ဉာဏ်ပန်းမွှေးလှိုင်ကြူ – 8

Share

အခန်း (၂)

ဆရာမြတ်၏ အဆုံးအမများ

(ဂ) သေခြင်း၏ ဆိုးဝါးပုံ

            ရုပ်နာမ်သည် ငါမဟုတ်ချေ၊ သံသရာ၌ မရှိသောငါကို အရှိလုပ်ခဲ့သဖြင့် ဒုက္ခရောက်ခဲ့ရခြင်းဖြစ်သည်။ ရုပ်နာမ်ကို ငါထင်နေသဖြင့် ထိုရုပ်နာမ်အပေါ် သမုဒယငြိတွယ် ရခြင်းဖြစ်သည်။ ရုပ်နာမ်ရရှိခဲ့ရခြင်းသည်ပင်လျှင် အတိတ်ဘ၀ ဘ၀များက အယောနိသော မနသီကာယခေါ် နှလုံးသွင်းမှားခြင်း၏ ဒဏ်ချက်ဖြင့် ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်များကို ခံစားလျှက် ရုပ်နာမ်ဒုက္ခ ရနေကြခြင်းဖြစ်သည်။

            ကိလေသာ မကုန်ခမ်းသေးသော ရုပ်နာမ်တစ်ခုသည် ကိလေသာ ခံစား စံစားလိုသော ၀ဋ်ရှိနေသည်။ ထိုဝဋ်ကိုခံရန် သူသည် အသက်ရှင်နေရခြင်းဖြစ်သည်။ ဤ၀ဋ်ကို ခံရခြင်းကြောင့် သူသည် အနာဂတ်ကာလတွင် ဖြစ်ပေါ်လတံ့သော ဒုက္ခဆင့်ပွားမျိုးစုံ၊ အကုသိုလ်မျိုးစုံ၊ ပင်ပန်းဆင်းရဲမှု မျိုးစုံတို့ကို ထပ်မံခံစားရပြန်သည်။ ဤနည်းဖြင့်သူသည် ၀ဋ်ဒုက္ခနယ်ပယ်မှ မလွတ်မြောက်နိုင်တော့။ ထိုဝဋ်များနှင့်ယှဉ်တွဲနေသော ရုပ်နာမ်သည် အနိစ္စခန္ဓာ အပျက်ခန္ဓာဖြစ်ရာ အချိန်ကျရောက်လာသောအခါ မရှောင်မလွဲသာဘဲ မရဏသေပွဲသို့ သဲကမ်းရေဝေ့ တွေ့ရတော့သည်။ ထိုအခါ ခန္ဓာကိုယ်ဓာတ်လေးပါး အစုအဝေးကြီး၏ ဖောက်ပြန်မှု နှိပ်စက်မှုဒဏ်ကို အလူးအလဲခံရသည်။ ဤသို့ ရက်စက်ပြင်းထန်လှသော ဝေဒနာ၏ဒဏ်ကို မခံမရပ်နိုင်သဖြင့် ဒေါသဖြစ်ရသော အခါ ဒေါသဖြင့် ဘ၀ကူးရခြင်း၊ ဝေဒနာပြင်းထန်လွန်းသဖြင့် ခံနိုင်ရည်မရှိကာ သတိမေ့မြောလျှက် မောဟ ဖုံးလွှမ်းခံရလျှင် မောဟဖြင့် ဘ၀ကူးရခြင်း၊ စသော အကုသိုလ်စရိုက်များနှင့်ယှဉ်၍ ခန္ဓာစွန့်ရလျှင် ကောင်းရာမွန်ရာဘ၀ တို့ကို မည်ကဲ့သို့သော နည်းနှင့်မျှ ရောက်နိုင်စရာ အကြောင်းမရှိချေ။ ထို့ကြောင့် အ၀ိဇ္ဇာ၊ ၊ အကုသိုလ်များ လိမ်းကျံလျှက်နှင့် ရုပ်နာမ်ခန္ဓာ စွန့်ရသော သေခြင်းတရားကို မသေခင်က ကြိုတင်မြော်မြင်ကာ ပယ်သတ်စွန့်ဖြတ်စရာရှိသော အမှုကိစ္စတို့ကို မဖင့်လေး မနှေးကွေးစေဘဲ အဆောတလျှင် လုပ်ဆောင်အပ်သည်သာ ဖြစ်သည်။

 

(ဃ) လောကဓံ လှိုင်းဂယက်များ

            ပုထုဇဉ်များသည် အကောင်းကို အကောင်းမှန်းမသိ၊ မကောင်းသည်ကို မကောင်းသည်မှန်းမသိ၊ ကောင်းသည်ကို မကောင်းဟုမှတ်ထင်သည်၊ မကောင်းသည်ကို အကောင်းဟု မှတ်ထင်တတ်သည်။ ပုထုဇဉ် စရိုက်သည် မကောင်းသည်ကို အကောင်းဟု ထင်မှတ်မှားအောင် ချော့မော့လှည့်စားသော တဏှာ သမုဒယကို သဘောကြိုက် နှစ်ချိုက်လက်ခံကာ ရင်ဝယ်ပိုက်လိုသည်။ အမှားအမှန်ကို ဝေဖန်ပိုင်းဖြတ်နိုင်သော ဉာဏ်ရည်ကို အကြောင်းမပြု၊ တဏှာ အချော့အမော့ လှည့်ဖြားမှု သမုဒယကိုသာ အကြောင်းပြုသည်။        ဤအချာ့အမော့သည် ငါတည်းဟူသော မာန်မာန၏ လိုဘကိုလည်း ဖြည့်စွမ်းနိုင်သည်ဖြစ်ရာ အဆိပ်ဆေးခါးကို သကြားလွှမ်းခြုံ၍ စားမြိုရသကဲ့သို့ ဖြစ်သည်။

            ဤနေရာ၌ အဆိပ်ကို အဆိပ်ဟု ဟုတ်တိုင်းမှန်စွာပြောသော်လည်း ချိုသောအရသာ ရှိသည်ဟု ငြင်းဆိုကြမည်သာဖြစ်သည်။ အပေါ်ယံချိုသော အရသာမျှလောက်သာ တပ်မက်၍ အဆိပ်မှ ပြင်းထန်စွာ နှိပ်စက်သတ်ဖြတ်မည့် ဘေးဒုက္ခ အန္တရာယ်ကို မမြင်ကြရှာသေးသော ပုထုဇဉ်များသည် ဟုတ်မှန်ရာကို ဟုတ်မှန်သည့်အတိုင်း ပြောသောပုဂ္ဂိုလ်အား နာခံလိုက်နာရန်ဝေးစွ၊ ကလန်ကဆန်ငြင်းဆန်ပြုလျှက် အချို့သည် အခွင့်အခါသင့်သော အခြေအနေတို့၌ အန္တရာယ် ရန်သတ္တရုပြုဘို့ပင် ကြိုးစားကြပေဦးမည်။ အမှန်မြင်သူနှင့် မမြင်သူတို့ပင် လောကဓံရေလှိုင်းရိုက်ခတ်ခြင်း ခံရပေသေးရာ၊ အမှန်ကိုမမြင်သူ အချင်းချင်းမူ အထူးဆိုဘွယ်ရာမရှိ၊ အဆိပ်သီးများကို အလုအယက် သူ့ထက်ငါ အပြိုင်အဆိုင်သဘောနှင့် စားသုံးဝါးမျိုရန် ကြိုးစားရင်း ပိုးဖလံမျိုးကဲ့သို့ ကိုယ်ကျိုးနည်းရသော အဖြစ်ဆိုးနှင့် ဘ၀ခန္ဓာ ဇတ်သိမ်းရတတ်သည်သာဖြစ်သည်။ ထို့ကြောင့် ဤရုပ်နာမ်ခန္ဓာရှိသ၍ လောကဓံတွေ့ရမည့် အဖြစ်ဆိုးကို တရားသံဝေဂယူလျှက် ရုပ်နာမ်ဒုက္ခ ချုပ်ဆုံးရာ မြတ်နိဗ္ဗာန်သို့ အလျှင်အမြန် မျက်မှောက်ပြုစေနိုင်ရေးအတွက် အထူးလုံ့လဥဿဟ ပြုရသည်သာ ဖြစ်ကြောင်း။

 

(င) တရားရှင်ဖြစ်အောင် ကြိုးစားနေသူတို့၏အမြင်

            တရားရှင်ဖြစ်ရန် ကြိုးစားနေသော ပုဂ္ဂိုလ်များသည် မိမိတို့ အဇ္ဈတ္တ ရုပ်နာမ်ပိုင်းဆိုင်ရာ တဏှာ သမုဒယများကို အထိုက်အလျောက် ပယ်စွန့်ထားကြပြီးဖြစ်သည်။ ထိုပုဂ္ဂိုလ်တို့သည် မိမိတို့၏ ရုပ်နာမ်တို့ကို ရှုသတ်ပိုင်းဖြတ်ကာ ဟုတ်တိုင်းမှန်စွာ မြင်တွေ့သိရှိနိုင်စေရေးအတွက် ကျင့်ကြံကြိုးစား အားထုတ်နေရသည်။ ထို့ကြောင့် တပါးသူတို့၏ ရုပ်နာမ်ပိုင်းဆိုင်ရာ သဘောသဘာဝများကိုလည်းအလားတူပင် ဟုတ်တိုင်းမှန်စွာ ယထာဘူတကျကျ ရိပ်စားနားလည်ထားကြပေသည်။

            ယင်းပုဂ္ဂိုလ်တို့သည် လူအမျိုးမျိုးတို့၏ စရိုက်လက္ခဏာ အမျိုးမျိုးတို့ကို အမှတ်အသားပြုကာ `ဤသူသည် ဤသို့ သဘောရှိ ပေတကား၊ ထိုသူသည် ထိုသို့ သဘောရှိပေတကား´ ဟုကြောင်းကျိုးတွက်ဆ ဆင်ခြင်ကာသဘောပေါက် ရေလည်မှုရှိကြသည်။ ထိုပုဂ္ဂိုလ်တို့သည် လူသာမန်တို့၏ မျက်စိလည် လမ်းမှားမှု များကို ပညာဉာဏ်ဖြင့် သိမြင်နားလည်ကာ ဦးတည်ချက် ကင်းမဲ့နေကြသော လူသာမန်တို့၏ အဖြစ်ကို ရံခါ သံဝေဂ ယူခြင်းဖြင့်၎င်း၊ ရံခါ ဂရုဏာသက်ခြင်းဖြင့်၎င်း၊ ရံခါ မျက်စိလည်ခြင်းကင်း၍ စစ်မှန်သော ရည်မှန်းချက်သို့ ဦးတည် ချီတက်နိုင်ပါစေဟူ၍၎င်း ဆင်ခြင်သုံးသပ်မိကြပေသည်။

            လောကကြီး၌ မလိုလားအပ်သော အကြိမ်ကြိမ် အထပ်ထပ် ဒုက္ခဖြစ်စေသော မျက်စိလည်မှုမျိုးမှ အပြီးအပိုင် ဆောလျှင်စွာ ရုပ်နာမ်ရှိသူတိုင်း ထွက်မြောက်လိုသော ဆန္ဒရှိသင့်ကြပေသည်။ တရားရှင်ဖြစ်ရန် ကြိုးစားနေသူတို့မှာ ရင်တွင်းငြိမ်းအေးမှုသဘောကို လက်တွေ့ ခံစား စံစားကြလျှက် နားလည်ခြင်းနှင့် ချမ်းသာခြင်းကို ပိုင်ပိုင်နိုင်နိုင် သိရှိခံစားနိုင်ကြသည်။ ထို့နောက်မှ မိမိတို့တွင် ကြွင်းကျန် ကပ်ငြိနေသေးသော အညစ်အကြး အလွှာနု အလွှာပါးများကို  လုံးဝစင်ကြယ်သည်အထိ ပြည့်စုံပြီးမြောက်စေရန် ကြိုးစားဆေးကြော ရှုသတ်နေကြသည်သာဖြစ်သည်။

            ထို့ထက်ပို၍ ဆိုရသည်ရှိသော် တရားရှင်တို့သည် ပုထုဇဉ်မျက်ကန်းများအား အဘယ်ကဲ့သို့သော အကြောင်းများကြောင့် ရူးမိုက်နေရခြင်းသဘောကို သိနားလည်သကဲ့သို့ ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်လည်း အဘယ်ကဲ့သို့သော အကြောင်းကြောင့် သံသရာဝဲသြဃမှ အပြီးအပိုင် ဖြတ်ကူးကျော်လွှား အောင်မြင်နိုင် ကြောင်းတို့ကို သဘောပေါက် နားလည်ကြသည်သာဖြစ်သည်။ ထို့ကြောင့်လည်း တရားရှင်ဖြစ်ရန် ကြိုးစားရသောအရေးသည် အားလုံးသောအရေးထက် ပိုမို အလေးအမြတ် ပြုထိုက်သည်သာ ဖြစ်ပါကြောင်း။

 

(စ) အသေ စိတ်ချရသူနှင့် စိတ်မချရသူ

ဤလာက၌ အသေစိတ်ချရသူနှင့် အသေစိတ်မချရသူ နှစ်မျိုးနှစ်စား ရှိသည်။ အသေ စိတ်မချရသူသည် မိမိတို့ အတွင်း အဇ္ဈတ္တ သန္တာန်၌ ကိမ်းအောင်းနေသော အကုသိုလ် အညစ်အကြေးများကြောင့် သေခြင်းတရားကို ရဲရဲဝံ့ဝံ့ ရင်မဆိုင်နိုင်။ အ၀ိဇ္ဇာ တဏှာ ထူပြောသူဖြစ်၍ သေရမည်ကို (သို့မဟုတ်) အမှန်တကယ် ရင်ဆိုင်ရမည်ဖြစ်သော သေခြင်းတရားကို လွန်သွာမှ ကြောက်လန့်လျှက်၊ သစ္စာတရား မတည်ရှိခဲ့မှု၏ အကျိုးအာနိသင် အဖြစ်ဖြင့် တစ်စုံတစ်ခုဖြစ်မှာကို ပူလောင်လှသော စိုးရိမ်လှသော ဗျာပါဒမီး တောက်လောင် နှိပ်စက်လာသည်ကို ခံစားရသည်။ ၎င်းတို့သည် အသက်ထင်ရှားရှိစဉ်က ပစ္စက္ခဘ၀၌ ချမ်းသာရုံလေးမျှကိုသာ ငဲ့လျှက် အကုသိုလ် ဒုစရိုက်များကို တက်သထက် တက်စေရန် လုပ်ဆောင်ခဲ့ကြသည်။ အတွင်းအဇ္ဈတ္တ သန္တာန်၌လည်း အ၀ိဇ္ဇာ တဏှာ အညစ်အကြေးများ ကိန်းအောင်းမှု ဒဏ်ချက်ကြောင့် ဟုတ်တိုင်းမှန်စွာ ဘာမှမသိ၊ ထိုမသိခြင်း၏ ဒဏ်ရာဒဏ်ချက်များသည် သေခါနီးလျှင် ပို၍ဆိုးသည်။ ထိုအခါ ပြင်ဆင်ရန်လည်း အချိန်မရတော့ လွန်စွာမှ နောက်ကျသွားလျှက် ဘာမှ မတတ်သာတော့သော အခြေအနေကို ရင်ဆိုင်ရသည်။

အသေစိတ်ချရသူတို့မှာ အ၀ိဇ္ဇာနှင့် တဏှာထုကုန်ကာ လုပ်စရာကိစ္စများလည်း အပြီးအပြတ်လုပ်ဆောင် ပြီးပြီဖြစ်၍ သေပျော်လျှက်ရှိသည်။ အခြားတဘက်မှလည်း ဒုက္ခများပြီးပြတ်အောင် ရှုသတ်ပြီးဖြစ်၍ ဒုက္ခချုပ်ငြိမ်းခြင်းသဘော၏ အနှစ်သာရကို မြင်တွေ့ပြီး အရာရာကို ရင်ဆိုင်ရဲလျှက်ရှိသည်။ အညစ်အကြး ကုန်ခန်းပြီးဖြစ်သော ခန္ဓာဝန်ကိုစွန့်ရန် ၀န်မလေးတော့၊။ သေခြင်းတရားနှင့် ပတ်သက်၍ လုံးဝ ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိတော့။

အိုတတ်၊ နာတတ်၊ သေတတ်သော ရုပ်နာမ်ဒုက္ခကို နှစ်သက်တွယ်တာ ကပ်ငြိနေသူတို့မှာမူကား အညစ်အကြေးကို အညစ်အကြေးမှန်းမသိဘဲ အထပ်ထပ် အညစ်အကြေးထုထည် ကြီးမားစေသဖြင့် အညစ်အကြေးကင်းစင်ရာ၊ ဒုက္ခရုပ်နာမ်ချုပ်ရာ၊ အေးငြိမ်းချမ်းသာသော သဘော၏ တန်ဖိုးကို သိမြင်ဘို့ လွန်စွာ ဝေးကွာသွားပေတော့သည်။

အဆိုပါ အမျိုးအစားနှစ်ခု၏ ကွဲပြားခြားနားပုံကို တိကျသေချာစွာ နားလည်လိုသော ပုဂ္ဂိုလ်တို့သည်`မိမိတို့၏ အဇ္ဈတ္တ၌ ကိန်းအောင်းနေသော အညစ်အကြေး တဏှာသမုဒယများကို လက္ခဏာရေး သုံးပါးဖြင့် ပညာသားပါပါ ကုန်စင်သည်အထိ ရှုသတ် ပိုင်းခြားနိုင်ရမည်။ ထို့နောက် ငြိမ်းချမ်းအေးမြရာသို့ မျက်မှောက်ပြုခြင်းဖြင့် အစစ်ဆေးခံနိုင်သော တရားတော်မြတ်၏ ကြီးမားလှသော ဂုဏ်တော်များကို ကိုယ်တိုင် ခံစားနိုင်ကြသည်သာဖြစ်သည်။

တနည်းအားဖြင့် အ၀ိဇ္ဇာ တဏှာ အညစ်အကြေးရှိသမျှ ရှေ့ဆက် ဒုက္ခခံရဦးမည်ကို ကြိုတင်သိလျှက်၊ အညစ်အကြေးကုန်စင်၍ အသေစိတ်ချရသူတို့၏ အငြိမ်းဓာတ်၊ ချမ်းသာဓာတ်တို့ကို ဆင်ခြင်ကာ မိမိ အတွက်လည်း လိုအပ်သလို ပြင်ဆင်ထားသင့်သည်သာ ဖြစ်ပါကြောင်း။

 

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *