ဉာဏ်ပန်းမွှေးလှိုင်ကြူ – 5

Share

 

ဆရာမြတ်၏ ထူးခြားချက်များ။            ။ဆရာမြတ်မှာ လူအမည် ဦးလှဘူးဖြစ်ပါသည်။ အမရပူရမြို့ အလယ်ပန်းထိမ်ရပ် အဖဦးစံဖေ၊ အမိဒေါ်မြင့်တို့မှ ဒုတိယသားရတနာ ဖြစ်ပါသည်။ ဦးပဉ္ဇင်း ချဉ်းကပ်ခွင့်ရသော အချိန်တွင် ဆရာမြတ်သည် အမရပူရမြို့ အရှေ့တောင်ပိုင်း မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန် အင်းစောင်း၌ လေးဧကခန့်ကျယ်သော ခြံကြီးထဲတွင် တစ်ဦးတည်း ဧကစာနေထိုင် ကျင့်ကြံအားထုတ်လျက် လောကုတ်လောကီ ပညာရပ် အမျိုးမျိုးကို ဖြန့်ဖြူးပေးဝေ နေချိန်ဖြစ်သည်။

(ဆရာမြတ်နှင့်ပတ်သက်သည်တို့ကို ကျမ်းပြုနေပါသည်)

ဆရာမြတ်မှာ လက်တွေ့သဘောကိုသာ နှစ်ခြိုက်လိုလားသူ တစ်ဦးဖြစ်လျှက် အစစအရာရာကို လက်တွေ့စမ်းသပ်လေ့ရှိခဲ့သည်။ အမရပူရမြို့ မိုးကုတ်ဆရာတော် ဦးဝိမလထံ တရားတော်မြတ်ကို ကျင့်ကြံအားထုတ်ခဲ့ရာ ထူးခြားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။ တရားတော်ကို ကျင့်ကြံ အားထုတ်ခဲ့ရာ၌ ဇွဲသတ္တိ ကြီးမားပြင်းထန်သဖြင့် ဆရာတော်ဘုရားကြီး၏ အထူးအရေးပေးခြင်း၊ ချစ်ခင် လေးစားခြင်းများကို ခံယူခဲ့ရသည်။ များမကြာမီ ဆရာတော်ဘုရားကြီး၏ တပည့်အရင်းတစ်ဦးဖြစ်ကာ ကျောင်းသော့ကိုင်ဖြစ်လာသည်။

ဆရာမြတ်သည် ရိုးသားပွင့်လင်း၍ အမှန်ကြိုက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်လျှက် လိမ်ညာလှည့်ဖြားချင်းကို လွန်စွာမှ ရွံရှာစက်ဆုပ်ခဲ့သည်။ (၃)နှစ်တိတိ အများတကာနှင့်မတူဘဲ အထူးကြိုးစား အားထုတ်ခဲ့သော်လည်း ဖြစ်ပျက်ကို မမြင်တွေ့ခဲ့ချေ။ ဆရာတော် ဦးဝိမလက `လှဘူး မင်းဘယ့်နှယ်လဲ´ ဟုမေးမြန်းသည်။ (ဆရာတော်ဦးဝိမလသည် ဆရာမြတ် တရားအားထုတ်ပြီးတိုင်း ဤမေးခွန်းကို မေးလေ့ရှိသည်)။ ထိုအခါ ဖြစ်ပျက်ကို မမြင်တွေ့သေးကြောင်း အတိအလင်း ဟုတ်တိုင်းမှန်စွာ ဖွင့်ဟ၀န်ခံ လျှောက်ထားခဲ့သည်။ ဆရာတော်ကြီးကလည်း ဆက်လက်ကြိုးစားရန်သာ အမိန့်ရှိသည်။

 

တရားထူးတွေ့သောနေ့။      ။ ဆရာတော် ဦးဝိမလထံ (၃)နှစ်သုံးမိုး ဇွဲနဘဲကြီးစွာ ကြိုးစားအားထုတ်၍ တရားထိုင်ခဲ့သော်လည်း ဖြစ်ပျက်ကို မမြင်တွေ့ခဲ့၊ ဤသို့ မမြင်တွေ့မိကြောင်းကိုလည်း ဆရာတော်ကြီးအား ဖွင့်ဟ၀န်ခံ လျှောက်ထားခဲ့ရာ ဆရာတော်ကြီးအနေနှင့် အထူးဘာမှ အမိန့်မရှိ၊ ဆက်လက်ကြိုးစား အားထုတ်ရန်သာ အမိန့်ရှိနေပြန်သဖြင့် ဖြစ်ပျက်ကို မြင်တွေ့ရန် စိတ်ပျက်ရမလိုလို၊ လက်လျှော့ရမလိုလို ပင်ဖြစ်သည်။

ထိုသို့ရှိနေစဉ် တနေ့သောအခါ ဆရာတော်ဦးဝိမလသည် ရာပေါင်းများစွာသော ပရိသတ်ကို ခန္ဓာဉာဏ်ရောက် တရားဟောပြတော်မူနေသည်။ ဆရာမြတ်သည် ရှေ့ပိုင်းမှ တရားထိုင်လျှက် ခန္ဓာဉာဏ်ရောက် လက်တွေ့ကျင့်စဉ် တရားတော်မြတ်ကို နာကြားရင်း အားထုတ်နေသည်။ ဤသို့ တရားအားထုတ်နေစဉ် ဆရာမြတ်၏ ခန္ဓာကိုယ်သည် ဝေဒနာများ ဖေါက်ပြန်လာလျှက် သည်းခံရန် ခက်ခဲနိုင်လောက်သော ပြင်းထန်လှသည့် ဒုက္ခဝေဒနာဆိုးကို နာနာကျင်ကျင် ခံစားလာရတော့သည်။ ပရိသတ်၏ ရှေ့ဆုံးမှ တရားထိုင်နေသဖြင့် ထပြေးရန်မှာလည်း မလွယ်၊ ဆရာတော်ဘုရားကြီးကလည်း မိမိတစ်ဦးတည်းကိုသာ ကြည့်လျှက်ဟောမိန့်နေသည်ဟု နားလည်ထားသည်။ မိမိခန္ဓာမှ ဖြစ်ပျက်နေသော ဝေဒနာများကလည်း သည်းခံရန် ခက်ခဲလွန်းနေသဖြင့် အထူးထက်သန်သော သတ္တိကို ကြိုးစားမွေးမြူကာ ရှုသတ်လိုက်ရသည်။ ဆရာမြတ်သည် မိမိခန္ဓာကိုယ်၏ ဝေဒနာများကို အထူးဇွဲသတ္တိဖြင့် သည်းခံကာ ရှုသတ်လိုက်ရာ နောက်ဆုံး၌ ရုပ်နာမ်ဒုက္ခ ဖြစ်ပျက်သည် ဆုံးခန်းတိုင်သို့ ဆိုက်ရောက်သွားပါလေတော့သည်။

ထူးခြားသော တိုက်ဆိုင်မှုတစ်ခုမှာ ဆရာတော် ဘုရားကြီး တရားချ ပြီးဆုံးလိုက်သည့်အချိန်နှင့် ဆရာမြတ်ဝေဒနာ ပြီးဆုံးအောင်မြင်သော အချိန်တို့သည် တချိန်တည်းပင် တိုက်ဆိုင်ကိုက်ညီလျှက် ရှိခဲ့သည်။ တရားပွဲပြီးသည့်နောက် –

 

ဆရာတော်ဘုရားက ထုံးစံအတိုင်း –

`လှဘူးဘယ့်နှယ်လဲ´ဟုမေးရာ

ဆရာမြတ်က –

`မှန်လှ ပါဘုရား၊ ယနေ့ဖြစ်ပျက်မြင်တွေ့ရပါပြီဘုရား´ ဟုလျှောက်ထားခဲ့သည်။

 

ထိုအခါ ဆရာတော်ကြီးက ၀မ်းသာအားရ –

`အေး လှဘူး မင်းအသေစိတ်ချရပြီ၊ သာဓု-သာဓု-သာဓု´ဟု သာဓုသုံးကြိမ်ခေါ်တော်မူသည်။

 

အသေ စိတ်ချရပြီ ဟူသော စကားမှာ သေနည်းတတ်သွားပြီဟု ဆိုလိုက်ခြင်းဖြစ်သည်။ ဆရာမြတ်သည် ထိုအခါ လွန်စွာမှ ၀မ်းမြောက်ဝမ်းသာ ပီတိဖြာလျှက် ဖြစ်ပျက်ဆုံးခြင်း၏ အရသာနှင့် သူတော်ကောင်းတို့၏ သာဓုခေါ်သံကို နာခံလိုက်ရရာ လွန်စွာမှ သာယာချိုမြိန်ဘွယ်ရှိကြောင်း ကောင်းကောင်းကြီး သဘောပေါက်ခဲ့ရပါတော့သတည်း။

 

ဆရာမြတ်၏ မေတ္တာစေတနာ။           ။ ဆရာမြတ်သည် မိမိကိုယ်ကို အသေစိတ်ချသွားပြီဖြစ်၍ အားရနှစ်သိမ့်ခြင်း ဖြစ်ခဲ့ရပါသည်။ မိမိယခု လက်ရှိဘ၀ကိုလည်း နောက်ဆုံးဘ၀ဟူ၍ သတ်မှတ်ပြီးဖြစ်သည်။ သို့သော် မိမိတရားအားထုတ် ကျင့်ကြံခဲ့ရသော အတွေ့အကြုံများကို ပြန်လည်ဆန်းစစ်သောအခါ သစ္စာတရားကို သိနားလည်ရန် ကျင့်ကြံကြိုးစားရာ၌ ခက်ခဲပင်ပန်းလွန်းလှသည်ဖြစ်၍ သာမန်ယောဂီတစ်ယောက်သည် တရားထိုင်ရမည်ကို ကြောက်ရွံ့သွားနိုင်စရာရှိသည်ဟု သဘောပေါက် ကောက်ချက်ချခဲ့မိပေသည်။ (နောင်အခါ ဤကောက်ချက်သည် စာရေးသူတို့ တတွေအား ဆရာမြတ်ကဲ့သို့ ပင်ပန်းဆင်းရဲ လွန်စွာမခံရဘဲ တရားရစေနိုင်ရေး အတွက် ကျေးဇူးများမြောင်လှသော ထောက်ကူချက်တစ်ရပ် ဖြစ်လာခဲ့ပေသည်။)

ဆရာတော်ဦးဝိမလသည် ထိုအချိန်မှစ၍ ဆရာမြတ်ကြီးအား အရင်နှီးဆုံးသော တပည့်တစ်ဦးအဖြစ် သတ်မှတ်ကာ ညတွင် ဆရာတော်ကြီး၏ အနီးအနားတ၀ှိက်တွင် အိပ်စက်စောင့်ရှောက်ခြင်း ပြုစေခဲ့သည်။ ဆရာမြတ်လည်း ဆရာတော်ကြီးအတွက် အသက်ပင်စွန့်၍ ၂ ကြိမ်တိုင်တိုင် စောင့်ရှောက်ကူညီခဲ့ရာ ရဲစွမ်းသတ္တိ ကောင်းလွန်းသူ ဘုန်းကံထူးသူဖြစ်၍ အသက်အန္တရာယ် မထိခိုက်ဘဲ ဆရာတော်ကြီး၏ အန္တရာယ်များကို ဖဲခွာရှောင်ကြဉ် အောင်မြင်စေနိုင်ခဲ့လေသည်။ (အခန့်သင့်လျှင် အကျယ်တ၀င့် ပြည့်ပြည့်စုံစုံ ရေးသားဖေါ်ပြ ပါမည်။)

ဆရာတော်ကြီးသည် ဆရာမြတ်အား ဆရာတစ်ဆူ ဖြစ်မည့်သူဟု နှုတ်မှလည်း တဖွဖွပြောကာ ဘက်စုံပညာ အဖြာဖြာကို အကုန်အစင် စုံလင်အောင် ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ဆရာမြတ်သည် မိမိအတွက် အသေစိတ်ချရသည်ကို သိသော်လည်း တပါးသူများအတွက် `အသေစိတ်ချရစေနိုင်ရန် မိမိတတ်စွမ်းသမျှ ကူညီစောင့်ရှောက်မည်´ဟု အဓိဋ္ဌာန်ပြုတော်မူခဲ့၍ ထိုအဓိဋ္ဌာန် အောင်မြင်စေရေးသည် မိမိ၏ တာဝန်ဖြစ်သည်ဟု ကိုယ့်ကိုယ်ကို သတ်မှတ်ကာ အထူးဇွဲသတ္တိ ၀ိရိယနှင့် ကျင့်ကြံအားထုတ်တော်မူခဲ့သည်။

ဤအဓိဋ္ဌာန် အောင်မြင်သဖြင့်လည်း ဆရာတော်ဦးဝိမလ ဆုံးမဟောကြားတော်မူခဲ့သော ခြေလှမ်း(၃) လှမ်းဖြင့် နိဗ္ဗာန်စံဝင်ရမည့် တရားကျင့်စဉ်ကို မိမိ၏လက်ထက်၌ တိုးချဲ့ တီထွင်တော်မူနိုင်ခဲ့သည်။ တီထွင်ပုံမှာ `ဖြစ်ပျက်ကို မြင်အောင်ပြခန်း၊ ဖြစ်ပျက်ကို မုန်းအောင်ပြခန်း၊ ဖြစ်ပျက်ကို ဆုံးအောင်ပြခန်း´တို့ဖြင့် ၀ိပဿနာ ယောဂီအပေါင်းတို့အား ထိရောက်နက်နဲ၍ အကျိုးထူးမြတ်လှသော လမ်းညွှန်ပြသမှုများကို ကြံဆအောင်မြင်တော် မူနိုင်ခဲ့လေသည်။

စာရေးသူသည် ဆရာမြတ်၏ အဆိုပါ တီထွင်နိုင်မှုစွမ်းရည်နှင့် အောင်မြင်မှု အစုစုတို့ကို အပြည့်ဝဆုံးနှင့် အလေးနက်ဆုံး အမွေဆက်ခံရယူ ခံစားလိုက်ရသည်ဖြစ်ရာ စာရေးသူဘ၀၏ `အိမ်ထောင်မိသားစု+စီးပွား+ အလုပ်အကိုင်+ဘ၀´ အရာရာကို စွန့်လွတ်၍ ဆရာမြတ်၏ ခြေတော်အစုံကို ဦးခိုက်ကာ ရုပ်နာမ်နှစ်ပါးကို လှူဒါန်း ပူဇော် ကော်ရော်ခဲ့ရာ၌ နည်းပင်နည်းသေးသည်ဟု ယခုအချိန်တိုင် အားမလိုအားမရ ဖြစ်နေပါသည်။ (ထိုအမွေကို ယနေ့တိုင် မျှဝေလျက်ရှိပါ၏။)

 

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *