ပျံ့မွှန်းမွှေးလှိုင်ကြူ -26

Share

ခန္ဓာဇတ်သိမ်း လွတ်ငြိမ်းရာရှာ

ရုပ်နာမ်ကို မုန်းလိုသူတို့သည် ရှေးဦးစွာ စိတ်နှင့် မမုန်းနှင့် ဉာဏ်နှင့်မုန်းပါဟု အကြံပြုလိုသည်။ ဉာဏ်မှာ မုန်းရန် အင်အားမပြည့်စုံသေးပါဟုဆိုလျှင် ဉာဏ်အင်အား မကောင်းမီ ဉာဏ်ဦးစီး၍ လုပ်ကြံမုန်းပစ်လိုက်ပါဟု တိုက်တွန်းလိုပါသည်။ လုပ်ကြံမမုန်းသေးသမျှ အစစ်အမှန် မုန်းတီးလာနိုင်စရာ အကြောင်းမရှိချေ။ အဘယ့်ကြောင့်ဆိုသော် ပုထုဇဉ်များအနေနှင့် တသံသရာလုံးက ချစ်ခင်လာခဲ့သောကြောင့်ပေတည်း။

ခန္ဓာဇတ်သိမ်း လွတ်ငြိမ်းရာ ရှာဖွေလိုသူတို့သည် စွန့်တန်သရွေ့တော့ စွန့်ကြရမည်သာဖြစ်သည်။ စွန့်ခြင်း၏ ဟိုမှာဘက်ကျမှ လွတ်မြောက်မှုကို မျှော်လင့်နိုင်ပေသည်။

ရုပ်နာမ်ကို စွန့်လွတ်နိုင်စွမ်းရှိကြောင်း စွန့်လွတ်ပြီးသူတိုင်း သိကြသည်။ စွန့်လွတ်ပြီးသူတိုင်း၌ ရုပ်နာမ်၏ အချည်းနှီးဖြစ်ပုံ အနှစ်သာရကင်းမဲ့ပုံများကို ကုံကုံငင သိနားလည်ထားကြသည်။အကယ်စင်စစ်မူ ရုပ်နာမ်သည် အချည်းနှီးမျှသာတည်း။ အနှစ်မဲ့မျှသာတည်း။

ကိလေသာ

ကိလေသာသည် ဆိုးယုတ်သလား၊ ဆိုးယုတ်ပါသည်။ သို့ဖြစ်လျှင် အဘယ့်ကြောင့် ထိုဆိုးယုတ်မှုကို မပယ်စွန့်ကြသနည်း။ မပယ်စွန့်နိုင်အောင် ဆိုးယုတ်မှုအင်အား ကြီးမားနက်ရှိုင်းသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့် ထိုကိလေသာ အားသည် ဤ၍ဤမျှ အင်အားထုထည် ကောင်းနေရသနည်း။

တသံသရာလုံးက အကျင့်ရလာလို့ဖြစ်သည်။ ဆိုးယုတ်မှုတိုင်း လူတိုင်း သိပါသလော။ လူတိုင်း သိသည်ဟု မဆိုနိုင်ပါ။ သိသော ပုဂ္ဂိုလ်များက မသိသော ပုဂ္ဂိုလ်များနှင့် သိသယောင်ယောင် ဖြစ်နေကြသော ပုဂ္ဂိုလ်များကို ပြောဟောရှင်းပြ နေကြရသည်။

ကိလေသာသည် အဘယ့်ကြောင့် ဆိုးယုတ်ပါသနည်း။ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း၊ နည်းအမျိုးမျိုးနှင့် နှိပ်စက်တတ်ပါသည်။ ထိုသို့ နှိပ်စက်မှုဒဏ်ကို မည်သူခံရပါသနည်း။ ရုပ်နာမ်က ခံရပါသည်။ ရုပ်နာမ်သည် `ငါ´ လော၊ မဟုတ်ပါ၊ ထိုသို့ဖြစ်လျှင် `ငါ´ မခံရဘူးပေါ့၊ `ငါ´ မခံရပါ။ ရုပ်နာမ်ခံရခြင်းမျှသာပါ။ သို့သော် ရုပ်နာမ်ရှိနေသ၍ ခံရသည်ကို သိနေရသဖြင့် `ငါ´ မဟုတ်သော ရုပ်နာမ်ခမြာမှာ အကြီးအကျယ် ခံနေရပါသည်။

`ငါ´ ခံရသည်ဆိုလျှင်တော့ မခံချင်ဘဲ ပိုင်ပိုင်နိုင်နိုင် ဒုက္ခမဖြစ်ရဟု တားမြစ်နိုင်စရာရှိသည်။ ယခု နှိပ်စက်မှုဒဏ်မှာ `ငါ´ မခံရသဖြင့် `ငါ့´ အလိုကျလည်းမဟုတ်၊ ရုပ်နာမ်ကို ကြိုးကိုင်နေသော ကိလေသာ မောင်းနှင်နှိပ်စက်သမျှ ရုပ်နာမ်ကြီးမှာ ဘေးဒုက္ခဆိုးတို့ တွေ့ကြုံရင်ဆိုင်ရရှာသည်။ ထို့ကြောင့် ရုပ်နာမ်ကို သနားလျှင် ကိလေသာ ကုန်ခန်းပါစေဟု အကြံပြုရပါသည်။

ဤနေရာ၌ ရုပ်နာမ်ကိုယ်တိုင်က ကိလေသာ တိုးပွားများပြား ခံစားချင်နေရာ ရုပ်နာမ်ကို သနားလျှင် ကိလေသာ ခံစားပါစေလားဟု စောဒကတက်ဘွယ်ရှိသည်။ မဟုတ်ပါ။ ဤသို့ မယူရပါ။ ရှင်းပြပါဦးမည်။ ကိလေသာကို လိုက်လျောတိုင်း ရုပ်နာမ်ရဘို့ အင်အားတိုးပွား များပြားလာရာ ကိလေသာများလေ ရုပ်နာမ် ဒုက္ခ များလေဖြစ်၍ ကိလေသာ လျော့အောင်၊ ပါးအောင်၊ ကုန်အောင်၊ ကြိုးစားကျင့်ကြံ ရမည်သာဟု ယူရပါမည်။

ကိလေသာကြောင့် ရုပ်နာမ်ဖြစ်၏။ ရုပ်နာမ်သည် ဆင်းရဲ၏။ ပျက်စီး၏။ မပိုင်မဆိုင်အပ်သော သဘောဖြစ်၏။ နှိပ်စက်၏။ ဖောက်ပြန်၏။ ပြုပြင်စီရင်နေရ၏။  မိမိလက်ရှိ ပြကတိသဘော၌ မတည်ငြိမ်၊ ရွေ့လျော၏။ ရုပ်နာမ်နှင့် တွဲယှဉ်ဖြစ်ပေါ်လာသော ကိလေသာကို အမှန်မြင်သောဉာဏ်သည် ချမ်းသာ၏။

 

ဆန့်ကျင်ဘက် အစုံတို့၏

လွှဲဟန်များ

မေတ္တာနှင့် ရာဂကို ခွဲခြားသိနိုင်ရမည်။ မေတ္တာမှာ အတ္တကို ပယ်ရသည်။ ရာဂမှာ အတ္တကို ဗဟိုပြုသည်။ မေတ္တာသည် သန့်စင်မွန်မြတ်သော စေတနာရှိ၏။ ကိုယ်တူပြု၏။ အကျိုးလို၍ ချမ်းသာစေလိုသည်။ ရာဂသည် မိမိအတွက် တပ်မက်မှု သွေးသားသောင်းကျန်းခြင်းပင်ဖြစ်သည်။ ရာဂရှိသော သွေးသားသောင်းကျန်းသူသည် ရက်စက်တတ်၏။ မပြတ်သားနိုင်ပေ။ ပြတ်သားခြင်းနှင့် ရက်စက်ခြင်းကို နားလည်နိုင်ရပေမည်။

တရားရှင်သည် ပြတ်သားသော်လည်း မရက်စက်ချေ။ ပြတ်သားခြင်းသည် ဉာဏ်ဖြင့် ပိုင်းခြားခြင်းဖြစ်၏။ ဒုက္ခ ပေးလိုသောသဘော၊ နှိပ်စက်လိုသောသဘော တရားရှင်၌ မရှိချေ။ မိမိ၏ အတ္တ လောဘကို ပြတ်ပြတ်သားသား ပယ်စွန့်နိုင်သည်။

ရက်စက်ခြင်းမှာ နှိပ်စက်လိုသော ဒေါသစိတ်ပါသဖြင့် တရားရှင်တို့ ထားရှိအပ်သော သဘောထားမျိုး မဟုတ်။ ဒေါသစိတ်သည် မေတ္တာနှင့် ကြင်နာခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ မေတ္တာနှင့် ယှဉ်သော ကြင်နာခြင်းမှာ ပျော့ညံ့ခြင်း မဟုတ်ချေ။ သိမ်မွေ့နူးညံ့စွာ ကြင်နာနိုင်၏။ ညှာတာထောက်ထားခြင်းသည် ကရုဏာ သဘောဖြစ်သည်။

ပျော့ညံ့ခြင်းမှာမူ ဆုတ်နစ်လွယ်စေသဖြင့် အာဇာနည်တို့၌ ထိုသဘောထားမျိုး မရှိနိုင်ချေ။ မပျော့ညံ့ရဟု ဆိုသဖြင့် မာနကြီးရန်မဟုတ်၊ မာနမကြီးဘဲနှင့် စိတ်ဓာတ် ခိုင်မာရမည်။ စိတ်ဓာတ် မခိုင်မာသူသည် သူတော်စင် မဖြစ်နိုင်၊ ခိုင်မာခြင်းမှာ ဉာဏ်ဖြင့် ကွပ်ကဲကြံခိုင်ခြင်းဖြစ်၍ မာနကြီးခြင်းမှာ စိတ်ဖြင့် လွဲမှားစွာ မာန်မာန တက်ခြင်းဖြစ်သည်။ ခိုင်မာရန် လိုအပ်သကဲ့သို မာနမကြီးရန်လည်း လိုအပ်သည်။

မာနမကြီးရသဖြင့် သတ္တိမရှိနိုင်၊ သရဲဘောနဲရမည်ဟု မယူဆအပ်၊ တရားအားထုတ်သူသည် မိုက်ရူးရဲ မလုပ်ရသော်လည်း သတ္တိတော့ အထူးကောင်းရသည်။ လက်မ သံမှိုရိုက်စဉ် တွန့်ဆုတ်သွားသဖြင့် သတ္တိရှိသော စာရင်းမှ ပယ်စွန့်ခြင်း ခံရလေသူသည် မိမိ၏ ၀မ်းဗိုက်ကို ဓားဖြင့်ထိုးလျက် အူကိုကိုင်စေပြီး နောက်သို့ ဆုတ်လဲကျ သေဆုံးသွားရသော အဖြစ်မှာ မိုက်ရူးရဲ ဆန်ခြင်းဖြစ်သည်။ သတ္တိရှိခြင်းမျိုး မဟုတ်ပေ။

သတ္တိရှိသူသည် ခံသင့်လျှင် ခံရဲ၍ တိုက်သင့်လျှင် တိုက်ရဲသည်။ ဉာဏ်ပညာရှင် သူတော်ကောင်း အမျိုးအစားသည် သတ္တိ အထူးကောင်းရ၏။ ကြည်ညိုဘွယ်ကောင်းသော ခေါင်းဆောင် အမျိုးအစားလည်း ဖြစ်သည်။ မိမိအကျိုးရှိ တပါးသူအကျိုးရှိ ဟုတ်မှန်သဖြင့် အမှန်ဘက်မှ ရပ်တည်ရဲသူဖြစ်သည်။

တိုက်ခိုက်သည် ဆိုရာ၌ ကိုယ်ပျော့ညံ့စိတ်ကို ကိုယ်တိုင် အသိပညာဦးစီး၍ တိုက်ခိုက်ရဲခြင်းလည်း အပါအ၀င်ဖြစ်သည်။ ထိုအရည်အချင်းသည် သူရဲကောင်းတို့၏ အင်္ဂါလက္ခဏာ အမျိုးအစား တရပ်ပင်ဖြစ်သည်။

စိတ်ဖြင့် ကြောက်ခြင်းမှာ သူရဲဘောနဲခြင်း ဖြစ်၍ ဉာဏ်ဖြင့် ကြောက်ခြင်းမှာ ပညာရှိခြင်းဖြစ်သည်။ ဉာဏ်ဖြင့် ကြောက်သူသည် ဒုက္ခဖြစ်မည်ကို ကြိုတင်၍မြင်၏။ ဒုက္ခဖြစ်မည်ကို မြော်မြင်လျက် ဉာဏ်ဖြင့် ဆင်ခြင်ကာ အကျိုးယုတ်မှု ဆင်းရဲမှုကို ကြောက်ရွံ့ခြင်းဖြစ်သည်။ ဆင်းရဲမှုကို ကြောက်သဖြင့် ဆင်းရဲခြင်းကို မဖြစ်ပေါ်စေရအောင် နေထိုင်ကျင့်သုံးသည်။

ဉာဏ်ဖြင့် ချမ်းချမ်းသာသာနေသည်။ စိတ်ဖြင့်ကြောက်နေသူမှာ ဆင်းရဲသည်။ အဘယ်ကြောင့်ဆိုသော် စိတ်ဖြင့် ကြောက်နေရသည်ကိုက ဆင်းရဲမှုကို ခံစားနေရခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ ထိုသူသည် ငါကြောက်နေသည်ဟု ခံစားရသဖြင့် မချမ်းသာနိုင်။

ဉာဏ်ဖြင့် ကြောက်စရာမို့ ကြောက်သူမှာ ချမ်းသာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ကြောက်ရမည့် အရာကို ကြောက်သဖြင့် ဉာဏ်ပညာဖြင့် ကြောက်စရာကို ပယ်သတ်ထား၏။ စွန့်ဖြတ်ထား၏။ ခွာထား၏။ ပြတ်သားစွာ ပိုင်းခြားထား၏။

စိတ်ဖြင့်ကြောက်သူမှာ ကြောက်စရာကို ကပ်ထား၏။ ဥပါဒါန်ကြီးသူ သညာသမားဖြစ်၏။ ကြောက်မှုကို စွဲကပ်နေသဖြင့် မပိုင်းခြားနိုင်၊ ထို့ကြောင့် ဆင်းရဲရ၏။

ဉာဏ်ဖြင့်ကြောက်သူမှာ ဥပါဒါန်မရှိ၊ ပညာဖြင့် အကြောင်းမပြုဘဲထား၏။ အကြောင်းမပြုသဖြင့် အကျိုးဖြစ်မလာချေ။ ထို့ကြောင်းချမ်းသာ၏။ သတိချပ်ပါလေ။

အတ္တကြီးသူသည် ပညာမရှိ၊ သညာသမားဖြစ်၏။ `ငါ´ တော့ခက်တာဘဲဟု စိတ်ဖြင့်ကြောက်၏။ အနတ္တ၀ါဒီသည် ပညာသမားဖြစ်၏။ ဒုက္ခဆင်းရဲမှု၏ အပျက်ကို ဉာဏ်ဖြင့်မြင်သဖြင့် ဆင်းရဲမှုကို ဖက်မထားချေ။ အပျက်ကို ဖက်မထားချေ။

ပျက်စရာရှိ၍ ပျက်ကြောင်းကိုလည်းကောင်း၊ ပျက်လေ့ရှိကြောင်းကို လည်းကောင်း၊ ကြိုတင်သိရှိထား၏။ ပိုင်ဆိုင်ခြင်းမှာ မစွမ်းသဖြင့် စွန့်ပယ်ထား၏။ ထို့နောက် အပျက်ကို အလိုမရှိ၊ လောဘပယ်သတ်၏။

အကျိုးရှိရာကိုသာ လုပ်ဆောင်၏။ အကျိုးဖြစ်အောင် အကြောင်းခံ၏။ အကြောင်းမခံဘဲ အကျိုးကို လိုချင်ခြင်းမရှိ။ အကျိုးအကြောင်းကိုသိ၍ မလိုချင်သော အကျိုးအတွက် အကြောင်းမခံ။

ဆင်းရဲခြင်းကို မလိုချင်လျှင် ဆင်းရဲအောင် အကြောင်းမခံ၊ ချမ်းသာမှုကိုသာ ရှေ့ရှုသည်။ ချမ်းသာအောင် အကြောင်းခံသည်။ ချမ်းသာအောင် အကြောင်းခံခြင်းသည် ဖြစ်ပေါ်လာသော ဆင်းရဲခြင်းဒုက္ခကို အပျက်ရှုသတ် ပိုင်းဖြတ်ခြင်းပင်ဖြစ်ောကာင်း ဉာဏ်ဖြင့် ဆင်ခြင်ကြပါဟူသတည်း။

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *