ပျံ့မွှန်းမွှေးလှိုင်ကြူ -33

Share

-33

သစ္စာဝါဒီ အသျှင်နန္ဒ၀ံသ (မဟာဝိဇ္ဇာ)

ဟောကြားတော်မူအပ်သော တရားတော်

ဝိပဿနာ နည်းပညာ – အဆက်

သစ္စာတရား ရှာဖွေတဲ့နေရာမှာ ဇွဲတွေ သတ္တိတွေ ၀ိရိယတွေ သဒ္ဓါတွေ ပညာတွေ အမျိုးမျိုး လိုအပ်တဲ့ အကြောင်းကို ကိုယ်တိုင်ကျင့်သုံး ဆောက်တည်ခဲ့တဲ့၊ ကိုယ်တွေ့ ဗဟုသုတနှင့် ရောယှဉ်ပြီးတော့လည်း ဟောခဲ့ပြီ။ ဒီနေ့ညတော့ သစ္စာတရားကို တွေ့ရှိခြင်းခေါ်တဲ့ တရားတော်မြတ်ကို ဟောရမှာဖြစ်ပါတယ်။

ဒီတော့ ယနေ့ ရောက်လာကြတဲ့ ဓမ္မယောဂီ ပရိသတ်တို့အား `သစ္စာတရားကို တွေ့ရှိခြင်း´ ခေါ်တဲ့ ခေါင်းစဉ်ကို လေးလေးနက်နက် သဘောထားပြီး ဟောပြပါမယ်။ ဘာကြောင့်လည်းဆိုတော့ တရားနာ ပရိသတ်ကြီးဘဲ ဆင်ခြင်ပြီးတော့ ကိုယ်ချင်းစာကြည့်ပါဦး။ မိမိတို့တတွေဟာ ဟိုး . . . သံသရာ ဘ၀ အဆက်ဆက်က အ၀ိဇ္ဇာ တဏှာရဲ့ ကျေးကျွန်ဖြစ်ခဲ့ကြတယ်။

သူသူကိုယ်ကိုယ်ပေါ့ အ၀ိဇ္ဇာ တဏှာရဲ့ ကျေးကျွန်မဖြစ်ဘူးဆိုရင် ဦးဇင်းတို့တွေ အခုအချိန်မှာ ရုပ်နာမ်ကြီး မရဘဲ နိဗ္ဗာန်စံကုန်ကြလောက်ပြီ။ အဲ့ဒီ အတိတ် အတိတ်ဘ၀တွေက သစ္စာတရားကို ရာနှုန်းပြည့်ပြည့် သိခြင်း နားလည်ခြင်း မရှိခဲ့လေတော့ သမုဒယ တဏှာတွေ အကြောင်းပြုမှုကြောင့် ဒီဘ၀ ရုပ်နာမ်ပြန်ရတယ်။

သဗ္ဗေညုတ ရွှေဉာဏ်တော်ရှင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကောင်းစွာဟောကြားတော်       မူအပ်သော သစ္စာတရား လေးပါးရှိတယ်။ လေးပါအနက် ရှေးဦးစွာ ဒုက္ခသစ္စာ – ဒုက္ခဆိုတာက ဆင်းရဲခြင်း၊ သစ္စာဆိုတာက အမှန်တရား၊ ဆင်းရဲခြင်း အမှန်ဘဲပေါ့။ ဒီတော့ အရှင်ဘုရားရေ တပည့်တော်တို့ဖြင့် မဆင်းရဲပါဘူး။ တပည့်တော်တို့ လိုချင်တာတွေလဲ ရပါတယ်။

ပျော်လည်း ပျော်ပါတယ်ဘုရား၊ သုခဖြစ်ပါတယ်၊ ချမ်းသာပါတယ် အရှင်ဘုရား။ ဘယ်လိုလုပ်ပြီး ဒုက္ခလို့ တပည့်တော်တို့ နားလည်ရမတုန်းလို့ မေးမှာဘဲ။ ပုထုဇဉ်စရိုက် အနေနဲ့ကတော့ ကိုယ်လိုချင်တာ တွေ့ရရင် ချမ်းသာတယ်လို့ ထင်မှာဘဲ။

အဲ . . . ဒီချမ်းသာခြင်းကို အရိယာဉာဏ်မျက်လုံးနှင့် တိုက်ဆိုင်ပြီး ကြည့်ကြဦးစို့။ အော် . . . တကယ်ချမ်းသာတယ် ထင်သလား ဒီချမ်းသာတယ်ဆိုတာ တကယ်တော့ သာမည ချမ်းသာခြင်းပါဘဲ။ တကယ်စစ်မှန်တဲ့ ချမ်းသာခြင်း မဟုတ်သေးဘူးတဲ့။ လောကကြီးမှာ ရွှေအစစ်ကို မရခင် ရွှေအတုကလေးနဲ့ ကျေနပ်နှစ်သိမ့်သလိုပါဘဲပေါ့။

ရွှေအစစ်ကို ရတဲ့အခါကျတော့ အဲဒီ ရွှေအတုကြီး ဘာလုပ်မှာတုန်း သစ္စာတရား တကယ်တွေ့ပြီး သိပြီး နားလည်ပြီး သဘောပေါက်ပြီး ပိုင်နိုင်ပြီး ၀င်စားပြီး မျက်မှောက်ပြုပြီးဆိုတော့ ဒီ ဝေဒရိက သုခခေါ်တဲ့ စိတ်နဲ့ ပတ်သက်တဲ့ ချမ်းသာခြင်းတွေဟာ သာမည ချမ်းသာခြင်းပါ။

ဘာကြောင့်တုန်း . . . ဘာကြောင့်တုန်းဆိုတော့ ဒီစိတ်ကိုက ပျက်နေတဲ့အရာမို့ အဲဒီချမ်းသာတဲ့ စိတ်ကလေးကလည်း ပျက်စီးမှာ၊ ဒီတော့ ပျက်စီးတဲ့စိတ်ရဲ့ ကျေနပ်နှစ်သိမ့်မှုနဲ့ ခံစားရတဲ့ အဲဒီပီတိနှင့် လောဘသည် အရိယာ ဉာဏ်မျက်လုံးနှင့် ကြည့်တော့လည်း ဒုက္ခအမှန်ပါဘဲ။ ဒီမှာဘက် ရုပ်နာမ်မှာ ဖြစ်ပျက် နေတဲ့ စိတ္တသင်္ခါရ အားလုံးသည် ဒုက္ခသစ္စာဘဲ။ ဘယ်လိုများပါလိမ့်။

အော် . . . ရုပ်နာမ်တွေမှာ ဖြစ်ပေါ်နေရတဲ့ ရုပ်ဓမ္မ နာမ်ဓမ္မ သဘာဝရဲ့ ဖြစ်နေရတာကိုက ဒုက္ခဘဲ။ ဒီဒုက္ခ ချုပ်ငြိမ်း ရုတ်သိမ်းပြီး နိဗ္ဗာန်ချမ်းသာမြတ်ကို ကိုယ်ပိုင် ဉာဏ်နှင့် ၀င်စားတော့မှ စစ်မှန်တဲ့ ချမ်းသာရမည်။

သစ္စာဉာဏ်က အဲဒီမှာ ဆိုက်မှာ၊ ဘာ့ကြောင့် စိတ်၏ ဖြစ်ရပ်ကလေးတွေဟာ ဒုက္ခခေါ်ရတုန်း။ ဘာကြောင့် ဒုက္ခခေါ်ရတုန်းဆိုရင် ဖြစ်ပေါ်လာရတာကိုက ပျက်စီးခြင်း ဘေးအထပ်ထပ်ကို ဦးတည်လျက်နှင့် ဖြစ်ပေါ်လာရတာမို့ အစစ်အမှန် ချမ်းသာခြင်းကို ဘယ်လိုမှ ယူလို့မရဘူး။ စိတ်ဒုက္ခကလေးတွေ ငယ်စဉ် တောင်ကျေး ကလေးဘ၀က ဖြတ်သန်းပြီး ပျော်ရွှင်ခဲ့ကြရ ကြည်နူးခဲ့ကြရတဲ့ ဖြစ်ရပ်ကလေးတွေ အခုရှိသေး သလားဆိုတော့ မရှိတော့ဘူး။

ဒါဖြင့် အခုဘာရှိသတုန်း၊ အတိတ်က ပျော်ခဲ့တာတွေကို အခုပြန်လည်ပြီး ဆင်ခြင်လိုက်တဲ့အခါ အဲဒီ ပျော်ရွှင်ခြင်းကို တပ်မက်မိတဲ့ လောဘသက္ကာယလေးနဲ့ အဲဒီပျော်နေရတဲ့ အဖြစ်ဘ၀လေးကို တပ်မက်နှစ်သက်တဲ့ ရာဂနဲ့ယှဉ်တဲ့ ဘ၀တဏှာ ရလာတယ်။

အော် . . . ဒီလိုဆိုတော့ ကြောက်စရာကြီးပါလား။ မသိလို့ ကိုယ်ကပျော်မိ၊ အဲဒီ ပျော်ရွှင်ကြည်နူးမှု ကလေးကို တပ်မက်ရင်းနဲ့ ပျော်ခြင်းကို နှစ်သက်ရာက ရာဂဖြစ်ပြီး အဲဒီ ရာဂမှ ဥပါဒါန်ဝင်ကပ်သည်ရှိသော် နောက်ထပ်တဖန် ထပ်မံ၍ ထိုကဲ့သို့ ပျော်စရာကောင်းသည့် ဘ၀မျိုး လိုလားခြင်းအားဖြင့် ဘ၀တဏှာ၊ ဘ၀တဏှာဖြစ်ကတည်းက သဿတဒိဋ္ဌိနှင့် ယှဉ်သွားပြီ။ ဒီတော့ရုပ်နာမ်တွေ ဖြစ်ပေါ်လာတာ စိတ်နှင့် ပတ်သက်လို့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ၎င်းတို့သည် ဒုက္ခစာရင်းထဲမှာ ၀င်တယ်။

အော် . . . ဒီတော့ ဒုက္ခစာရင်း မ၀င်တာ ဘယ်လိုတုန်း။

ဒုက္ခစာရင်း မ၀င်တာက အခြားမဟုတ်ဘူးတဲ့၊ အဲဒီ ပျော်စိတ်တွေရော၊ စိတ်ညစ်စိတ်တွေရော ရှုလိုက်လို့ သတ်လိုက်လို့ အပျက်မြင်ပြီး မဂ္ဂင်ဉာဏ်နဲ့ ဆင်ခြင်တဲ့နောက်မှ ဒီမဂ္ဂင်ဉာဏ်နဲ့ နိဗ္ဗာန်ကိုထိုးထွင်းပြီး မျက်မှောက်ပြုခြင်းရဲ့ ဟိုမှာဘက်တရား တွေ့သိခြင်းမှာ ရရှိအပ်တဲ့ ချမ်းသာစစ်ကမှ တကယ့် ချမ်းသာစစ်ဖြစ် တယ်။

အော် . . . ဒါဖြင့် အဲသလို ချမ်းသာစစ်ကို – အရှင်ဘုရားရယ် တပည့်တော်တို့ ဘယ်လိုရမှာတုန်း၊ ဘယ်လိုရမှာတုန်း ဆိုတာတွေ ဟောချင်လို့ဘဲ ဒီခေါင်းစဉ် ပေးလိုက်ရပြီတဲ့၊ `သစ္စာတရား တွေ့သိခြင်း´ သစ္စာတရားကို တွေ့သိခြင်းဆိုတော့ သစ္စာတရားဆိုတာက အမှန်၊ အမှန်တရားလေးပါးအနက်က ရုပ်နာမ်ဒုက္ခ၊ ဒုက္ခကို ဒုက္ခရယ်လို့မြင်တော့ ဒုက္ခကိုသိတဲ့ ဉာဏ်ပေါ်တဲ့အခါမှာ ခန္ဓာမှာ ဉာဏ်ရှိပြီး အဲ့ဒီ သစ္စာက ဒုက္ခသည် အမှန်ပါဘဲလို့ သိလိုက်တဲ့အခါမှာ မိမိခန္ဓာမှာ ဉာဏ်အစပျိုးတယ်။ ပါဠိလိုတော့ `ဒုက္ခဉာဏံ ပရိယုဋ္ဌာနာဘိ ဘ၀ န၀သေန သက္ကာယဒိဋ္ဌိံ နိဝေတ္တတိ´

မြန်မာလိုကတော့ ငါ့ရုပ်တွေ ငါ့နာမ်တွေ မြဲတယ်ဟေ့၊ ခိုင်တယ်ဟေ့၊ မာတယ်ဟေ့၊ တင့်တယ်တယ်ဟေ့၊ သာယာတယ်ဟေ့၊ နှိပ်စက်စရာ မရှိဘူးဟေ့၊ ကျေနပ်ဘွယ်ရာကောင်းတယ်ဟေ့၊ ကြည်နူးစရာကြီးဟေ့၊ ဒီလိုမတွက်တော့ဘဲနဲ့ အော် . . . ရုပ်နာမ်ကြီးရထားတာ ဒီရုပ်နာမ်ကြီးဟာ တဖြည်းဖြည်းနဲ့ ကြီးရင့်နေတဲ့၊ အိုမင်းနေတဲ့၊ ရင့်ရော်နေတဲ့၊ ရွေ့လျားနေတဲ့၊ ပျက်စီးနေတဲ့ ဘေးဆိုးရဲ့ဒဏ်ကို ခံရတယ်။ ပြုမူနေတာဘဲ ကံတွေ စိတ်တွေ ဥတုတွေ အာဟာရတွေရဲ့ ကျေးကျွန်ဖြစ်နေပြီလို့ အဲဒီလို ဒုက္ခရုပ်နာမ်ကို သဘောပေါက်လိုက်ရင်ဘဲ အဲဒီပုဂ္ဂိုလ်သည် ဒုက္ခဉာဏ်ပျိုးလိုက်ပြီ၊ ဒီတော့ ဒုက္ခကြီး ဘာကြောင့်ရသတုန်းလို့ ထပ်မံ၍ စဉ်းစားလိုက်ကာမှ ဒုတိယသစ္စာခေါ်တဲ့ သမုဒယသစ္စာ သဘောပေါက်မယ်။

သမုဒယသစ္စာဆိုတာ ဘယ်လိုတုန်း၊ သမုဒယသစ္စာဆိုတာက ဒီရုပ်နာမ်ကို ဆင်းရဲတယ်လို့ နားမလည်တဲ့အပြင် ပျက်သွားတာကိုလည်း သတိမယှဉ်မိတော့ ဒီရုပ်နာမ်ကိုဘဲ လိုချင်မိလို့ ဒီရုပ်နာမ်ကိုဘဲ စွဲလန်း တပ်မက် ကပ်ငြိပြီး လိုချင်နေတဲ့ သဘောတွေဖြစ်လို့ အဲဒီလိုချင်ခြင်းကို အကြောင်းခံလိုက်တော့ သမုဒယကို လက်ခံရာကျတယ်။

အဲဒီ သမုဒယကို လက်ခံမိရင်ဘဲ ဒုက္ခက နောက်ကွယ်ကလာတယ်။ ဒါကြောင့် ဒုက္ခရဲ့ အကြောင်းအရင်းသည် သမုဒယဖြစ်၏။ သမုဒယ အကြောင်းခံရင် ဒုက္ခ အကျိုးပေးမယ်။

အော် . . . ဒီတော့ အရှင်ဘုရား၊ တပည့်တော်တို့က သစ္စာတရား ရှာဖွေနေတာ။ တွေ့ရှိအောင် ရှာဖွေနေတာ။ ဒီသစ္စာတွေ့အောင် ကြိုးစားတဲ့ ပုဂ္ဂိုလ်တွေမို့ ဒုက္ခကြီး ရှိနေသမျှ ကာလပတ်လုံး သစ္စာမတွေ့ရင် သစ္စာတွေ့အောင် ဒုက္ခချုပ်အောင် ကြိုးစားတော့မယ်။

ဒုက္ခချုပ်အောင် ကြိုးစားတော့မယ်ဆိုတော့ အဲဒီဒုက္ခချုပ်အောင် ဘယ်လိုလုပ် ကြိုးစားရမတုန်း။ ဒုက္ခချုပ်အောင် ကြိုးစားနည်းက ဒုက္ခကို ဖြစ်စေတဲ့ သမုဒယကို ပယ်ရမယ်။ အော် . . . ဒီလိုဆိုတော့ သမုဒယတွေ ပယ်ချင်ပါတယ် ဘုရား။ သမုဒယကို ဘယ်မှာ ပယ်ရမယ်၊ ဘယ်လို ပယ်ရမတုန်း၊ ကောင်းပြီး . . . သမုဒယ ဘယ်မှာ ပယ်ရမလဲဆိုရင် တခြားမှာ မပယ်ရဘူးတဲ့၊ တရားနာ ပရိသတ်ကြီး သမုဒယဆိုတာ ကိုယ့်ရင်ထဲမှာ ရှိတယ်။

ကိုယ့်ရင်ထဲက စိတ်နှင့်အတူယှဉ်တွဲပြီး ဖြစ်ပေါ်တဲ့ အဲဒီ သမုဒယကို ပယ်ရမယ်တဲ့။ ဒီဒုက္ခကို နှစ်သက်နေတဲ့ သမုဒယကို ပယ်ချင်တော့ ဒုက္ခကို မနှစ်သက်ဘဲ ဒုက္ခကို အပျက်ရှုခြင်းသည် သမုဒယကို ပယ်ရင်းနဲ့ ဒုက္ခကို ချုပ်ဆုံးစေတယ် တရားနာပရိသတ်ကြီး။

ဒီနေရာမှာ နက်နဲသွားပြီး သမုဒယကို ဘယ်မှာပယ်မှာတုန်း။ ကိုယ့်ရင်ထဲမှာ ပယ်မယ်။ ကိုယ့်ရင်ထဲမှာ ဘယ်လိုပယ်မှာတုန်း။ ဘာကြောင့် သမုဒယပယ်ပြီးသား ဖြစ်ရသတုန်း၊ အော် . . . စောစောကတော့ ဒုက္ခကို ဒုက္ခမှန်း မသိဘူး။ ဒုက္ခကို ဒုက္ခမှန်းမသိလို့ အဲဒီဒုက္ခကြီးကို လိုချင်လို့ ဒုက္ခကိုဘဲ ရင်ဝယ်ပိုက်ခဲ့တယ်။

အခုတော့ ဒုက္ခကို ဒုက္ခမှန်းသိလို့ ဒုက္ခကို မလိုချင်လို့ အဲဒီဒုက္ခကို မလိုချင်လို့ ဒုက္ခအပျက်ရှုရတဲ့ သတ္တိဟာ သမုဒယကို ကျောခိုင်းလိုက်တာဘဲ။ သမုဒယကို ကျောမခိုင်းရင် သမုဒယက အကြောင်းပြုပြီးတဲ့နောက် ဒုက္ခလာ၊ ဒီဒုက္ခကိုဘဲ ဆက်ပြီး ရင်ဝယ်ပိုက်လိုတဲ့ သဘောထားတော့ နောက်ထပ်တဖန် ဒုက္ခလာတာဘဲ။

တနည်းအားဖြင့် မျိုးစေကလေးတစ်ခုဟာ သစ်ပင်စိုက်လို့ သစ်ပင်က သစ်သီးသီးပြီး ဒီသစ်သီးက တဖန်သစ်ပင်ပြန်ဖြစ် အဲဒီမျိုးစေ့ကတဖန် ပြန်ဖြစ်တဲ့ နောက်သစ်ပင်ပေါက်၊ သစ်ပင်ကတဖန် သစ်သီးသီး ဒီသစ်သီးက တဖန် မျိုးစေ့ပြန်ဖြစ်ရင် နောက်ထပ်တဖန် သစ်သီး သီးစရာတွေ ပေါ်တော့မယ်။ ဒါကြောင့် ဒီမျိုးစေ့ကို ဆက်လက်ပြီး သစ်ပင်မဖြစ်ရအောင် မျိုးစေ့က သစ်ပင်ပေါက်စရာ အလားအလာတွေကို ကုန်ဆုံးချုပ်ငြိမ်းအောင်လို့ မီးအိုးကင်းပေါ်မှာ ထည့်ပြီး လှော်လိုက်သလိုဘဲ၊ ဒုက္ခရုပ်နာမ်ကို ငြိတွယ်နေတဲ့ သမုဒယကို ပယ်သတ်ချင်တော့ ဒီဒုက္ခကို အပျက်ရှုလိုက်တာဘဲ။

အရှင်ဘုရား ဘာနဲ့ အပျက်ရှုရမလဲဆိုတော့ အော် . . . ၀ိပဿနာ နည်းပညာ နားလည်ပြီးသားဘဲ ဒီဒုက္ခရုပ်နာမ်ကို ဉာဏ်ပညာနဲ့ အပျက်ရှုလိုက်ပေါ့၊ ဉာဏ်ပညာနဲ့ ဘယ်လို အပျက်ရှုမတုန်း ဆိုတော့ ကိုယ့်ရုပ် ကိုယ့်နာမ် ကိုယ်ပိုင်တယ်လို့ မယူနဲ့ အတ္တ၊ သတ္တ၊ စိတ္တနဲ့ မယူဘဲနဲ့ `ပရတော ပဿန္တိ´ ဒီရုပ်နာမ်ကို သူစိမ်းပြင်ပြင် မင်းအပျက်ကွာလို့ ဉာဏ်နဲ့ရှုလိုက်၊ ရှုလိုက်တဲ့အခါကျတော့ သမုဒယ ပယ်လိုက်သည်နှင့် တပြိုင်နက်ထဲ ဒုက္ခကြီး ပျက်သွားတယ်။

အဲဒီ ဒုက္ခကြီး ပျက်သွားတော့ လက္ခဏာတင်လိုက်ပြီး . . . ရုပ်နာမ်ဒုက္ခ၊ မင်းဟာ အပျက်ကြီးကွာလို့ လက္ခဏာတင်လိုက်၊ လက္ခဏာတင်လိုက်တော့ ဉာဏ်အောက်မှာ ဒီဒုက္ခက ဉာဏ်ရဲ့ ရှုချက်အောက်မှာ ဒုက္ခသည် ကျစ်လစ်သိပ်သည်းမှုတွေ မရှိတော့ဘဲ၊ တဖြည်းဖြည်းနဲ့ ပါးလျပ်လျော့ရဲပြီး၊ လျော့နဲပြီး၊ ပျက်ပြယ်ပြီး၊ သေးသိမ်ပြီး၊ သေးငယ်ပြီး၊ နောက်ဆုံးကျတော့ ချုပ်ငြိမ်းပျောက်ကွယ်သွား၊ ချုပ်ငြိမ်းပျောက်ကွယ်သွားတော့ ဒုက္ခရဲ့ အပျက်ကို ရှုလိုက်တဲ့ဉာဏ်က ဒုက္ခချုပ်ငြိမ်းရာကို သိတဲ့အခါမှာ ဒုက္ခချုပ်ငြိမ်းတဲ့ သဘောကြီးက နိရောဓသစ္စာ၊ ဒုက္ခချုပ်ငြိမ်းတာကို သိနေတဲ့ဉာဏ်က မဂ်ဉာဏ် ဖိုလ်ဉာဏ်ဘဲ။

ဆက်လက်ဖော်ပြပါမည် –

 

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *