ဉာဏ်ပန်းမွှေးလှိုင်ကြူ – 7

Share

အခန်း (၂)

ဆရာမြတ်၏ အဆုံးအမများ

 

(က) သံသရာဘေး၏ ကြောက်မက်ဖွယ်ကောင်းပုံ။

(ခ) အကုသိုလ်မီးများသိပ်သည်းကျစ်လစ်ပုံ။

(ဂ) သေခြင်းတရား၏ ဆိုးဝါပုံ။

(ဃ) လောကဓံ လှိုင်းဂယက်များ။

(င) တရားရှင်ဖြစ်ရန် ကြိုးစားနေသူတို့၏အမြင်။

(စ) အသေစိတ်ချရသူနှင့် အသေစိတ်မချရသူ။

 

ဆရာမြတ်ထံ တပည့်ခံ၍ ၀ိပဿနာတရား ကျင့်ကြံအားထုတ်ရာ၌ ဦးတည်ချက် ရည်ရွယ်ချက်များ ထားရှိရန်လိုအပ်ကြောင်း ဆုံးမတော်မူသည်။ သံသရာမှ ထွက်မြောက်ရန် ဆန္ဒရှိကြသော စာရေးသူတို့အတွက် သံသရာ လွတ်ကြောင်းမှတပါး အခြားသို့ အာရုံမပြုရပါ။ မိမိကိုယ်ကို၎င်း၊ တပါးသော ယောဂီကို၎င်း၊ သံသရာမှ လွတ်မြောက်အောင် ကျင့်ကြံအားထုတ်နေသူများအဖြစ် သတ်မှတ်ခံယူ နားလည်ထားရပါသည်။ မည်သည့် ထူးခြားသော ဂုဏ်ထူး ၀ိသေသနကို ပိုင်ဆိုင်သူမဆို ထူးခြားမြင့်မြတ်သော အသိပညာစွမ်းရည် ဘုန်းတန်ခိုး အတွက် အမှန်တကယ်နှင့် ထူးထူးခြားခြား ကျင့်ကြံအားထုတ်ခဲ့ရသည်သာဖြစ်သည်။

ဤခံယူချက် ယေဘူယျ လမ်းညွှန်မှုအတိုင်း ပညာရည်ဝ နှလုံးလှလိုသော စာရေးသူတို့တတွေသည် ၀ိပဿနာ စစ်စစ်ကို အမှန်တကယ် ပိုင်ဆိုင်ရရှိလိုသဖြင့် လက်တွေ့ကျင့်စဉ် အမျိုးမျိုးကို အထူး ၀ိရိယစိုက်ထုတ် ကျင့်ကြံကြိုးစားခဲ့ရပါသည်။ ၀ိပဿနာ ဓမ္မကျင့်စဉ်ဆိုသည်မှာ မိမိရင်တွင်း၌ ဖြစ်ပေါ်လာသော ကိလေသာတို့ကို အလိုလိုက်ခွင့်မရှိပါ။ ပယ်သတ်ရှုဖြတ်ခြင်းအမှုကို ပြုနေရပါသည်။ ဤအလုပ်သည် လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် တသံသရာလုံး၌ အလိုလိုက်ခဲ့ရသော မိမိအတ္တကို ဤဘ၀ ဤနေရာတွင် အပြတ်အသတ် ပိုင်းဖြတ်ပယ်စွန့်နေရသောကြောင့် ဖြစ်ပါသည်။ ဤလုပ်ငန်းမှာ ၀ိပဿနာ ယောဂီတစ်ဦးအဖို့ မရှောင်မလွှဲနိုင်သော မလုပ်လျှင်မဖြစ်သော လုပ်ငန်းတစ်ရပ်လည်း ဖြစ်နေပါသည်။

သံသရာ၌ ချော့၍ ပျော့ခဲ့ရသော အတ္တသည် ဤနေရာတွင် နာနာကျင်ကျင် ပယ်သတ်ပိုင်းခြား ခြင်း ခံရလေရာ တော်ရုံတန်ရုံဇွဲ ရှိသူတို့အဖို့ ခက်ခဲဝန်လေး အရှုံပေး၍ နောက်ပြန်ပြေးချင်စရာ ကောင်းလှသော အချေအနေများကို တွေ့ကြုံရင်ဆိုင်ရတတ်ပါသည်။ သို့သော် အနတ္တ၀ါဒီ တရားရှင်တစ်ဦး ဖြစ်နိုင်စေရန်ာနုဝါဒီသမား အဖြစ်မှ မိမိကိုယ်ကို မထောက်မညှာ ရက်ရက်စက်စက် ပယ်စွန့်သော သတ္တိရှိရပါလိမ့်မည်။ သာသနာ့ အာဇာနည်ဖြစ်လိုသော ပုဂ္ဂိုလ်တို့သည် လူသာမန်များ မိုက်မှားစွာ တပ်မက်စွဲလန်းနေမှုများကို ရွံရှာ စက်ဆုပ် ကြောက်လန့် စွန့်ပယ်နိုင်ရမည်မှာ ဓမ္မတာပင် ဖြစ်ပါသည်။ ပညာသားပါပါ ပြတ်သားပီပြင်လှသော အထက်ဖေါ်ပြပါ ဆရာမြတ်၏ အဆုံးအမများအောက်၌ လက်တွေ့ကျင့်ကြံကြိုးစား အားထုတ်ခဲ့ရသော ဦးပဉ္ဇင်တို့ တတွေသည် လောကီအာရုံ ကာမဂုဏ်များကို ပယ်စွန့်နိုင်ခဲ့ကြသည်မှာ အံ့သြဘွယ်ရာတော့ မဟုတ်ချေ။

 

(က) သံသရာဘေး၏ကြောက်မက်ဘွယ်ကောင်းပုံ

 

စိတ်တခဏသည်ပင်လျှင် နည်းအမျိုးမျိုးဖြင့် နှိပ်စက်တတ်သည်ဖြစ်ရာ စိတ်တခဏပေါင်း မြောက်များစွာ ရှိသော ဘ၀တစ်ခုသည် မည်မျှကြောက်မက်ဘွယ် ကောင်းပါမည်နည်း။ ဘ၀တစ်ခုသည်ပင်လျှင် ကြောက်မက် ဘွယ် ကောင်းလှသည်ဖြစ်ရာ ဘ၀ပေါင်း မြောက်များစွာဖြင့် တည်ဆောက်အပ်သော သံသရာကြီး၏ ဘေးဒုက္ခတို့သည် အနမတဂ္ဂ ကြောက်မက်ဘွယ် ကောင်းလွန်းလှသည်သာတည်း။ ဤကဲ့သို့ ကြောက်မက်ဘွယ် ကောင်းကြောင်းကို ပညာသားပါပါ မသိမြင်သေးသမျှ ကာလပတ်လုံး ကျွတ်တန်းဝင်လိုသည် နိဗ္ဗာန်ရောက်လို သည်ဆိုသော စကားများမှာ တရားမ၀င်သော လိမ်ညာလှည့်ဖြားမှုနှင့် ယှဉ်သော စကားများသာ ဖြစ်ကြသည်။

သံသရာစက်ရဟတ်ကြီး၏ ကြောက်မက်ဘွယ်ကောင်းလှသော ဘေးဆိုးဒုက္ခကြီးများကို သိမြင်နားလည် ပြီးပါမှ ထိုစက်ယန္တရားကြီးထဲမှ လွတ်မြောက်လိုသော ဆန္ဒများ ပေါ်ပေါက်လာနိုင်မည်ဖြစ်သည်။ ရုပ်နာမ်ကြီးသည် ဒုက္ခသဘောကြီးမျှသာဖြစ်၍ ဤဒုက္ခခန္ဓာကြီးသည် မမြဲခြင်းသဘော၊ အနိစ္စသဘော၊ ပကတိ လက်ရှိအခြေအနေမှ သွေဖီဖေါက်ပြန်တတ်သောသဘော၊ မပိုင်မဆိုင်အပ်သောသဘော ရုပ်နာမ်၏ အပျက်တရားအား မလွှမ်းမိုးနိုင် ခြင်းသဘော၊ ရုပ်နာမ်၏ အပျက်အင်အားကို မလွန်ဆန်နိုင်သော သဘောများကို ပိုင်းပိုင်းခြားခြား သိမြင်နားလည် နေရန် လွန်စွာအရေးကြီးသည်။ အပျက်တရား၏ ဒဏ်ချက်အပေါ် ဟုတ်တိုင်းမှန်စွာ သုံးသပ်နိုင်သော ဉာဏ်စွမ်းရည် သတ္တိထူးကို အမှန်တကယ် ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်လှကြောင်း။ ထိုသို့သော စွမ်းရည်ကို ရရှိပိုင်ဆိုင်နိုင်ရန်အတွက် သံသရာကြီး၏ ဘေးဒုက္ခကို ပိုမိုကျယ်ပြန့် နက်ရှိုင်းစွာ သိမြင် နားလည် ထားရမည်သာဖြစ်သည်။ သစ္စာလေးပါး တရားတော်ကို လက္ခဏာရေးသုံးပါးနှင့် ယှဉ်တွဲ၍ ထိုးထွင်းဆင်ခြင် သိမြင်နိုင်ရန် ဒုက္ခသစ္စာတည်းဟူသော ရရှိထားသော ရုပ်နာမ်ခန္ဓာ၏ ဒုက္ခသဘောကို နက်နက်နဲနဲ ပိုင်းခြားသိမြင်နိုင်ရန် လိုအပ်လှသည်သာဖြစ်ကြောင်း ဖေါ်ပြခဲ့ပေပြီ။ ရုပ်နာမ်တစ်ခု၏ ဒုက္ခ အကျိုးပြီးပုံကို ဆင်ခြင်သုံးသပ်ရာ၌ တိကျလေးနက်ပိုင်နိုင်စွာ သိရှိနားလည်ထားပြီးသောအခါမှ ထိုဒုက္ခတရားကြီး၏ လွတ်မြောက်ရာကို ရချင်ရောက်ချင်နိုင်မည်ဖြစ်သည်။

ရုပ်နာမ်တစ်ခုသည် ဒုက္ခကြီးသာဖြစ်သည်ဟု သိနားလည်ပါမှ ထိုဒုက္ခမှ လွတ်မြောက်လိုစိတ်ရှိမည်။ ဤသို့လွတ်မြောက်လိုသဖြင့် ကြိုးစားရုန်းကန်ရာ၌ ဤဒုက္ခမမြဲပုံ ပျက်စီးချုပ်ပျောက်တတ်ပုံတို့ကို ဆင်ခြင်ရသည် ဖြစ်သည်။ ထိုသို့မမြဲကြောင်း ဉာဏ်အမြင် ဆင်ခြင်ထိုးထွင်း၍ သိသောအခါ၊ ပျက်သွားသော ဒုက္ခတရားသည် မိမိမပိုင်ကြောင်း၊ သူ၏ ပင်ကိုယ်စွမ်းရည် သဘောဖြစ်သော အပျက်သဘော၏ ဓမ္မတာအတိုင်း ချုပ်ပျောက်ပျက်စီးသွားရသဖြင့် မိမိမပိုင်မဆိုင်ကြောင်း အနတ္တဉာဏ်ဖြင့် ဆင်ခြင်ရမည်။

ရုပ်နာမ်သည် ဒုက္ခဖြစ်ကြောင်းသိလေလေ ဤဒုက္ခမှ လွတ်မြောက်ထွက်ပြေးလိုစိတ် ထက်သန် လေလေဖြစ်သည်။ ထို့ကြောင့် သံသရာဘေးဒုက္ခ၏ ကြောက်မက်ဘွယ်ရာများကို သိနိုင်သ၍ သိအောင် ကြိုးစားခြင်းသည် သံသရာဝဲသြဃမှ လွတ်မြောက်လိုသော ပုဂ္ဂိုလ်တို့အဖို့ အရေးကြီးလှသည်သာ ဖြစ်ပါ၏။

 

(ခ) အကုသိုလ်မီးများ သိပ်သည်းကျစ်လစ်ပုံ

 

လောဘ၊ ဒေါသ၊ မောဟနှင့် တဏှာ၊ မာန၊ ဒိဋ္ဌိများသည် အကုသိုလ်မီးများပင် ဖြစ်သည်။ ရုပ်နာမ်တစ်ခုတွင် အဆိုပါမီးများတောက်လောင်လာသည်ကို ငြိမ်းသတ်ခြင်းအမှု မပြုဘဲ လက်ခံအားပေး ခွင့်ပြုပါက အဆိုပါမီးများသည် သိပ်သည်းကျစ်လစ်၍ ပိုမိုခိုင်မာလာမည်။ လောဘ၊ ဒေါသ၊ မောဟမီးများသည် ၎င်း၊  တဏှာ၊ မာန၊ ဒိဋ္ဌိမီးများသည်၎င်း သိပ်သည်းကျစ်လစ်၍ ခိုင်မာလွန်းလာပါလျှင် ငြိမ်းသတ် ဖြိုဖျက် တိုက်ခိုက်  ကျော်လွှား အောင်မြင်နိုင်ရန် လွယ်ကူတော့မည်မဟုတ်။

ထို့ကြောင့် အဆိုပါမီးများကို လူတို့အား ကောင်းကျိုးမပေးနိုင်သော မီးများဟု သိမြင်နားလည် သဘောပေါက်ကာ ထိုမီးတို့၏ ဆင်းရဲဒုက္ခ ဖြစ်ပုံကို၎င်း၊ ဖြစ်ပေါ်လာပြီးနောက် ပျက်စီးတတ်သည့် အချင်းအရာကို၎င်း၊ ထိုးထွင်းဆင်ခြင် ဉာဏ်သက်ဝင်ရမည်သာဖြစ်သည်။ ဤသို့ ရုပ်နာမ်အား လောင်မြိုက်သော အကုသိုလ်မီးများကို အနိစ္စလက်နက် မဂ်ရေဖြင့် ငြိမ်းသတ်နိုင်မှ တော်ရုံကျမည်ဖြစ်သည်။ သို့မဟုတ်ပါက ဤမီးများသည် လွန်စွာမှ သိပ်သည်းကျစ်လစ် ထုထယ်အင်အား ကောင်းလွန်းလျှက် ရုပ်နာမ်ရှိသူတို့အား ကြီးစွာသော ဒုက္ခကို လှလှကြီး ပေးလိမ့်မည်သာဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *