . .။

ပူမယ်၊ လောင်မယ်၊

ငါ့ခန္ဓာကြီး ငါ့ကိုယ်ကြီးလို့ စွဲပြီး သေမင်းလက် ၀ကွက်မအပ်နိုင်သေးပါဘူး။ ငါ့မှာ သားတွေ ရှိတယ်၊

သမီးတွေ ရှိတယ်။

ချွေရံသင်းပင်းတွေ ရှိတယ်။

လယ်ယာကိုင်းကျွန်းတွေ ရှိတယ်။

လုပ်ငန်းဆောင်တာတွေ ရှိတယ်။

တာဝန်တွေ မကုန်သေးဘူး။

ဒီခန္ဓာကြီးကို သေမင်းလက်ဝကွက် မအပ်နိုင်သေးဘူးလို့ ငြင်းပယ်ချင်ပေမဲ့ မရဘူး။

မည်သူမဆို သေချိန်ကျ သေရတာဘဲ။

မလွဲမရှောင်သာတဲ့ ခရီးလမ်း ဖြတ်သန်းရမှာမို့ ဒီဉာဏ်အမြော်အမြင်နဲ့ ဆင်ခြင်လိုက်တဲ့ အခါကျတော့ အသေမဦးခင် သစ္စာသိထားမှ။

သစ္စာသဘောပေါက်ထားမှ ဆိုတော့ သစ္စာသိရအောင် ကြိုးစားကြရတော့မယ်။

သစ္စာသိရအောင် မိမိခန္ဓာဉာဏ်စိုက်လိုက်တဲ့ အခါကျတော့ ရှေးဦးစွာ ရှုရမှာကတော့ ဒုက္ခသစ္စာကြီးကို ရှေးဦးစွာ တွေ့ရတော့မှာဘဲ။

အော်. . . ဒုက္ခသစ္စာတရား ရရှိထားတဲ့ ရုပ်နာမ်ကြီးသည် ဒုက္ခတုံးကြီး။

သွေးပြည်သလိပ် အကောင်ပုပ်ကြီး

စက်ဆုတ်စရာကြီး

ရွံရှာစရာကြီး

မသတီစရာကြီး

နောက်ဆုံးသေမင်းလက် ၀ကွက်အပ်ရမဲ့ ၀ဋ်တုံးကြီး

ဝဋ်ကောင်ကြီးပါလား

ဒီလိုမြင်လိုက်တော့မှ အော် . . . ဒီဝဋ်ကကျွတ်အောင် ဘယ်လိုလုပ်မလဲ

ဒီဝဋ်ကို ၀ဋ်လို့ မသိနိုင်တဲ့ အ၀ိဇ္ဇာ တဏှာ ဦးစီးမှုတွေ ဉာဏ်ပညာနဲ့ ထိုးဖေါက်ပြီးတော့ ကြည့်ရတော့မယ်။

ဆက်လက်ဖော်ပြပါမည် –

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *