ပျံ့မွှန်းမွှေးလှိုင်ကြူ -32
Share
-32
သစ္စာဝါဒီ အသျှင်နန္ဒ၀ံသ (မဟာဝိဇ္ဇာ)
ဟောကြားတော်မူအပ်သော တရားတော်
နည်းပညာ -အဆက်
ဝိပဿနာ နည်းပညာမှာ ၀ိဆိုတာ အထူး၊ ပဿနဆိုတာ ရှုသတ်ခြင်း၊ ရုပ်နာမ်မှာ အမှန်တရားကို မမြင်စေနိုင်တဲ့ ဒီ နိဝရဏတရားတွေကို ရှုကြစို့၊ သတ်ကြစို့ဆိုပြီး ၀ိပဿနာနည်းပညာကို သစ္စာတရား ရရာ ရကြောင်း နည်းလမ်းကောင်းအဖြစ်နဲ့ ဟောခဲ့ပါတယ်။
ဝိပဿနာဆိုတာ ရှုသတ်ရမှာမို့ `ဘာနဲ့´ရှုရမတုန်း၊ `ဘယ်မှာ´ရှုရမတုန်း၊ ရှုလိုက်တော့ ဘာဖြစ်သွား သတုန်း၊ `ဘာတွေ´ရှုသတုန်းဆိုတဲ့ ဒီမေးခွန်းတွေရဲ့ အဖြေကိုလည်း ထိုက်တန်သလောက် ပေးခဲ့ပါတယ်။ ဉာဏ်ပညာနဲ့ ရှုကြစို့၊ အဇ္ဈတ္တ ဘ၀င်မှာ ရှုကြစို့၊ ရုပ်နာမ်ဒုက္ခကို ရှုကြစို့၊ ရှုတယ်ဆိုတာ အပျက်ဆိုတဲ့သဘောနဲ့ သုံးသပ်ကြည့်ခြင်း ဖြစ်တယ်။
ရှုလိုက်တဲ့အတွက် မိမိဉာဏ်တက်ပြီးနောက် . . . ရုပ်နာမ်ကို ဖုံလွှမ်းနေတဲ့ အ၀ိဇ္ဇာ တဏှာ ဥခွံကြီး ပေါက်ကွဲသွားလိမ့်မယ်။ ဒါကြောင့် ၀ိပဿနာနည်းပညာနဲ့ ပတ်သက်လို့ ပထမညအနေနဲ့ ဟောပြခဲ့ပါတယ်။ ဒုတိယညမှာတော့ ၀ိပဿနာနည်းပညာကို ကျင့်သုံးဆောက်တည်တဲ့ ပုဂ္ဂိုလ်များအတွက် ဘာရနိုင်သတုန်း၊ ဉာဏ်မျက်လုံးကို ရနိုင်ပါတယ်။
အရိယာ ဉာဏ်မျက်လုံးဆိုတာ ရိုးရိုးမံသစက္ခုလို့ခေါ်တဲ့ ရိုးရိုးမျက်လုံးနဲ့ မတူပါဘူး။ ထွင်းဖေါက်ပြီးတော့ ကြည့်နိုင်ပါတယ်။ ရိုးရိုးမျက်လုံး မမြင်နိုင်တဲ့ အရာတွေကို အရိယာ ဉာဏ်မျက်လုံးက မြင်ပါတယ်။ ဥပမာ – ဒုက္ခကို ဒုက္ခမှန်း မြင်သာပေတဲ့ အဲဒီဒုက္ခရဲ့ အကြောင်းအရင်း ဇစ်မြစ်ဖြစ်တဲ့ သမုဒယကို ဒုက္ခရဲ့ ရှေ့ပြေးအနေနဲ့ ရိုးရိုးမျက်လုံးနှင့် မမြင်နိုင်တဲ့အခါမှာ ဒီ အရိယာဉာဏ်မျက်လုံးက မြင်နိုင်တယ်။ ဒါကြောင့် အရိယာသူတော်စင် တွေဟာ သမုဒယကို ပယ်ခဲ့ကြတယ်။
သမုဒယ အကြောင်းခံလျှင် ဒုက္ခအကျိုး လာမယ်လို့ ကြိုတင်ပြီး သိခဲ့ကြတဲ့အကြောင်း ဇတ်လမ်းကောင်း တွေနဲ့အတူ ရောထွေးယှက်တင်ပြီးတဲ့နောက်လည်း ရှင်းပြခဲ့၊ ဟောပြခဲ့ပြီး၊ ဒီလို အရိယာ၏ ဉာဏ်မျက်လုံးများ ပိုင်ပြီဆိုမှဖြင့် အတ္တမဖက် ဓမ္မသက်သက်နှင့် ဓမ္မဒိဋ္ဌာန်ကျတဲ့ ဉာဏ်အမြော်အမြင်နဲ့ယှဉ်တဲ့ မေတ္တာစစ်၊ မေတ္တာမှန် ဒီလောကကြီးကို ပို့သနိုင်တယ်။
မိမိအတ္တကို ဗဟိုပြုပြီး ကိုယ်ကောင်းဘို့အတွက် မဟုတ်ဘဲနဲ့ တပါးသူတွေကို ကောင်းစားကြပါစေ၊ အကျိုးရှိကြပါစေ၊ ချမ်းသာခြင်းကို ဆောင်နိုင်ကြပါစေလို့ လာဘ်မျှော်ခံစားလိုစိတ် မရှိဘဲ မိမိကိုယ်ကို အတ္တာနုဝါဒီ အဖြစ်မှ ပယ်စွန့်ပြီးတဲ့နောက် မေတ္တာပို့သခြင်း အတတ်ပညာနဲ့ယှဉ်တဲ့ သူတော်စင် သူတော်မြတ်တွေ ထားရှိတဲ့ မေတ္တာဟာ အင်မတန်ကြီးမားပါတယ်။
ထိရောက်လေးနက်တဲ့ အကြောင်းနဲ့ ခံယူတတ်ရင် အကျိုးများ၍ အကြောင်းတွေကို `မေတ္တာစစ် မေတ္တာမှန်´ ဆိုတဲ့တရားတော်မှာ ထည့်သွင်းဟောခဲ့ပါတယ်။ ဒီလို အရိယာ ဉာဏ်မျက်လုံးရလို့ မေတ္တာစစ် မေတ္တာမှန် ပို့သနိုင်တယ်၊ ခံယူနိုင်တယ်ဆိုရင်ဘဲ သစ္စာတရားကို စတင်ရှာဖွေကြစို့။ အင်မတန်မှ နက်ရှိုင်းသော တိကျသော သိမ်မွေ့သော နူးညံ့သော အသိခက်သော ပြတ်သားသော ထိုသစ္စာတရားကို ကြိုးစားရှာဖွေကြစို့။
ဆက်လက်ဖော်ပြပါမည် –
This entry was posted in Buddhism and tagged , , , , . Bookmark the permalink.
One Response to ပျံ့မွှန်းမွှေးလှိုင်ကြူ -32
  1. မောင်ယဉ်ထက် says:
    ဆရာခင်ဗျား –
    လောကကြီးမှာ ရှုထောင့်အမျိုးမျိုးရှိရာ ကျွန်တော်၏ရှုထောင့်ကို တင်ပြကြည့်ချင်ပါသည်။
    ဒေါက်တာချစ်ငယ်ရေးသည်ကို ဖတ်ရသောအခါ သူက တစ်စုံတစ်ခုတော့ သိနေတဲ့ပုံစံ မျိုးလို့ နားလည်မိသည်။ ထိုတစ်စုံတစ်ခုကိုသိခြင်းသည် မှန်ခဲ့သည်ရှိသော်နှင့် မှားခဲ့သည်ရှိသော် ယင်းကိုတော့ ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့် ရှိချင်မှရှိမှာပါ။ (ကျွန်တော်က အပြင်လူလောက်ပါ)
    ဒါပေမယ့် မှန်ခဲ့သည်ရှိသော် ဘယ်လိုလည်း – မှားခဲ့သည်ရှိသော် ဘယ်လိုလည်း ဆိုသည်ကိုတော့ အနည်းငယ် စိတ်ဝင်စားမိသည်။ မှန်လျှင်တော့ ကျွန်တော်တို့ အားလုံးအတွက် သတင်းကောင်းတစ်ခု ရသကဲ့သို့ ခန့်မှန်းနိုင်ပါသည်။ သူက နိဗ္ဗာန်ကိုမြင်သည်ဟု ပြောသည်ကိုး။
    နိဗ္ဗာန်ကိုမြင်သည်ဟုပြောခြင်းသည် ကျွန်တော့်နားမှာတော့ စိမ်းနေသေးသည်။ အဘယ့်ကြောင့်ဆိုသော် ဤကဲ့သို့သော ပြောခြင်းမျိုးကိုမူ ကျွန်တော်တော့ ကြားမိသည်ဟု မမှတ်မိပါ။ ဦးချစ်ငယ် ဟုတ်ပါလိမ့်မည်၊ မဟုတ်ချင်လည်း မဟုတ်ပဲ ရှိပါလိမ့်မည်။ သို့သော် ကျွန်တော်စဉ်းစားမိသည်ထဲမှာ ဟုတ်ခဲ့သည်ရှိသော်နှင့် မဟုတ်ခဲ့သည်ရှိသော် များပင်ဖြစ်ပါသည်။
    ဟုတ်ခဲ့သည်ရှိရင်တော့ တော်တော်လေးတော့ လွယ်သလို နိဗ္ဗာန်မှာ သူပြောတဲ့ဂုဏ်ရည်များ အနည်းနှင့် အများဆိုသလို ရှိပေလိမ့်မည်။ သို့သော် ကျွန်တော်သည် ဘာသာရေးသမား အထူးပြု လေ့လာသူမဟုတ်၍ တိတိကျကျတော့ မဆိုနိုင်ပါ။ သို့သော် နိဗ္ဗာန်ရှိခြင်းကိုမူ မှန်းဆ၍ လက်ခံလိုသော ဗုဒ္ဓဘာသာတစ်ဦးတော့ ဖြစ်ပါသည်။
    ဒေါက်တာချစ်ငယ်ပြောပုံက ရှင်းတော့ရှင်းသည်။ နိဗ္ဗာန်က ဒါတွေ ဒါတွေ ရှိတယ်ဆိုတော့ အမှန်တကယ် တည်ရှိသော သဘာဝတစ်ခု၌ ဂုဏ်ရည်များတော့ ရှိရပေလိမ့်မည်။ တစ်စုံတစ်ခုရှိသည်ဆိုရင် ထိုတစ်စုံတစ်ခု၏ အရည်အသွေးများ ရှိကြပေလိမ့်မည်။ ယခုအခါ အရည်အသွေများကို ဒေါက်တာချစ်ငယ်က တင်ပြသည်။ အချို့လည်း သူစိတ်ကူးဟု ခန့်မှန်းမိသည်၊ အချို့လည်း သူလည်း စာအနည်းငယ် ဖတ်ရှုထားမည်ဖြစ်ရာ စာထဲကတွေ့သည်များ ပြောသည်လည်း ဖြစ်ချင်က ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ စကားလုံးများမှာမူ စာထဲကစကားလုံးများ ပါသည်ကို အနည်းငယ် နှိုင်းယှဉ်ကြည့်မိသည်။
    ဒေါက်တာချစ်ငယ်ပြောသောနိဗ္ဗာန်သည် တကယ်သူတွေ့ပြီဆိုပါစို့ ထိုအခါ ကျွန်တော်တို့ သတင်းတော့ ရသည်။
    ၁) နိဗ္ဗာန်ကြီးက တကယ်ရှိကြောင်း တွေ့ဖူးသူ ရှိသွားမည်။
    ၂) တွေ့ဖူးသူသည် မည်သို့သောဂုဏ်ရည်များ ရှိသည် ဟု တဖွဖွ ပြောနေသည်။
    (မိမိ၏ကောက်ချက်-ဘာဖြစ်လို့ နိဗ္ဗာန်ရှိကြောင်း တဖွဖွ ပြောနေရသနည်း ဟူမူ ကျွန်တော်တော့ ဥာဏ်မမှီပါ။)
    သို့သော် အသစ်အဆန်းသိရ၍ စိတ်တော့ဝင်စားသည်၊ သိပ္ပံသည်ပင်လျှင် တဖြည်းဖြည်း နက်ရှိုင်းလာသည်ဖြစ်ရာ ဗုဒ္ဓဘာသာကျင့်သူ တစ်ဦးအနေနှင့် တဖြည်းဖြည်း နက်ရှိုင်းသော အသိ မရှိဟုတော့ ကျွန်တော့ဘက်က မဆိုလိုပါ။ သို့သော် ရှိသည်ဟုလည်း ဆိုလိုရမှာ ကျွန်တော့၌ ထိုမျှတိုင်းတာနိုင်ရန် အသိပညာရှိသည်ဟု ကိုယ့်ဖာသာကိုယ် မသတ်မှတ်မိပါ။
    ထို့ကြောင့် စိတ်ဝင်စားမှုတော့ရှိသည်။ အဟုတ်ရှိလျှင်လည်း ပျော်စရာကောင်းသည်ဟုတော့ စိတ်ဝင်စားမိသည်။ ကျွန်တော်သည် ဒေါက်တာချစ်ငယ်ကို မနာလိုဝန်တိုတော့ မဖြစ်မိပါ။ သို့သော် ယုံရခက်ခက်ပဲ ဒေါက်တာချစ်ငယ်ရေ .. .. ဟု ဆိုရမည်ကဲ့သို့ ရှိပါသည်။
    ဤသို့ဆိုခြင်းသည် အဆင့်အတန်း မရှိပင် မရှိငြားသော်လည်း ကျွန်တော့်၏ မှန်ကန်သော အရည်အချင်းမှ ထောက်ပြသော အကွက်တစ်ခုဖြစ်ပါသည်။ အများသူငါ မပြောပဲ ဒေါက်တာချစ်ငယ် ပြောသဖြင့် ဒေါက်တာချစ်ငယ်သည် ထူးသည်ဟုတော့ ခံစားမိသည်။ သို့သော် လောကကြီး၌ ထူးသော ဖြစ်ရပ်များလည်း ကြုံတွေ့လေ့ရှိရာ အလွယ်တကူတော့ ကန့်ကွက်ဖို့ရာ ကျွန်တော် အခွင့်အရေး မဟုတ်ဘူးဟု နားလည်မိသည်။ သို့သော် ဒေါက်တာချစ်ငယ် ဘာဖြစ်လို့ တဖွဖွ ပြောနေရပါသနည်း။ ဤကိစ္စလည်း ကျွန်တော်တော့ ဥာဏ်မှီသမျှ စဉ်းစားကြည့်နေမိသည်။
    သူသည် တကယ်တွေ့၍ ၀မ်းပန်းတသာ ပြောနေခြင်းလော၊ သူပေါ်ပြူလာ ဖြစ်ချင်လို့များလား ဟုတော့ စဉ်းတော့ စဉ်းစားမိသည်။ သို့သော် ပေါ်ပြူလာသက်သက် ဖြစ်တယ်ဟု စွပ်စွဲရရန် ဒေါက်တာချစ်ငယ်သည် တစ်ချို့ကိစ္စ၌ ပေါ်ပြူလာဖြစ်ခြင်းကို မရည်ညွှန်းပါဟူသော လေသံများ ပစ်လေ့ရှိရာ သူပစ်သောလေသံကို ဆန့်ကျင်၍တော့ ကောက်ချက်မပေးလိုပေ။
    သို့သော် သာသနာမှာ ထူးဆန်းနေသည်ကတော့ သေခြာသလိုလို ဖြစ်နေသည်။ ကျွန်တော်တို့ဘက်ကမူ သူ တကယ်မြင်ပါစေလို့သာ ဆုတောင်းရမလို ဖြစ်နေသည်။
    ကျွန်တော်တို့လည်း ညံ့ပါသည်။ သူ့ကို မှန်ကြောင်း မှားကြောင်း ဆုံးဖြတ်နိုင်ခွင့် မရှိပါ။ သို့သော် သတင်းထူး ၊ သတင်းဦးလေးတွေ ရတဲ့အတွက် ကျွန်တော် အခု ဆက်လက်လေ့လာ ကြည့်နေကြောင်းတော့ ခံစား တင်ပြပါသည်။
    မောင်ယဉ်ထက်
Leave a Reply
Your email address will not be published. Required fields are marked *