ပျံ့မွှန်းမွှေးလှိုင်ကြူ -25

Share

 

နှိုင်းနှိုင်းချိန်ချိန် သုခမိန်

            တစုံတခုကို လုပ်ကိုင်ဆောင်ရွက်တော့မည် ရှိသောအခါတိုင်း နှိုင်းနှိုင်းချိန်ချိန် သုခမိန်သို့ ပညိနြေ္ဒ သိမ်မွေ့စေရန် အရေးကြီးပေသည်။ ဉာဏ်အမြော်အမြင် ချိန်ဆတွက်ချက်မှု မပြုဘဲ အရမ်းဆင်ကန်းတောတိုး မလုပ်ဆောင်သင့်ပေ။ လုပ်ဆောင်ရသော ကိစ္စတိုင်း၌ ရည်မှန်းချက်၊ ရည်ရွယ်ချက် ထားရှိရသည်သာ ဖြစ်လေသည်။

ရည်မှန်းချက်၊ ရည်စူးချက် မရှိဘဲ မည်သည့်ကိစ္စမှ အရမ်းလုပ်ကိုင်ဆောင်ရွက်ခြင်း မပြုသင့်ပေ။ မိမိ၏ လုပ်ဆောင်ချက်သည် မိမိ ရည်မှန်းချက်အတွက် ထိရောက်စွာ ကူညီဖြည့်စွမ်းနိုင်သော အင်အားကို ဖြစ်စေသင့်သည်သာ ဖြစ်လျက် လုပ်ဆောင်ချက်တိုင်းကို တန်ဖိုးထားရမည်ဖြစ်သည်။ လုပ်ဆောင်ချက်များသည် အချည်းနှီး အလဟဿ မဖြစ်သင့်ပေ။  ရည်မှန်းချက်ပန်းတိုင်အတွက် တန်ဖိုးရှိသော စွမ်းပကားကို ပေးဆောင်နိုင်သင့်သည်သာဖြစ်သည်။

ထို့ကြောင့် မိမိလုပ်ဆောင်ချက်တိုင်းကို မိမိ တန်ဖိုးထားရမည်။ မိမိတရားထိုင်မှုကို မိမိ တန်ဖိုးထားရ မည်။ အပျင်းပြေ လူမြင်ကောင်းရန် တရားထိုင်နေကြသည် မဟုတ်ပေ။ သံသရာ ၀ဋ်ဒုက္ခမှ လွတ်မြောက်လို၍ တရားကြိုးစား အားထုတ်နေကြရခြင်းဖြစ်သည်။

တချိန်နှင့် တချိန် တရားတိုးတက်နေရမည်သာ ဖြစ်သည်။ ထိုင်တော့ ထိုင်ပါတယ် အကျိုးသိပ်မထူး ပါဘူးဟူသော ညီးတွားမှုမျိုးကို မပြုသင့်ပေ။ အကျိုးထူးအောင် ထိုင်ရမည်ဖြစ်သည်။ အကျိုးထူးစရာ ကျင့်စဉ်များကို ဆရာသမား လုပ်သူက ဟောပြောဆုံးမ၍ နေကြသည်ဖြစ်ရာ အလုပ်လုပ်တိုင်း အကျိုးထူး ရမည်သာတည်း။

အလုပ်လုပ်ပါလျက် အကျိုးမထူးဟုဆိုလျှင် လုပ်ပုံကိုင်ပုံ အချိုးမကျ၍သော်၎င်း၊ လုပ်နည်းစနစ် မမှန်ကန်၍သော်၎င်း၊ တစုံတခု မှားယွင်းအံချော်နေ၍သာ ဖြစ်နိုင်ပေသည်။ စံနစ်တကျ အချိုးတကျ လုပ်ကိုင်ဆောင်ရွက်သည့် အခါတိုင်း ထူးခြားသော အကျိုးကျေးဇူး ဖြစ်ထွန်းမှုများကို ရယူစားသုံးနိုင် ကြရမည်သာဖြစ်သည်။

ထိုသို့ ကျေးဇူးများပြားဘွယ်ရာ ကျင့်စဉ်မျိုးကိုလည်း ဆရာသမားများက နည်းပေးလမ်းပြ ဆောင်ရွက်လျက် ရှိနေကြရာ ငှက်ပျောသီး အခွံနွှာပြီး ပါးစပ်ထဲ ခွံ့ထည့်လောက်မတတ် စီမံဆောင်ရွက် ထားခဲ့ကြပြီးလည်းဖြစ်သည်။ ပါးစပ်ထဲရောက်လို့မှ ၀ါးမျိုမချလျှင် ဆရာသမား၏ တာဝန်မဟုတ်တော့ သည်သာတည်း။

 

ရုပ်တို့နာမ်တို့သည်

ကိုယ်ပိုင်ဥစ္စာများ မဟုတ်ကြ

          ရုပ်နာမ်တို့သည် ကိုယ်ပိုင်ဥစ္စာများ မဟုတ်ကြ။ သူ့အကျိုးနှင့် သူ့အကြောင်း ကြောင်းကျိုးဆက်စပ် ဖြစ်ပေါ်လျက် သူ့ ဥပဒေသနှင့် သူ စခန်းသွားနေကြခြင်း ဖြစ်သည်။ ရုပ်တို့၌၎င်း၊ နာမ်တို့၌၎င်း၊ သူ့အကန့်အသတ်နှင့်သူ သီးခြားကင်းလွတ်စွာ ဖြစ်ပေါ်နေကြသည်။

မည်သူတစ်ဦးတစ်ယောက်၏ တစ်သီးပုဂ္ဂလ အတ္တဆန္ဒနှင့် ကိုက်ညီစေရန် ဖြစ်ပေါ်ပေးနေကြသည် မဟုတ်ပေ။ ရုပ်သည် အိုမင်းရင့်ရော်လာလျှင် လေးလံထိုင်းမှိုင်းလာသည်။ အင်အားဆုတ်ယုတ်လာသည်။ ငယ်ရွယ်နုပျိုစဉ်ကနှင့် မတူနိုင်တော့ချေ။ ရုပ်သည် အကန့်အသတ်ရှိသည်မှာ သေချာလှပေသည်။ ထိုအကန့်အသတ်ကို ကျော်လွန်၍ မဖြစ်နိုင်ချေ။ တကယ်တော့ ရုပ်နာမ်သည် စိတ်ကူးယဉ်ရစကောင်းသော အရာမဟုတ်ချေ။ ဖြစ်ခြင်းပျက်ခြင်းရှိ၍ ထိုဖြစ်ခြင်းပျက်ခြင်းတို့သည် သူ့အကျိုးနှင့် သူ့အကြောင်းအတိုင်း အစားထိုးဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။ အကြောင်းနှင့် လိုက်လျောညီညွတ်စွာ အကျိုးဖြစ်ပေါ်လာရသည်။

အကြောင်းမှ ကင်း၍ အကျိုးသည် မဖြစ်ပေါ်ကောင်းပေ။ စွမ်းရည်ဆိုသည်မှာ ကောင်းသော အကြောင်းခံတရားများကို ထုတ်လုပ်ပေးနိုင်ခြင်းပင်ဖြစ်သည်။ ကောင်းကျိုးစံလိုသူများ၏ မရှောင်မလွှဲသာသော ဖြည့်ဆည်းအပ်သည့် တာဝန်မှာ ကောင်းကြောင်းအင်အားစုများပင်တည်း။

လူ့စိတ်သည်လည်း အကြောင်းအကျိုးမကင်းသည်ဖြစ်၍ လူ့စိတ် သဘောသဘာဝကို အထိုက် အလျောက် သိနားလည်ထားရန် လိုအပ်ပေသည်။ လု့စိတ်လေ့လာသော (ဆိုက်ကိုလော်ဂျစ်) ဆိုသည်မှာ (ဆိုက်ခိလော့ဂေါ့စ်) To study the mine ဟု အဓိပ္ပါယ်ရလေသည်။ လူတစ်ယောက်၏ စိတ်သဘော သဘာဝသည် မည်သို့ရှိသနည်း။ စိတ်သည် လွန်စွာမှ အနုစိတ်သည်။ မြစ်ကြီးငါးသွယ်၊ မြစ်ငယ်ငါးရာ၊ ချောင်းအဖြာဖြာတို့မှ စီးဝင်လာသောရေတို့၏ စုစည်းမိရာ သမုဒ္ဒရာမှ ရေတစက်ကို ယူရဘိသကဲ့သို့ စိတ်တစိတ်ဖြစ်ပေါ်ရာ၌ အနုစိတ်အင်အားအများကြီး ရောထွေးယှက်တင် အားဝင်နေကြလေသည်။

ထို့ကြောင့် စိတ်သဘော သဘာဝကို သိထားဘို့ လိုအပ်ပေသည်။ ထိုစိတ်သည် သူ့သဘာဝအတိုင်း ဖြစ်ပေါ်တတ်သည် ဖြစ်၍ စိတ်သဘာဝကို သိနားလည်သူသည် သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ လူ့အကြောင်း ဟုတ်မှန်စွာ ဝေဖန်ပိုင်းခြား နားလည် သဘောထားတတ်နိုင်ပေသည်။ သို့သော် ဤကိစ္စသည် ဓမ္မဓိဋ္ဌာန်ကျကျ ကျိုးစားရသော တာဝန်ရှိသည့် ကျင့်စဉ်တစ်ရပ်ဖြစ်သည်။

အတ္တနောမတိ ၀င်ရောက်စွက်ဖက်၍ မဖြစ်နိုင်ပေ။ ထိုစိတ်သဘာဝကို နားလည်သော `ဉာဏ်ပညာ´ ဖြင့် ဦးစီးနိုင်ရန် အရေးကြီးလေသည်။ ထို `ပညာ´သည် အတ္တမဘက် အနတ္တ သက်သက်ဖြင့် ခက်ဆစ်ကိုဖြို အလိုသို့ မလိုက်ဘဲ တစိုက်မတ်မတ် ဆန်းစစ်တတ်သည့် အမြတ်တရား ပညာဉာဏ်ပင်ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *