စီးပွားရေးအပိုင်းကကြိုးစားလျှင်တိုးတက်နိုင်ပါတယ်

စီးပွားရေးအပိုင်းကကြိုးစားလျှင်တိုးတက်နိုင်ပါတယ်

စီးပွားရေးကို စိတ်ဝင်စားကြတဲ့ ပုဂ္ဂိုလ်တွေ ပေါ်ထွန်းလာတာ ဝမ်းသာစရာပဲ။ CN2စီးပွားရေးက ဖြစ်တန်ရာချေ များပါတယ်။ ကိုယ်က ကြိုးစားဖို့ပဲ။

တရားရေးတို့ လောကုတ္တရာ အရေးတို့ကတော့ ဆရာကောင်းနဲ့တွေ့မှ ဆရာကောင်းနဲ့မတွေ့ရင် ဆယ့်သုံးမိုင်ပတ်လည် သံမဏိထုထည် တုံးကြီးကို လက်သည်းခွန်နဲ့ ခြစ်ပြီးတော့ ပေါက်အောင် ကြိုးစားသလို ဥပမာ တင်စားမှုရှိတယ်။ စီးပွားရေးက ဒီလောက်မခက်ပါဘူး။ မှန်မှန်ကန်ကန် ကြိုးစားဖို့ပဲ။ အပျော်အပါး လိုက်စားမှုတော့ လျော့ပေါ့။ ကိုယ်က စီးပွားရေးသမားပဲ။ အာရုံတွေကိုတော့ လျော့ပေါ့။ နောက် အကြောင်းအကျိုးဆက်စပ်မှု လေးတွေကို ၀င်စားပြီး အကြောင်းခံတရားတွေ လုပ်ပြီး မိတ်ကောင်းဆွေကောင်း ရတယ်ဆိုရင် ကြီးပွားနိုင်ပါတယ်။ အားပေးလိုပါတယ်။

 

မြန်မာနိုင်ငံမှာ  အားပေးမှုတွေကို ဖြစ်ထွန်းစေချင်တယ်။ မြန်မာနိုင်ငံက ဘာဖြစ်နေလဲ မသိဘူး။ အားပေးတာ သိပ်မများဘူး။ တိုက်ခိုက်နေကြတယ်။ အချင်းချင်းတိုက်ခိုက် နေကြတယ်။ တိုက်ခိုက်တဲ့အသံက ပိုပြီးတော့ လွှမ်းမိုးနေတယ်။ အားပေးမြှောက်စားတဲ့ အသံတွေက တိုးနေတယ်၊ နည်းနေတယ်။ တကယ်တော့ အားပေး မြှောက်စားရမှာပဲ။ အချင်းချင်း တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေ။ အောင်မြင်တိုးတက်စေချင်တဲ့ စေတနာနဲ့ အားပေးမြှောက်စားရမှာပဲ။  အကြံဉာဏ်ပေးရမှာပဲ။ အခု ဟာက မည်းမည်းမြင် တိုက်ချင်နေကြတယ်။ ဘာသဘောလဲ မသိဘူး။

 

နိုင်ငံရေးတွေ သိပ်ခေတ်စားလွန်းအားကြီးလို့လား မသိဘူး။ နိုင်ငံရေးကလည်း ကိုယ့်နာမည်တစ်လုံး ကိုယ့်ပါတီ ကိုယ့်နေရာ ကိုယ့်အာဏာအတွက်တွေ လှုပ်ရှားမှုက များလွန်းပြီးတော့ သူက စွာလွန်းနေတယ်။ စီပွားရေးက ဒီလောက် အားရပါးရ မကြိုးစားကြသေးဘူး။ စီးပွားရေးလည်း ကြိုးစားစေချင်ပါတယ်။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ စီးပွားရေး ကြိုးစားမှဖြစ်မယ်။ ဒီဘက်ကဏ္ဍတွေကို လိုက်စားမှုက နည်းပြီးတော့ အာဏာရေးနဲ့ နိုင်ငံရေးတွေက လိုက်စားမှုက များလွန်းနေတယ်။ အတိုက်အခိုက်တွေကလည်း လွန်တယ် – လွန်လွန်းအားကြီးတဲ့ အခါကျတော့ ဒီမိုကရေစီဆိုတာ မည်းမည်းမြင် တိုက်ဖို့လားလို့ မေးရမလိုဖြစ်လာတယ်။ ဒီအခါ ဒီမိုကရေစီရဲ့ ဂုဏ်သိက္ခာပါ ကျဆင်းသွားနိုင်တယ်။ ဒီတော့

 

ဘာဖြစ်လို့ ဒီလောက်တောင် တိုက်နေကြတာလဲ —

မည်းမည်းမြင် တိုက်နေကြတာလဲ —

ထစ်ခနဲ ဆို  တိုက်နေကြတာပဲ —

တိုက်ခိုက်ခြင်းသာလျှင် လူတကာ လုံ့လပြု မှီခိုနေကြတယ် —

အားပေးခြင်း၊ မြှောက်စားခြင်း၊ ကူညီခြင်း၊ ရိုင်းပင်းခြင်း၊ အကျိုးပြု၍တွဲခေါ်ခြင်းတွေက နည်းလွန်းအားကြီးနေတယ်။

 

ဒါကြောင့် မြန်မာ တိုင်းသူပြည်သားများလည်း သတိပြုသင့်ပါတယ်။  အားပေးသင့်တဲ့ အချင်းချင်းကို  အားပေးရမှာပေါ့။ မည်းမည်းမြင်လို့ချည်း ဇွတ်တိုက်နေရင် ဒါ ဘယ်သူက လမ်းညွှန်နေတာလဲ။ ဘယ်သူ့ရဲ့ လမ်းညွှန်ချက်လည်း။ ဒီလမ်းညွှန်ချက်ကတော့ တော်တော် ဆိုးဝါးတဲ့ လမ်းညွှန်ချက်ပဲ။ မည်းမည်းမြင် တိုက်သာ တိုက်ကွာ။ ဒီမိုကရေစီဆိုတာ တိုက်ခွင့်ရှိနေတာပဲ . . . ဒီသဘော နဲ့ တိမ်တိမ်ကလေး တိုက်နေကြ လို့သာတော့ မြန်မာပြည်ဟာ ဘယ်လိုလုပ်ပြီးတော့ တိုးတက်မှာလဲ၊ ဂုဏ်ရှိမှာလဲ။ ကိုယ့်မြန်မာပြည် တိုးတက်ဂုဏ်ရှိမှ ကိုယ်လည်း ဂုဏ်ရှိမှာပဲ။

ဒီတော့ —

တိုက်ခိုက်မှုလေးတွေကို ဆင်ဆင်ခြင်ခြင်လေး လုပ်ဖို့၊

ညီညွတ်မျှတပြီး အကျိုးပြုလုပ်ငန်းတွေ အားပေးဖို့၊ များများစားစား လုပ်ပြီး စီးပွားရေးဘက်ကို လှည့်ကြည့်ကြရင်တော့

 တိုင်းပြည်ဟာ တိုးတက်ဖို့အတွက် မျှော်လင့်ချက်တွေ အများကြီးရှိမယ်လို့လည်း အောက်မေ့မိကြောင်း သတင်းကောင်းပေးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

No tags for this post.
This entry was posted in Frontpage. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *