ပျံ့မွှန်းမွှေးလှိုင်ကြူ -09

Share

 

ဆရာကောင်း ဆရာမြတ် လိုအပ်ခြင်းအဆက်

သစ္စာလမ်းစဉ်သည် သာမည လမ်းစဉ်မဟုတ်ပေ။ သာသနာသည် အတိမ်းအစောင်းမခံပေ။ လွန်စွာမှ တည့်မတ်ရပေသည်။
တိတိကျကျ ဂဃနဏ မသိလျှင် မကိုင်တွယ်သည်က ပိုကောင်းသည်။ တတ်ယောင်ကား ဆရာတစ်ဆူ မင်းမူချင်လျှင် မှားတော့မည်သာ။ သစ္စာသိလျှင် တော်သေးသည် သစ္စာလည်းမသိ ယောင်တိယောင်ချာ စိတ်ထင်ရာ စိုင်းလျှင်တော့ ရိုင်းကုန်ကြမည်သာ။
ဤသာသနာ၌ ငါဆရာလုပ်ချင်တိုင်း လုပ်၍မဖြစ်။ စံနစ်တကျ ဓမ္မသဘာဝမို့ တိကျစစ်မှန် ဧကန်ဧက ဉာဏ်ပညာ ပြည့်ဝမှ ဆရာ့ဂုဏ်ရည် ပီနိုင်ပေလိမ့်မည်။

 

အတွေ့အကြုံများ

စာရေးသူသည် ဆရာမြတ်နှင့် မတွေ့ကြုံရသေးခင်က အချိန်ကုန်ကာ ဟိုလိုလို ဒီလိုလို ယားတားတား ၀ါးတားတား ဖြစ်နေခဲ့ရသည်။ သမထယောင်ယောင် ဘာယောင်ယောင် ဖြစ်နေခဲ့သေးသည်။
ဝင်လေ (တစ်)၊ ထွက်လေ (နှစ်)၊ ၀င် တစ် ထွက်နှစ် နှစ်ခုပေါင်း တစ်စုံတစ်။ ၀င်လေ (သုံး)၊ ထွက်လေ (လေး)၊ ၀င် (သုံး)၊ ထွက် (လေး)၊ နှစ်ခုပေါင်း နှစ်စုံနှစ်။
ဤသို့ စသည်ဖြင့် ၀င်လေ ထွက်လေကို ရာဂဏန်း အထိရအောင် ကြိုးစားခဲ့ဘူးသည်။ သမာဓိတော့ ရခဲ့ဘှုးသည်မှာ မှန်ပါ၏။ ပညာမပါချေ။
ထို့နောက် ဂုဏ်တော်ပုတီး စိတ်ခဲ့ဘူးသည်။ ပါရမီ အထိုက်အလျှောက် ပါလာခဲ့လို့လားမသိ ပုတီးစိတ်သောအခါ သမာဓိ တော်တော်ကောင်းသည်။ ရံဖန် ရံခါ ပီတိအထူးဖြစ်၍ ကြည်နူးရသည်။ သို့သော် ပညာဉာဏ် မပါခဲ့နိုင်သေးချေ။
အတိတ်ဘ၀များစွာက ဖြည့်ဆည်း ကျင့်ကြံလာခဲ့သော ပါရမီ မျိုးစေ့သည် ဒီဘ၀၌ မီးခဲပြာဖုန်း သဘောမျိုး ဖြစ်နေတတ်သည်။ ထိုက်သင့်သော စရဏ ကျင့်ကြံအားထုတ်လိုက်ပါက ပါရမီ မျိုးစေ့ ဖွံ့ဖြိုးတိုးတက်လာတတ်သည်။
သို့သော် . . . ပညာမျိုးစေ့ မပါလာလျှင် သီလမျိုးစေ့၊ သမာဓိမျိုးစေ့မှ ပညာပင်ပျို အလိုလို ပေါ်ပေါက်၍ မလာနိုင်ပေ။ ဤအချက်ကို ရှေ့ဆက် ဆွေးနွေးတင်ပြပါဦးမည်။
ယခုခေတ် ယောဂီများ နည်းစံနစ် ယွင်းမှားစွာ ကျင့်ကြံပါလျှက်နှင့် ထူးခြားမှုတွေ ရှိရကြောင်း ၀န်ခံလာကြသည်ကို မကြာခဏ သိလာရသည်။ အဘယ်ကြောင့်ပါနည်း။
ဗုဒ္ဓဘာသာ အစစ်အမှန် မထွန်းကားသော တိုင်းနိုင်ငံ အချို့မှာပင် သမာဓိ စခန်းများ အောင်မြင်နေကြသည်ကို ကမ္ဘာ အရပ်ရပ်တွင် ပြောစမတ် မှတ်တမ်းပြုနေကြပေသည်။
ဗုဒ္ဓဘာသာ ထွန်းကားသော ဤမြန်မာနိုင်ငံတွင် သမာဓိရရုံမျှနှင့် ကျေနပ်နှစ်သက်နေကြသည်မှာ အကျိုးသက်ရောက်မှု နည်းပါးကြောင်း သိသာထင်ရှားလှသည်။ မည်သူမဆို လေ့ကျင့်လျှင်အထိုက်အလျောက် တော့ ထူးခြားကြမည်။ ကြည်လင်ကြမည်။ ပီတိဖြစ်ကြမည်။ ကျေနပ်မှု ရကြမည်သာ။
သို့သော် . . . သမာဓိ အထိုက်အလျောက် ရရုံမျှနှင့် ကျေနပ်နေလျှင် နိဗ္ဗာန်ကို မသွားနိုင် မရောက်နိုင်အောင် ဖြစ်နေပေမည်။
နိဗ္ဗာန်အကြောင်း အမှန်သိလို နားလည်လိုလျှင် မြတ်ဗုဒ္ဓ နှစ်ခြိုက်တော်မူသည့် လမ်းစဉ်ကို အပြီးအပိုင် စံနိုင်ချင်လျှင် ပီတိတွင် နားမနေရန် ဝေဖန်ဆန်းစစ်သင့်ကြပေသည်။
ဤစာအုပ်တွင် ပီတိအဆင့်မှ ထိမိစွာ ကျော်လွှားဖြတ်သန်း၍ နိဗ္ဗာန်နန်းအထိ တက်လှမ်းနိုင်စေမည့် အကျင့်၊ အယူမူဝါဒ လမ်းညွှန်မှုများ ဖေါ်ပြသွားပါမည်။
စာရေးသူသည် ဤသို့သောသဘော (၀ါ) နှင့် ပီတိ ခွဲခြားသိနိုင်သော သဘောကို ဆရာမြတ်နှင့် တွေ့ကြုံခွင့် ရတော့မှ သိရှိနားလည်ခဲ့ရသည်ဖြစ်ရာ စာရှုသူများကိုလည်း စာနာတရားထားရှိလျက် ဖွင့်ဟထုတ်ဖေါ် ဆွေးနွေးတင်ပြပါသည်။
ဆရာကောင်း၊ ဆရာမြတ်သည် ပရမတ် သစ္စာကို ဖေါ်ကြူးရာ၌ လိုအပ်လှကြောင်း ကောင်းစွာ သဘောပေါက် ကြပါသည်။ သို့သော် . . . ဆရာကောင်းကို မည်သို့ ရွေးချယ်ရပါမည်နည်း။
ကောင်းသည် ဆိုးသည်။
မြတ်သည် ယုတ်သည်။
အကျိုးရှိသည် အကျိုးယုတ်သည်။
မှန်သည်၊ မှားသည်ကို ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်ပညာ အမြော်အမြင်ဖြင့် ဆင်ခြင်နိုင်ရန် အရေးကြီးပေသည်။
စာရေးသူသည် ဆရာကောင်း၊ ဆရာမြတ်ကို မတွေ့ရသေးမီ တောင်တောင်အီအီနှင့် အကြားအမြင် ရသလိုလိုရှိသော ပုဂ္ဂိုလ်များကို အထင်ကြီးခဲ့မိဘူးသည်။
ထိုစဉ်က အကြားအမြင်ဆိုသည်ကို ကောင်းစွာ သဘောမပေါက်ခဲ့ချေ။ မိမိ လုပ်ခဲ့သမျှကို သိသူ မိမိစိတ်ကို သိသူကို အထင်ကြီးတတ်သော သဘောအပြည့်အ၀ ရှိနေသည်။
နောင်သောအခါမှ သမထနှင့် သော်၎င်း၊ ဆေးဝါး၊ ဂါထာ၊ မန္တာန်၊ အင်းအိုင်၊ ခလဲ့၊ လက်ဖွဲ့များနှင့်သော်၎င်း၊ ဖြစ်စဉ်လိုက် သိနိုင် ပြောနိုင်၍ အကြားအမြင် ရသည်ဟုဆိုသော စွမ်းရည်အစုစုတို့ကို အထင်မကြီးရမှန်း သိလာခဲ့သည်။
နှင့် မြင်သော အကြားအမြင်ထက်ပို၍ ကောင်းသော အကြားအမြင်သည် မရှိနိုင်ကြောင်း နောင်သောအခါမှ သိလာရသည်။
ဆရာမြတ် ရှင်းပြသောအခါမှ ဉာဏ်အမြင်နှင့် စိတ်အထင် သရဲမှော်၊ ရုက္ခစိုးမှော်၊ မှော်မျိုးစုံအကြောင်း ကောင်းကောင်းကြီး သဘောပေါက်လာခဲ့ရသည်။
တစ်လမ်းသွား မှော်ဆရာများသည် ကြာကြာဝါးလေ ခါးလေဖြစ်လျက် အဆိပ်ရည် ထွက်လာမည်ကို ကြိုတင်သတိချပ် လာနိုင်တော့သည်။
စာရေးသူတို့၏ ဆရာမြတ်မှာ လွန်စွာမှ ဗဟုသုတ ပြည့်ဝစုံလင်သော ပုဂ္ဂိုလ်ထူးဖြစ်သည်။ စာရေးသူတို့အား ဗဟုသုတ အ၀၀ကို ကျနသေချာ ရေလည်စွာ သင်ကြားပို့ချပေးသည်။
ရှေးဦးစွာ ဆရာမြတ်ထံ ဝေဒနာနုပဿနာ တရားပွားများအားထုတ်ရသည်။ အချိန်မှာ (၁) နာရီခန့် ကြာလေ့ရှိသည်။
နောင်သောအခါ စိတ္တာနုပဿနာကို ဆရာမြတ်က တိုးတက်ပြသသည်။ ထိုအခါ အနည်းငယ် သက်သာရာရလာကြသည်။ ဘ၀င်စိုက်၍ ပေါ်စိတ်ရှုရသည်။ ပေါ်သမျှ အနိစ္စဟု ရှုသတ်ရသည်။ ဤရှုနည်းမှာ လွယ်ကူသက်သာ၍ အနုစိတ်လာသည်။ ဉာဏ်ပိုထက်ရသည်။ ဉာဏ်ယှဉ်ရသည်။ အသိခက်သော သွက်သောစိတ်ကို အပျက်ရှုရသည်မှာ လျှင်မြန်သောဉာဏ်၊ ယှဉ်သန်သော သတ္တိလိုသည်။
တခါတခါ ရှုရသည်မှာ သိပ်ကောင်းသည်။ ဉာဏ်တည့်နေ၍ဖြစ်သည်။ ထိုင်စနှင့် ထိုင်လယ်မတူ၊ ထိုင်ခါစက ရင်ထဲ စိတ်ထဲ လေးလံနေကြသည်များ တဖြည်းဖြည်း ပေါ့လာသည်။ တခါတခါ ရင်ထဲ ပူပူအောင့်အောင့် ဖြစ်နေတတ်သည်။ ထို ပူစိတ် အောင့်စိတ်များကို အနိစ္စ ရှုရပြန်သည်။
ထိုအခါ ပူစိတ်ချုပ်ပျက်၍ အေးငြိမ်းစပြုလာသည်။ ထာဝရ အေးငြိမ်းမှု အကြီးစားကြီး မဟုတ်သော်မှ စောစောကနှင့်မတူ တမူထူးခြား၍ ရင်ထဲနေလို့ကောင်းလာသည်။

`အော် . . . အနိစ္စပါလား´ဟု ဆင်ခြင်ပွားများ ရသည်။
အချို့က လောကဓံတွေ့လျှင် တရားမထိုင်ချင်ပါ။ သဒ္ဓါပြည့်ဝမှ တရားထိုင်မည်ဟု ဆန္ဒပြုကြသည်။ မှားပါသည်။
တချို့က အခြေအနေ မပေးသေးပါဟု ဆိုကြသည်။ စီးပွားရေး၊ ကြီးပွားရေး၊ လူမှုရေးအမျိုးမျိုး အကြောင်းပြကြသည်။
ဆင်ခြေပေးခြင်းမျှသာပါ။ တရားသဘောသည် အကာလိကော ဖြစ်သည်။ အချိန်အခါမလပ် ကျေးဇူးပြုနိုင်သည်။ ထိုင်ချင်တဲ့အချိန် ထိုင်လိုက်ပါ။ ဘာဘာညာညာ ဝေခွဲမနေပါနှင့်။ မထိုင်ချင်သော်လည်း ထိုင်လိုက်ပါ။ မထိုင်ချင်စိတ်ကို ရှုသတ်ပါ။ ထိုင်လေကောင်းလေဖြစ်သည်။ ထို့ကြောင့် ထိုင်နိုင်ခွင့်ကြုံသလောက် ထိုင်ပါဟူသတည်း။

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *