အတတ်ပညာတိုးတက်ဖို့ရာ

အတတ်ပညာတိုးတက်ဖို့ရာ

handover-clipart-1100983-Clipart-Outlined-Human-Hand-Holding-A-Plant-In-Soil-Royalty-Free-Vector-Illustrationကျွန်တော် ၀ုဏ်းလေးပါ။ ကျွန်တော့် အင်္ဂလိပ်စာကို ကျွန်တော်ကိုယ်တိုင်က အားမရဘူး။ ဒီတော့ နီးစပ်တဲ့ မြတ်သူအောင်ကို ကျွန်တော်ပြောတယ် “ငါ အင်္ဂလိပ်စာ တိုးတက်ချင်တယ်ကွာ” ဆိုပြီးပြောတယ်။ မကြာပါဘူး မြတ်သူအောင်က အသံဖိုင်ကို Memory Stick နဲ့ ယူလာပေးတယ်။ ကျွန်တော် အချိန်ရတဲ့အခါကျ အင်္ဂလိပ်စာ တိုးတက်ရာ တိုးတက်ကြောင်း နားထောင်ကြည့်တာပေါ့နော် – အဲဒီအထဲမှာ အကြံပေးထားတာ တစ်ခုရှိတယ် “တွေးရင် အင်္ဂလိပ်လို တွေးပါ” တဲ့ — ကျွန်တော်က ဒီအကြံဉာဏ် ပေးမှုကို မှန်ကန်ကြောင်း လက်ခံတယ်။ ဒါပေမယ့် တကယ်တမ်းကျ ကျွန်တော်က အင်္ဂလိပ်လို မတွေးနိုင်ဘူး ကျွန်တော်တွေးရင် ဗမာလိုပဲ ဖြစ်နေတယ်။ ဒီတော့ မှန်ပေမယ့် လိုက်မကျင့်နိုင်တဲ့ အဲဒီသဘောတရားရေးရာ တစ်ခုကို ကျွန်တော် အကြွေးတင်နေတယ်။

တစ်နေ့ကျ ဖြစ်လာပုံက ဆန်းတယ်။ မှတ်မှတ်သားသားပါပဲ။ ကျွန်တော်မိတ်ဆွေ နိုင်ငံခြားက တစ်ယောက်ဆီက အင်္ဂလိပ်လို  စာအတိုလေး ရောက်လာတယ် – ကျွန်တော် ဖတ်ကြည့်လိုက်တယ် ဖတ်ကြည့်တော့ နားလည်ပါတယ်။ သူကလည်း ကျွန်တော့အခြေအနေသိတော့ ကျွန်တော် နားလည်လောက်တဲ့ အင်္ဂလိပ်စာမျိုးနဲ့ ရေးတာပါ။ ကျွန်တော် ဒါနဲ့ အင်္ဂလိပ်လို စာပြန်ကြည့်လိုက်တယ် မ၀ံ့မရဲပါပဲ ဒါပေမယ့် ကျွန်တော် အမှားနည်းနိုင်သမျှနည်းအောင် ပြန်ကြည့်လိုက်တယ်။

နောက် သူဆီကတစ်ခါ ပြန်လာတယ် မေးခွန်းလေးတွေနဲ့ပေါ့လေ — မေးခွန်းလေးတွေနဲ့ ပြန်လာတော့ ကျွန်တော်ကတစ်ခါ ဖြေရပြန်တယ် ဖြေတော့လည်း ကျွန်တော် အင်္ဂလိပ်လိုပဲ ကြိုးစားပြီး မှတ်မှတ်ရရနဲ့ ဖြေလိုက်တယ်။ ဒီလိုနဲ့ အမေးအဖြေလုပ်လာတာ ကြာတဲ့အခါကျ ကျွန်တော် ဘယ်လိုဖြစ်လာလည်းဆိုတော့ သူ့ဆီစာရေးဖို့ကျရင် ကျွန်တော် အင်္ဂလိပ်လိုပဲ စဉ်းစားမိသွားတယ်။ ဒီတောမှ မြတ်သူအောင် အကြံဉာဏ်ပေးတဲ့ အသံဖိုင်ထဲကအတိုင်း သတိရလာတယ် တကယ်တမ်းကျ ငါ အင်္ဂလိပ်လို တွေးနေပါပေါ့လားလို့ —

ဒီလိုနဲ့ ကျွန်တော် အင်္ဂလိပ်တွေးပြီး သူ့ဆီရေးလိုက် သူကလည်း မရှင်းတာဆို ထပ်မေးလိုက်နဲ့ ကျွန်တော်တို့ အမေးအဖြေလုပ်လာတာ တော်တော်လေးရလာတယ်။ ရလာတဲ့အခါကျ နောက်ပိုင်း ဘယ်လိုဖြစ်လည်းဆို ကျွန်တော် အင်္ဂလိပ်စာကို မကြောင့်ကြတော့ဘူး သူ့ဆီကို အလွယ်တကူပဲ ရေးလိုက်တယ်။ သူကလည်း အလွယ်တကူပြန်တယ်။ ဒီတော့ ကျွန်တော် တဖြည်းဖြည်းနဲ့ နားလည်လာတယ် အင်္ဂလိပ်စာ တိုးတက်လာပါပေါ့လားလို့။ နောက်ဆက်ပြီး နားလည်လာတယ် – သြော် မြတ်သူအောင် ယူလာခဲ့တဲ့ အသံဖိုင်ထဲက အကြံဉာဏ် ပေးမှုတွေဟာ ကျွန်တော် လက်တွေ့ကျင့်သုံးမိပါပေါ့လားလို့။

ဒီလိုနဲ့ကျွန်တော် ဒါဟုတ်ပြီဆိုပြီး ကျွန်တော် မပျက်မကွက်ဘဲ ရေးတယ်။ သူကလည်း မေးမြန်းစရာတွေ ကျန်နေတော့ ဆက်မေးရင်းနဲ့ အမေးအဖြေသဘောနဲ့ တော်တော်လေးရေးမိတဲ့အခါ ကျွန်တော်နောက်ပိုင်း လက်ရဲလာတယ်။ လက်ရဲလာတဲ့အခါ ဘယ်လောက်ထိ လက်ရဲလာလည်းဆိုတော့ မိတ်ဆွေမှာ သူ့မိတ်ဆွေတစ်ယောက်နဲ့ မိတ်ဆက်ပေးတယ် – ဒါပေမယ့် ကျွန်တော့ အင်္ဂလိပ်စာကို ကျွန်တော် မယုံရဲလို့ မ၀ံ့မရဲ ဖြစ်နေတာပေါ့နော် နောက်အကြောင်းအကျိုး တိုက်ဆိုတော့ သူ့မိတ်ဆွေက စာတစ်စောင် ရေးလိုက်တယ် မေးခွန်းလေးတွေ ပါလာတယ်။ ဒီတော့ ကျွန်တော် သူ့ကို တိုက်ရိုက်ပဲ ဖြေလိုက်တယ်။ အခုချိန်ခါမှာတော့ ကျွန်တော် အရင်ကကြောက်ခဲ့ရတဲ့ ကိစ္စတွေကို ကျွန်တော် မကြောက်မရွံ့ဘဲ ရေးနိုင်ဖြေနိုင်တဲ့ သဘောအဆင့် ရောက်လာတယ်။

ဒီတော့ လောကကြီးမှာ အတတ်ပညာတစ်ခု တတ်မြောက်လာတယ် တိုးတက်လာတယ် ဆိုတာက သိပ် ခက်ရာခက်ဆစ်ကြီးလည်း မဟုတ်ဘူး သို့သော်လည်း လိုင်းမိမှလို့ ဒီလိုပဲပြောရမှာ။ ကျွန်တော်က အင်္ဂလိပ်လိုတွေးပါဆိုတဲ့ အကြံဉာဏ်ကို လက်ခံပေမယ့် အင်္ဂလိပ်လိုကို မတွေးဖြစ်နိုင်ခဲ့တာ အခုတော့ အင်္ဂလိပ်လိုရေးဖို့ ဖြစ်လာတဲ့အခါကျ အင်္ဂလိပ်လိုတွေးရင်းနဲ့ ကျွန်တော်ဟာ အင်္ဂလိပ်လို တွေးတတ်လာသလို ဖြစ်လာပါတယ်။

ဒါလေးဟာ ၀န်ခံချက်တစ်ခု ဖြစ်သလို၊ တိုးတက်မှုတစ်ခုလည်း ဖြစ်သလို၊ လက်တွေ့ဖြစ်ရပ် တစ်ခုလည်း ဖြစ်သလို အစစအရာရာ တိုးတက်မှု ကိစ္စတွေမှာ အခုလို အဆင်ပြေ အခြေအနေကောင်းတဲ့ အခွင့်သာရင် ရနိုင်ကြောင်း သတင်းကောင်း ပေးအပ်ပါတယ်။

ဝုဏ်းလေး

(၀ုဏ်းလေးရေးသားသော ဆောင်းပါးကို ဖော်ပြခြင်း ဖြစ်ပါသည် – Admin/www.chitnge.com)

No tags for this post.
This entry was posted in Articles. Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *