ပဋိပတ္တိပညာ

Share

ပဋိပတ္တိပညာ
ပဋိပတ္တိပညာကို စာရေးသူသည် ဆရာကောင်းသမားကောင်းထံ အန္တေ၀ါသိက တပည့်ခံ၍ ကျင့်ကြံအားထုတ် အလုပ်လုပ်ခဲ့ဖူးသည်။ ထို့ကြောင့် ပဋိပတ္တိပညာရပ် အကြောင်းကို အထိုက်အလျှောက် ပြောနိုင်၊ ဆိုနိုင်၊ ဟောနိုင်၊ ကိုယ်တိုင် ကျင့်ကြံ အားထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
စာရေးသူတို့သည် သတိပဌာန် လေးမျိုးစလုံး ကျင့်တတ်လေသည်။ စာရေးသူအား ဘာတတ်သနည်းဟု မေးလျှင် တရားကျင့်တတ်သည်ဟု ရဲရဲရင့်ရင့် ဖြေတတ်လေသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တိုင် ကျင့်ကြံအားထုတ်တတ်သောကြောင့် ဖြစ်သည်။
ယခုအခါ စိတ္တာနုပဿနာအကြောင်း ကောင်းကောင်း နားလည်နေကြသည်။ ယင်းအချက်မှာ ၀မ်းသာစရာ ကောင်းသည်။ ဆိုသည်မှာ စိတ်၏ အပျက်ကို ရှုခြင်းဖြစ်သည်။ ပေါ်လာသောစိတ်အား ပျက်သည်ဟု ရှုနေခြင်းသည် ရှုခြင်းဖြစ်သည်၊ ရှုခြင်းဖြစ်သည်။ အပျက်မြင် မဂ္ဂင် ဖြစ်သည်။ ပေါ်သောစိတ်အား ခင်မင်၊ နှစ်သက်၊ လုံးဖက်ခြင်းငှာ မအပ်မူ၍ စွန့်ပယ်၊ ဖြတ်တောက်နိုင်ခြင်းသည် ၀ိပဿနာ၏ ကျင့်စဉ်ပင်ဖြစ်သည်။
ပါဠိအားဖြင့် ကိလေသေမာရန္တော နိဗ္ဗာနံ ဂစ္စတီတိ မဂ္ဂေါ ဟု လာကြောင်း ဖော်ပြခဲ့ဖူးသည်။ ကိလေသာနှင့် ယှဉ်သောစိတ် မည်သည့်စိတ်ကိုမဆို လောဘ၊ ဒေါသ၊ မောဟနှင့် ယှဉ်သော စိတ်တို့အား အပျက်ဟု ရှုခြင်းဖြင့် ထို လောဘ၊ ဒေါသ၊ မောဟစိတ် တို့မှ ထွက်ခွာလာခဲ့ရာကျသည်။ ထိုအခါ မဂ္ဂင်ဖောင်ကြီး စီးဖို့အတွက် ပြင်ဆင်ပြီးသား ဖြစ်သည်။
ထို့ကြောင့် ယခုအချိန်တွင် ၀ိပဿနာ မရှုချင်လျှင် မရှုဘဲနေနိုင်သည်။ ရှုချင်ပါသည် နည်းနာ မသိလို့ပါ ဟူသော သဘော မရှိကြတော့ချေ၊ နည်းနာမှာ အပျက်တင်ခြင်း ဖြစ်သည်။ ပေါ်လာသမျှသော စိတ်အား အနိစ္စလက္ခဏာတင်ခြင်း ဖြစ်သည်။ ဤနည်းနာကို ပဋိပတ္တိသမားတိုင်း တတ်သိ ကျွမ်းကျင်ခဲ့ကြသည်။ သို့သော် ကျင့်ချင်သောအခါ ကျင့်သည်၊ မကျင့်ချင်သောအခါ မကျင့်ချေ။
စာရေးသူတို့သည် ကျင့်အား တော်တော်ကောင်းသဖြင့် အလေ့အကျင့် တော်တော် ကောင်းသည်၊ သမာဓိများ ထူးထူးခြားခြား တိုးတက်သည်။ စာရေးသူ၏ သမာဓိမှာ အထူးဝန်ခံဖူးသည့်အတိုင်း သင်္ချိုင်းကုန်းများ၌ ၀ိပဿနာ ကျင့်ခဲ့ဖူးခြင်းကြောင့် ပိုမို ထူးခြား တိုးတက် ပြောင်မြောက်သည်ဟု သတ်မှတ်နိုင်သည်။
ဤကိစ္စမှာ စာရေးသူ၏ ကံကောင်းချက် တစ်ရပ်ဖြစ်သည်။ ယခုအခါ စာရေးသူ တရားအားထုတ်သော သင်္ချိုင်းများ မရှိတော့ပြီ၊ ထိုသင်္ချိုင်းများတွင် တရားအားထုတ်ချင်ပါသည် ဆို၍ မရနိုင်တော့ချေ။ စာရေးသူသည် တစ်ခေတ်တစ်ခါ ကောင်းစွာ မီလိုက်သော သဘောရှိသည်။
မြန်မာပြည် အရပ်ရပ်၌ သင်္ချိုင်းကုန်းများအား တရားထိုင်ဖူးရာ ရန်ကုန်နှင့် မန္တလေး သင်္ချိုင်းများ အကုန်နီးနီး တရားထိုင်ခဲ့သည်။ ထိုစဉ်က မိမိသည် အရွယ်ကောင်းစဉ်ဖြစ်၍ သင်္ချိုင်းများကို တရားအားထုတ်ရန် ထက်သန်ခဲ့ဖူးသည်၊ ကျင့်ကြံ၊ ကြိုးစား၊ အားထုတ်ခဲ့ဖူးသည်။ အတွေ့အကြုံများကို စာပေစီစစ်ရေးမှ ခွင့်ပြုနိုင်သည့် အတိုင်းအတာအတွင်း၌ ထုတ်ဖော်ရေးခဲ့သည်။ အသေးစိတ်ကိုမူ မရေးသားပါချေ၊ အဘယ့်ကြောင့် ဆိုသော် ခက်ခဲနက်နဲသော အကြားအမြင်ဓာတ်များ ပါရှိရာ စာပေစီစစ်ရေးမှ သံသယဖြစ်ဖွယ်ရာ ရှိမည်စိုး၍ အသေးစိတ်မရေးပါ။ သို့သော် တရားအားထုတ်သော ပုဂ္ဂိုလ်တို့သည် ကြားနိုင် မြင်နိုင်သည် ဟူသော အဆိုကိုမူ မိမိ လုံးဝထောက်ခံသည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တိုင် မြင်ခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော် ဤကိစ္စများ၌ သက်သေပြရန်က လွန်စွာ ခက်ခဲသည်။ အထူးသဖြင့် တိုက်ရိုက် သက်သေပြရန် လွန်စွာ ခက်ခဲသည်။
ထို့ကြောင့် အချို့သော အပိုင်းများ၌ သည်းခံခဲ့ရသည်၊ ချန်လှပ်ခဲ့ရသည်။ စာဖတ်ပရိတ်သတ်များအား ခြွင်းခြန်လို၍တော့မူ မဟုတ်ချေ။ သို့သော် အထူးကျင့်ကြံ အားထုတ်ဖူးသူများသာလျှင် တွေ့ရှိနိုင်သော အကြားအမြင်ဓာတ်ကိုမူ ရိုးရိုး စာဖတ်ပရိတ်သတ်ကြီးအား တင်ပြရန် ခက်ခဲမှုများ ရှိသည်။ ထို့ကြောင့် အချို့သော အပိုင်း၌ သည်းခံ ချန်လှပ်ခဲ့ရခြင်း ဖြစ်ပါသည်။
တရားကျင့်သည်ဆိုလျှင် မြင်နိုင် ကြားနိုင်သော သဘာဝသည် အမှန်အကန်ရှိသည်။ စိတ်များသည် လွန်စွာ ကြည်လင်လာသောအခါ သော်လည်းကောင်း သမာဓိ လွန်စွာကောင်းလျှင် သော်လည်းကောင်း ဉာဏ်ပညာရှိလာလျှင် သော်လည်းကောင်း တစ်နည်းနည်းဖြင့် မြင်နိုင် ကြားနိုင်ပါသည်။
သို့သော် စာရေးသူသည် အမြင်အကြား သက်သက်ကို မလိုက်ခဲ့ပါ။ အချို့အပိုင်းများ၌ ဥပေက္ခာ ပြုခဲ့ပါသည်၊ ၀ိပဿနာတရားကိုသာ ဆက်လက် ကျင့်ကြံအားထုတ်သည်။ ထို့ကြောင့် စာရေးသူ၏ ၀ိပဿနာသည် လွန်စွာမှ စင်ကြယ်၊ သန့်ရှင်း၊ အပြစ်ကင်းလေသည်။ အဘယ့်ကြောင့် ဆိုသော် အပျက်တရား မြတ်စွာဘုရား ဟောမိန်တော်မူသည့် ဆရာကောင်း သမားကောင်း သွန်သင်သည့် အပျက်တရားကိုသာ တစ်စိုက်မတ်မတ် ရှုခဲ့ခြင်းဖြစ်သည်။
စာရေးသူသည် အသက် လွန်စွာ ကြီးလာပြီဖြစ်ရာ ရှုသတ်လုပ်အား အားဖြင့် တော်တော် ဖြတ်သန်းခဲ့ဖူးပြီ ဖြစ်၍ မိမိအသက်၏ တစ်ဝက်ကျော်ကျော်သည် ၀ိပဿနာနှင့်သာ ကျင်လည် ကျက်စားခဲ့သည်။ ထို့ကြောင့် အတွေ့အကြုံ ရင့်ကျက်သည်၊ ထို့ကြောင့် ပဋိပတ္တိသာသနာ အကြောင်း ကောင်းကောင်း ပြောတတ် ဟောတတ်သည်။
ကျင့်လျှင်ရပါသည်၊ ဤကိစ္စမှာ လောက ဓမ္မတာဖြစ်ပါသည်။ အားကစားကျင့်လျှင် အားကစား ရသည်၊ ကွန်ပြူတာ ကျင့်လျှင် ကွန်ပြူတာ ရသည်၊ ကိုယ်လိုက်စားရ ကိုယ်ရသည်။ စာရေးသူသည် ၀ိပဿနာ ကျင့်ခဲ့ရာ ၀ိပဿနာ ကျင့်ခြင်းဖြင့် ရရှိအပ်သော သီလ၊ သမာဓိ၊ ပညာကို ရခဲ့သည်။ ဤကိစ္စကို တစ်ပါးသူအား ၀င့်ကြွားလိုရန် အကြောင်းတော့မူ မရှိချေ။ ကျင့်ကြံ၊ ကြိုးစား၊ အားထုတ်သောအခါ တိုးတက် တတ်သော သီလ၊ သမာဓိ၊ ပညာ အကြောင်းကိုသာ ဆွေးနွေးတင်ပြလိုခြင်း ဖြစ်သည်။
စာရေးသူ၏စိတ်သည် လွန်စွာ တည်ငြိမ်သည်၊ ဤကား ကျင့်ကြံ၊ ကြိုးစား၊ အားထုတ်သောကြောင့် ဖြစ်သည်။ အထူးဝန်ခံရသော် သင်္ချိုင်းကုန်းများ၌ တရားအားထုတ်ခဲ့မိ ဖြစ်ခြင်းကြောင့် ပိုမိုတည်ငြိမ်မှု ရရှိလာသည်ဟု သုံးသပ်နိုင်သည်။ စာရေးသူသည် သင်္ချိုင်းကုန်တွင် တရားအားထုတ်ပြီး နံနက်မိုးလင်း ပြန်လာသောအခါ မိမိကျုယ်တိုင် လွန်စွာမှ တည်ငြိမ်သော ပုဂ္ဂိုလ်ကြီး အဖြစ် ပြန်လာခဲ့ရသည်ကို ကောင်းစွာ မှတ်မိပါသည်။
ယခုအခါ အထာလည်းကျ အနည်လည်းထိုင် ရင့်ကျက်မှုလည်း ရှိနေသဖြင့် တည်ငြိမ်မှုမှာမူ အထူးအင်အား ကောင်းပါသည်။ ဉာဏ်ပညာမီသမျှ ၀င်စားရာ၌ သမာဓိသည် စာရေးသူအား အထူး အားပေးလျှက် ရှိပါသည်။ မလိုတမာရှိသူများသည် စာရေးသူအား အမျိုးမျိုး ပြောလိုကြသော်လည်း စာရေးသူ၏ သမာဓိသည် ထိုပုဂ္ဂိုလ်များ ပြောသောကြောင့် မပျက်စီးပါ။ လွန်စွာ တည်ငြိမ်မှုရှိပါသည်၊ ကိုယ်တိုင် လက်တွေ့ ခံစား၊ သိရှိ၊ နားလည်ထားရခြင်း ဖြစ်သည်။
မိမိကဲ့သို့ သမာဓိ လိုသော ပုဂ္ဂိုလ်များအား ကျင့်နည်း၊ ကြံနည်းများအား မျှဝေ ခံစားစေပါသည်။ ၀င်လေ ဖြစ်တယ်၊ ထွက်လေ ပျက်တယ်ဟု ကောက်ချက်ချနေလျှင်လည်း သမာဓိတက်ကြောင်းကို အကြိမ်ကြိမ် တင်ပြ ခဲ့ဖူးပါသည်၊ ဟောပြောခဲ့ဖူးပါသည်။ ကိုယ်တိုင်ကျင့်သောအခါ ကိုယ်တိုင် သိလာပါလိမ့်မည်။ သို့သော် ဇွဲတော့ ကောင်းရပါလိမ့်မည်။ တစ်ထိုင် ငါးမိနစ်ရရ၊ ဆယ်မိနစ်ရရာ ကျင့်ရင်းကျင့်ရင်းနှင့် ရင့်ကျက်လာသော အခါ မိမိ၏သမာဓိကို မိမိကိုယ်တိုင် အားရကျေနပ် နှစ်သိမ့်နိုင်မည် ဖြစ်ပါသည်။
အရာရာသည် ကျင့်လျှင် တိုးတက်ကြသည် ဖြစ်ရာ သမာဓိသည်လည်း ကျင့်လျှင် တိုးတက်ရမည် ဖြစ်ပါသည်။ စာရေးသူသည် သက်သေအဖြစ် ရပ်တည်ပါသည်၊ ကျင့်ကြံလျှင် တိုးတက်ပါသည်၊ ဇွဲရှိဖို့ အရေးကြီးသည်။
စာရေးသူသည် ဇွဲရှိသလိုဖြစ်သွားသည် အဘယ့်ကြောင့်ဆိုသော် ကျင့်ကြံအားထုတ်သော နှစ်ပရိစ္ဆေဒ လွန်စွာ ကြာညောင်းခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အတွေ့အကြုံ လွန်စွာ ရင့်ကျက်သော ပုဂ္ဂိုလ်တစ်ဦး အနေနှင့် သိသမျှ ဗဟုသုတများအား လက်ဆင့်ကမ်းပါသည်။ ဆက်လက်၍လည်း လက်ဆင့်ကမ်းနေမည်သာ ဖြစ်ပါသည်။

ဗုဒ္ဓစာပေဆုရ
ဒေါက်တာချစ်ငယ်(ဒဿန)
မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *