ဓမ္မဓိဋ္ဌာန်ကျတဲ့ အသိပညာ

 ဓမ္မဓိဋ္ဌာန်ကျတဲ့ အသိပညာ၊

ဒဿနပညာမှ သိပ္ပံသို့၊ သိပ္ပံမှ ဗုဒ္ဓဘာသာသို့

(The Objective Character from Philosophy to ,

from scientific knowledge to .)

 

beautiful-road-ဒဿနပညာ၌ ဓမ္မဓိဋ္ဌာန်ကျခြင်း ဟူသော စကားလုံးအား အထူးလေ့လာ ဆင်ခြင်ကြသည်။ (Objectivity of History) ဟူသော သမိုင်းဆိုင်ရာ ဒဿနပညာ၌ သမိုင်းအမြင်တို့၏ ဓမ္မဓိဋ္ဌာန်ကျနိုင်မှု၊ မကျနိုင်မှုတို့ကို စိစစ် ဝေဖန်ကြသည်။ သမိုင်းအား သမိုင်းရေးသူ ပြောချင်သလိုပြော၍ မဖြစ်နိုင်၊ ဖြစ်ခဲ့သော အကြောင်းအချက်အလက် မှန်ကန်တိကျဖို့ လိုသည်။ သို့မှသာလျှင် ဓမ္မဓိဋ္ဌာန်ကျနိုင်မည် ဟူ၍ သမိုင်းဆိုင်ရာ ဒဿနပညာတွင် သမိုင်းပညာရပ်၏ ဓမ္မဓိဋ္ဌာန်ကျမှု မကျမှုကို အထူးလေ့လာသည်။

ဒဿနပညာသည် ပုဂ္ဂလိကဆန္ဒနှင့် ဓမ္မဓိဋ္ဌာန်ကျသော အမြင်များအား ခွဲခြားစိစစ်လေ့ရှိသည်။ ၎င်းမှတဆင့် သိပ္ပံပညာသို့ ကူးဆက်နိုင်သည်။ သိပ္ပံပညာသည်လည်း ဓမ္မဓိဋ္ဌာန်ကျမှုကို တန်ဖိုးထားသည်။ လူများကို တန်ဖိုးမထားချေ။ အဘယ့်ကြောင့်ဆိုသော် လူများသည် ပုဂ္ဂလိကဆန္ဒစွဲနှင့် ပြောတတ်သည်ဟု သတ်မှတ်ကြသည်။ ထိုကြောင့် သိပ္ပံပညာရှင်တို့သည် ကိရိယာ တန်ဆာပလာများကို သုံးကြသည်။

ဤသို့ဖြင့် ကိရိယာ တန်ဆာပလာများ၏ အကူအညီယူကာ သဘာဝတရား၏ ဖြစ်ရပ်မှန်ကို ရှာသည်။ သို့သော် တဖြေးဖြေးနှင့် နက်နဲလာသောအခါ ကိရိယာတန်ဆာပလာများ သုံးခြင်းကြောင့် အခက်အခဲ ပေါ်လာသည်။ ဥပမာ-ကွမ်တမ်မက္ကင်းနစ်ပညာ၌ ကြည့်ပါ။ လေ့လာစူးစမ်းသော ကိရိယာကြောင့် အလေ့လာခံရသော သဘာဝဖြစ်ရပ်သည် ရွေ့လျားသွားသည်၊ သက်ရောက်မှု ခံရသည်။ ထိုအခါ သဘာဝတရားကို သူ့အတိုင်း သိနားလည်ရန် မဖြစ်နိုင်ချေ။ ယင်းသည် မသေခြာခြင်းနိယာမ (Principle of Indeterminacy) ၏ သော့ချက်ပင် ဖြစ်သည်။

လေ့လာသောအရာသည် အလေ့လာခံသဘာဝအား တနည်းနည်းဖြင့် သက်ရောက် စေတော့သဖြင့် မည်သည့်အခါမှ သဘာဝတရားကို သူ့အရှိအတိုင်း မကြည့်နိုင်တော့ပါ။ သိမ်မွေ့ နူးညံ့လေလေ ခက်ခဲလေလေ ဖြစ်လာပါသည်။ ဤဥပဒေသသည် ယခုထက်တိုင် ကမ္ဘာ့ ဥပဒေသဟု အသိမှတ် အပြုခံရသည်။ (World Formula) အဖြစ် သတ်မှတ်ထားဆဲပင် ဖြစ်သည်။

သေးငယ်သော အမှုန်များကို လေ့လာသောအခါ လေ့လာမှုများက ထိုသေးငယ်သော အမှုန်များအား ရွေ့လျားစေသည်ဟု လက်တွေ့စမ်းသတ်မှုက ဖော်ပြနေသည်။ ထို့ကြောင့် အမှန်တရားကို အသေးစိတ်အထိ မသိနိုင်သဖြင့် (Future is uncertain.) ဟူသော အနာဂါတ်၌ မသေချာခြင်း မရေရာခြင်း ရှိသည်ဟု ၀န်ခံကြရခြင်း ဖြစ်သည်။ ဤကား သိပ္ပံ၏ အခြေအနေဖြစ်သည်။

ထိုမှတဆင့်တက်သော် ဗုဒ္ဓဘာသာ၌ ကိရိယာကို မသုံးချေ။ လူ၏ အတ္တနှင့် ယှဉ်သော စိတ်ကိုလည်း မသုံးချေ။ ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်အမြော်အမြင်ကိုသာ သုံးသည်။ ဉာဏ်အမြော်အမြင်ကို သုံးသောအခါ သုံးရင်းနှင့် အောင်မြင်သောအခါ ဉာဏ်အမြော်အမြင်သည် တလောကလုံးအား ဓမ္မဓိဋ္ဌာန်ကျကျ မြင်လာ သည်။ မိမိကိုယ်ကိုယ်လည်း ဓမ္မဓိဋ္ဌာန်ကျကျ မြင်လာသည်။ မိမိကိုယ်ကိုယ် သဘာဝ၏ အစိတ်အပိုင်း တစ်ခုလို မြင်လာသည်။ တနည်းအားဖြင့် အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု မြင်လာသည်။ ထိုအခါ ဗုဒ္ဓဘာသာသည် အောင်မြင်သည်။ အမှန်တရားကို ဓမ္မဓိဋ္ဌာန်ကျသော အရိယာတို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့် သိနိုင်ကြောင်း ထုတ်ဖော်နိုင်သည်။

ဤကား ဒဿနပညာမှ သိပ္ပံသို့၊ သိပ္ပံပညာမှ ဗုဒ္ဓဘာသာသို့ ဟူသော စကားရပ်၏ အကျဉ်းချုပ် အဖြေပင် ဖြစ်ပါသည်။

 

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

 

This entry was posted in Articles and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *