ပျံ့မွှန်းမွှေးလှိုင်ကြူ -20

Share

 

ဇွဲ လုံ့လ

            မည်သည့်အမှုကိစ္စကို ဆောင်ရွက်ရသည်ဖြစ်စေ၊ ဇွဲလုံ့လသည် အရေးကြီးလှသည်သာဖြစ်သည်။ အလုပ်တစ်ခုမှာ အကျိုးရှိမည် သေချာပါက ဟုတ်မှန်ရာလည်း ဖြစ်နေလျှင် ဇွဲရှိရှိနှင့် ကြိုးစားထိုက်သည်သာ ဖြစ်သည်။ ဇွဲသည် လုပ်ငန်းပြီးစီးသည်အထိ တွန်းပို့ပေးနေရမည်။ တချိန်ထက် တချိန် လုပ်ငန်းပြီးစီးဘို့အတွက် ပိုမိုနီးစပ်စေရမည်။ ကြီးကျယ်သော လုပ်ငန်းတစ်ခုဖြစ်က ရုတ်တရက် ချက်ခြင်းတော့ ကိစ္စ ပြီးမသွားနိုင်ချေ။ ထိုအခါ ဇွဲ လုံ့လ ဥဿဟသည် လုပ်ငန်းဆောင်တာ ကြီးကျယ်မွန်မြတ်သည်နှင့်အမျှ အထူးလိုအပ်နေ တော့သည်သာ ဖြစ်သည်။ ဇွဲသည် လုပ်ငန်းပြီးစီးစေခြင်းအတွက် မောင်းနှင်အင်အားဖြစ်သည်။ တာဝန်ကြီးမား သည်နှင့် အမျှ လုပ်ငန်းဆောင်တာ အချိန်ကြာသဖြင့် ကြားကာလ၀ယ် အနှောက်အယှက်များ ၀င်ရောက်လာတတ် သည်။ အနှောက်အယှက်များသည် ရန်ဖန်ရန်ခါ အနှောက်အယှက် မဟုတ်လေသကဲ့သို့ ၀င်ရောက်လာတတ် သည်။ အတွင်းဝင်၍ ပူးသတ်တတ်သည်။ နန္ဒီရာဂ နှစ်သက် စွဲမက်နေတတ်သည်။ အထူး သတိပြုပါ။

အကြောင်းပြချက် ကောင်းကောင်းနှင့် ၀င်ရောက်လာတတ်သည်။ အနှောက်အယှက် မျိုးစုံရှိရာ တခါတခါ အတွင်းဆင်ခြေပေး အနှောက်အယှက်ဖြစ်၍ တခါတခါ ပြင်ပမှ လာသည်။ အတွင်းဖြစ်စေ၊ အပြင်ဖြစ်စေ၊ မိမိလုပ်ငန်း ပြီးစီးလိုသူသည် လုပ်ငန်းပြီးစီးဘို့ကိုသာ ဦးတည်ရည်မှန်းနေရမည်။ အနှောက်အယှက် ကို အကြောင်းမပြုအပ်ပေ။ အနှောက်အယှက်ကို ဇွဲလုံ့လနှင့် ဖြိုဖျက်ပါ။ ဖင့်နှေးမှုကိုလည်း ဇွဲလုံ့လနှင့် ဖြိုဖျက်ပါ။ စိတ်အားငယ်မှုကိုလည်း ဇွဲလုံ့လနှင့် ဖြိုဖျက်ပါ။ လုပ်ငန်းပြီးစီးဘို့ကိုသာ အားပြုနေရမည်။ တချိန်ထက် တချိန် လုပ်ငန်းပြီးစီးဘို့ အာရုံပြုလျက် လုပ်ချက်တွင်အောင် စွမ်းဆောင်နေရမည်။ လောကီအကျိုး ကျေးဇူးများ ရယူလိုလျှင် ဇွဲလုံ့လ အရင်းတည်ရလေသည်။ သံသရာ တဘက်ကမ်း နိဗ္ဗာန်နန်းသို့ စံမြန်းရေး ကိစ္စတွင် ဇွဲလုံ့လ အဆမတန် ထားနိုင်မှ တန်ကာကျပါလိမ့်မည်။ ရရှိမည့် အကျိုးကျေးဇူး ကြီးမားသည်နှင့်အမျှ ကြိုးစားအားထုတ်မှု လုံ့လစိုက်မှုများ ပိုမိုကြီးမားရသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။

ခန္ဓာဝန်

            ခန္ဓာကိုယ်ကြီးသည် ၀န်ထုပ် ၀န်ပိုးကြီးပါဟု ဆိုလျှင် ယုံကြည်နိုင်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။ သို့သော် ၀န်ထုပ် ၀န်ပိုးကြီး ဖြစ်နေသည်မှာတော့ သေချာလှပေသည်။ ခန္ဓာဝန်ကြီးမှာ အမှန်တကယ် ၀န်လေးဘွယ်ရာကြီး ဖြစ်ပေသည်။ ခန္ဓာသည် ရုပ်နာမ်ကြောင့် ၀န်လေးရခြင်းဖြစ်သည်။ ရုပ်သည် ဓာတ်ကြီးလေးပါး မညီမျှမှုကြောင့် ဖောက်ပြန်တတ်သည်။ နှိပ်စက်တတ်သည်။ ပြုပြင်စီရင်ခံရသည်။ မိမိ၏ ပကတိ အရှိသဘောမှ ရွေ့လျောသွေဖီတတ်သည်။ ရုပ်ဓာတ်သည် နှိပ်စက်တတ်သည်ဖြစ်၍ ၀န်လေးသော အချင်းအရာ မျှသာ ပါတကား။ မြွေကြီးလေးကောင်ပမာ အန္တရာယ်ပေးစွမ်းသော ဓာတ်ကြီးလေးပါး အစုသာပါတကား။

နာမ်ဓာတ်ဟူသည်မှာ ကြိုက်တာတွေ့တော့ ကျေနပ်လျက် လောဘ သက္ကာယ တိုးတက်ကာ ဒုက္ခများရသည်။ မကြိုက်တာတွေ့လျှင် မကျေမနပ်နှင့် ဒေါသဖြစ်ကာ စိတ်ဆင်းရဲရသည်။ စိတ်သည် လောဘဘက်သို့၎င်း၊ ဒေါသဘက်သို့၎င်း၊ လိုက်ပါနေရာ စိတ်ဖြစ်နေရသမျှ ကာလပတ်လုံး ဒုက္ခ၀န်ထုပ်ကြီး ထမ်းဆောင်နေရသကဲ့သို့ ရှိသည်။ လောဘလဲမဖြစ်၊ ဒေါသလဲမဖြစ်ဘဲ တွေဝေမိန်းမော အ၀ိဇ္ဇာဇော ကပ်နေသည်လည်း ရှိနေသေး၏။

ထို့ကြောင့် ရုပ်နာမ်သည် ၀န်ထုပ်ဝန်ပိုး လေးလံလှပါသည်ဟု ဖွင့်ဆိုရခြင်းဖြစ်သည်။ ရုပ်နာမ်သည် ၀န်လေးသည်ဟုဆိုလျှင် ရဟန္တာများ ၀န်လေးတော်မူကြပါသလားဟု မေးဘွယ်ရာရှိသည်။ အဖြေမှာ ရဟန္တာများသည် မဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့် နိဗ္ဗာန်သို့ မျက်မှောက်ပြုနေကြသဖြင့် ၀န်လေးမှုဒဏ်မှ သက်သာတော်မူကြသည်။ မလွှဲမကင်းသာမှသာလျှင် ရုပ်နာမ်ဝန်လေးမှုကြီးကို သည်းခံလျက် အခွင့်ရတိုင်း နိဗ္ဗာန်သို့သာ ဉာဏ်အရာဖြင့် မျက်မှောက်ပြုနေကြသည်။ ရုပ်နာမ်သည် ဒုက္ခသာဖြစ်ရာ ဒုက္ခမှန်းသိလျက် လက်ခံထမ်းဆောင်ရသူ ပုဂ္ဂိုလ်များအတွက် ၀န်မလေးဘဲ ရှိကြပါမည်လော။ ထို့ကြောင့် ကိုယ်တော်တစ်ပါး ရဟန္တာ ဟုတ် မဟုတ် သိလိုက ထိုကိုယ်တော်သည် ရုပ်နာမ် ဒုက္ခတွေကို ဒုက္ခမှန်းမသိ ပီတိလောဘဖြင့် လောကီ သာယာမှုများကို ၀င်စားနေသည်၊ မနေသည် (သို့မဟုတ်) ဒေါသဖြင့် လောကကြီးကို မကျေမနပ် ဖြစ်နေသည်၊ မနေသည် (သို့မဟုတ်) သတ္တ၀ါများကို တကယ် မေတ္တာထား၍ မိမိချမ်းသာသလို ချမ်းသာပါစေဟူသော မေတ္တာစေတနာနှင့် တရားဖြန့်ဖြူးနေသည်၊ မနေသည်ကို အကဲဖြတ်နိုင်လောက်ကြပေသည်။

သို့ဖြစ်ရာ ရုပ်နာမ်သည် အလွတ်ပေးထား၍ မရနိုင်အောင် ၀န်လေးဘွယ်ရာ ၀န်ထုပ်ဝန်ပိုးကြီးသဖွယ် ဖြစ်နေလေသည်။ ထို့ကြောင့် ရုပ်နာမ်ကို ၀ဋ်ဒုက္ခကြီးဟု သူတော်စင်များ သတ်မှတ်နားလည် ခံယူထားကြခြင်းဖြစ်သည်။ ၏ ကောင်းမြတ်ခြင်းတို့တွင် ရုပ်နာမ်ခန္ဓာ မရှိတော့ခြင်းသည် အဓိက အပိုင်းမှာ ပါဝင်နေလေသည်။ ထူးခြားသည်မှာ နိဗ္ဗာန်ကို မဂ်ဉာဏ်ဖိုလ်ဉာဏ် ဖြင့်သာ သိရှိဝင်စား နားလည်ဆင်ခြင်ကာ မျက်မှောက်ပြုနိုင်သော အချက်ပင်ဖြစ်သည်။

 

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

 

 

 

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *