ပျံ့မွှန်းမွှေးလှိုင်ကြူ -21

Share

တရားစစ် တရားမှန်

လိုချင်မှု

            အများအားဖြင့် ယောဂီများသည် တရားစစ် တရားမှန်ကို ရလိုချင်ကြသူများ ချည်းသာဟု မိမိကိုယ်ကိုယ် မိမိ မှတ်ယူထားကြလေသည်။ သို့သော် . . . လုံးဝဥဿုံ ရလိုမှု ပြည့်ဝစွာ တည်ရှိနေစေရန် လွန်စွာအရေးကြီး လေသည်။ ထမင်း မဆာ့တဆာ ပုဂ္ဂိုလ်ကို ကျွေးမွေးရသည်ထက် လွန်စွာမှ ဆာလောင်မွတ်သိပ်နေသူကို ကျွေးမွေးရသည်က တန်ဖိုးရှိလှပေသည်။ မဆာ့တဆာ ပုဂ္ဂိုလ်ကို ချက်ပြုတ်ခူးခပ်ကျွေးရာ အချို့အန်ပစ်တတ် ကြလေသည်။ သာမန်အားဖြင့် အန်ပစ်၍ မရရှိလျှင် လက်ညိုးထိုး အန်ပစ်ရန်ပင် ကြိုးစားကြလေသည်။ ထိုအခါ အန်ဖတ်များသည် မြေကြီးပေါ်သို့မကျဘဲ မိမိအပေါ်သို့ ကျရောက်တတ်လေသည်။

လောကဓံကို ကျော်လွှားနိုင်သော ဉာဏ်စွမ်းပကား ရရှိစေရန်နှင့် နိဗ္ဗာန်လမ်း ပွင့်လင်းစေရန် အားထုတ်ရမည်ဖြစ်သည်။ နိဗ္ဗာန်သို့ ရောက်ရှိနိုင်ရန် မိမိကိုယ်တိုင်လည်း မလှော်ခတ် တပါးသူ၏ လှေကြုံကို စီးရုံမျှနှင့် အားမရသေးဘဲ နောက်ပြန် လှည့်လှော်နေလျှင် မသင့်တော်တော့ချေ။

အေးမြချမ်းသာသော သာသနာ့ အရိပ်အာဝါသကို အမှန်တကယ် ခိုလှုံချင်သူများသည် ရတနာမြတ် သုံးပါးအပေါ် ယုံကြည်ချက် ပြင်းပြ ထက်သန်ဘို့ လိုအပ်လေသည်။

 

 

သစ္စာအကြောင်း သိရန်လိုသည်

            သစ္စာဆိုသည်မှာ အမှန်တရားဖြစ်သည်။အမှန်တရား လေးပါးရှိရာ ဒုက္ခသစ္စာသည် ဆင်းရဲခြင်းအမှန် သဘောပင်ဖြစ်သည်။ ရုပ်နာမ်လောကသည် ဆင်းရဲခြင်း အမှန်သဘောပင်ဖြစ်သည်။ ရုပ်နာမ်ရှိနေသမျှ ဆင်းရဲနေ မည်။ ချမ်းသာသည်ဟု ယူဆလျှင် တဒင်္ဂ အဘို့မျှ ဖြစ်ချင်ဖြစ်မည်။ ဆင်းရဲမှန်း မသိသေး၍ ဉာဏ်ပညာ နုနယ်၍ ဖြစ်ချင်ဖြစ်မည်။ နောက်ကွယ်၌ ဆင်းရဲခြင်းအပေါင်း မြောက်များစွာရှိလာမည်ကို ကြိုတင်မသိသေး၍ ခေတ္တယာယီ ချမ်းသာဘွယ်ရာ ဆောင်နေခြင်းမျှဖြစ်မည်။ ရုပ်နာမ်သည် ဆင်းရဲခြင်းမှတပါး အခြား သတ်မှတ်ဘွယ်ရာ အင်္ဂါရပ် အားနည်းပါးလှပေသည်။ ဆင်းရဲခြင်းကို ဆင်းရဲခြင်းဟု သိခြင်းသည် ဉာဏ်ပင်ဖြစ်သည်။ ထိုဉာဏ်သည် အမှန်ကို သိလိုက်ခြင်းဖြစ်သည်။

ဉာဏ်ရှိချင်ပါသည်ဟု တောင်းဆိုလာသူ ယောဂီအား ကိုယ့်ရုပ်ကိုယ့်နာမ်ကို ဆင်းရဲခြင်းမျှသာပါဟု ဆင်ခြင်နေပါ၊ ဉာဏ်ရှိနေလိမ့်မည်သာ (၀ါ) ဉာဏ်ပညာ ရင့်သန်လာလိမ့်မည်သာဟု ညွှန်ကြားရပါလိမ့်မည်။ ဉာဏ် မရှိမှာကို မစိုးရိမ်ပါနှင့် မဆင်ခြင်နိုင်မှာကိုသာ စိုးရိမ်ပါဟု အားပေးလိုသည်။ ဆင်ခြင်နိုင်လျှင် ဉာဏ်ရှိနေလိမ့်မည် သာ ဖြစ်သည်။

ဆင်ခြင်နိုင်လျှင် ဉာဏ်ရှိနေလိမ့်မည် ဆိုပါသဖြင့် မဆင်ခြင်နိုင်ပါလျှင်ကောဟု စောကြောလိုက စောကြောနိုင်ပေသည်။ မဆင်ခြင်နိုင်လျှင် အ၀ိဇ္ဇာ ဦးစီးသွားလိမ့်မည်။ အ၀ိဇ္ဇာ ဦးစီးလျှင် အ၀ိဇ္ဇာနောက်မှ သင်္ခါရတွေ ပြုလုပ်တော့မည်။ ကုသိုလ် သင်္ခါရတွေကော အကုသိုလ် သင်္ခါရတွေပါ လုပ်တော့မည်။

အ၀ိဇ္ဇာသည် တဏှာနှင့် တွဲယှဉ်နေလိမ့်မည်သာ ဖြစ်သည်။ တဏှာသည် သမုဒယဖြစ်သည်။ ဒုက္ခဖြစ်ခြင်း၏ အကြောင်းရင်းခံဖြစ်သည်။ သမုဒယကြောင့် ဒုက္ခဖြစ်လာရသည်။ သမုဒယကင်းဆိတ်လျှင် ဒုက္ခချုပ်ငြိမ်းနေမည်သာ။ ထို့ကြောင့် သမုဒယကို ပယ်ရမည်။ ပယ်သည်ဆိုရာ၌ မပေါ်ဘူးဟု ဆိုခြင်းမဟုတ် အကြောင်းမပြုခြင်းကို ဆိုလိုသည်။ သမုဒယ အဖြစ်မခံခြင်းကို ဆိုလိုသည်။ စိတ္တသင်္ခါရ၊ ၀စီသင်္ခါရ၊ ကာယသင်္ခါရ မည်သည့် သင်္ခါရနှင့်မှ သမုဒယကို လက်မခံခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင် ဒုက္ခဖြစ်ဘို့ကို အကြောင်းမပြုသကဲ့သို့ ထိုနည်းအတူ တပြိုင်နက် ဒုက္ခချုပ်ငြိမ်းရာသို့သာ အကြောင်းပြုနေနိုင်လျှင် ပိုမိုခိုင်လုံ စိတ်ချစွာ ချမ်းသာရာ ရမည်ဖြစ်သည်။

ဒုက္ခချုပ်ငြိမ်းခြင်း သဘောသည် အမှန်တကယ် ရှိ၍နေသည်သာ။ ဒုက္ခချုပ်ငြိမ်းရာ၌ ဒုက္ခလုံးဝမရှိ ပကတိ ငြိမ်းအေးနေသည်။ ပူလောင်မှုမရှိ နှိပ်စက်ခြင်းမှ ကင်းလွတ်ဆိတ်သုဉ်းနေသည်။ ကြည်လင်ချမ်းသာနေသည်။ ချမ်းသာကြောင်း ဒုက္ခမှ လွတ်ကြောင်းကိုလည်း ဂဃနဏ သိနေရသည်။

အော် . . . ချမ်းသာငြိမ်းအေးခြင်း သဘောပါလား။ အနှောက်အယှက်မှ ကင်းလွတ်ခြင်း သဘောပါလား။ အပူအပင် ကင်းဆိတ်ခြင်း သဘောပါလား။

သမုဒယ ပယ်ခဲ့လို့ ဒုက္ခမှ လွတ်မြောက်နေတာပါလား။ တကယ်လို့များ သမုဒယ မပယ်ခဲ့လျှင် ဒီလို ချမ်းသာနေမှာ မဟုတ်ဘူး။ အနှိပ်အစက်ခံ ဆင်းရဲနေရမှာ။ သမုဒယကို အကြောင်းပြုခဲ့လျှင် ဒုက္ခအကျိုး ဖြစ်ပေါ်နေဦးမှာ၊ အခု သမုဒယ ပယ်သတ်ခဲ့လို့ သန့်စင်သော သီလရှိခဲ့သလို သမာဓိနှင့် ပညာ ကိန်းဝပ်လာပေ တာ။ ချမ်းသာစွာ . . . ချမ်းသာစွာ အဟောဝတဟု ကိုယ်ပိုင်ဉာဏ်နှင့် သိရှိနားလည်နိုင်သည်။ ဒုက္ခကုန်လျှင် သုခရှိသည်သာ၊ ဒုက္ခကုန်ပြီးနောက် နောက်ထပ်ဒုက္ခ မလိုချင်တော့၍ ဒုက္ခဖြစ်စေသည့် သမုဒယကို ပယ်သည်ဖြစ်၍ ဒုက္ခမလာတော့။ ထိုအခါ ဒုက္ခဇာတ်သိမ်း ကင်းပြတ်ငြိမ်းလျက် အေးငြိမ်းချမ်းသာ သုခမဟာကို ဉာဏ်အရာဖြင့် ထိုးထွင်းသက်ဝင် ဆင်ခြင်နိုင်တော့ပြီသာ။

 

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

 

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *