ဉာဏ်ပန်းမွှေးလှိုင်ကြူ -41

Share

နိဂုံး

အဆက် –

ဉာဏ်ပန်းမွှေးလှိုင်ကြူစာအုပ်သည် နိဂုံးပိုင်း အဆုံးသတ်ပြီးခဲ့ပေပြီ။ ဤ အမည်ကို အဘယ်ကြောင့် ပေးရသည်ဆိုခြင်းကို စာဖတ်သူတို့ အထိုက်အလျောက် ရိပ်စားမိခဲ့ကြပြီး ဖြစ်ပေလိမ့်မည်။ ယခုအချိန်၌ သစ္စာဉာဏ်ပန်းသည် မွှေးလှိုင်ကြူလျှက် ရှိသည် မဟုတ်ပါလော။

ဝိပဿနာ သန္တိသုခကျောင်းတွင် သစ္စာတရား၏ ဉာဏ်ပန်းသည် မွှေးလှိုင်ကြူလျှက်ရှိပေသည်။ မည်ကဲ့သို့မှ ပြန်လည်ကောင်းမွန်ရန် မြှော်လင့်ဘွယ်ရာ အလားအလာ မရှိတော့သော ဝေဒနာရှင်များသည် ဤသစ္စာဉာဏ်ပန်းကြောင့် ရောဂါဝေဒနာများ သက်သာ ပျောက်ကင်း ချမ်းသာလျှက် ရှိနေကြကုန်ပြီ မဟုတ်ပါလော။ ဆရာဝန်ကြီးများကိုယ်တိုင် ပြန်လည်ကောင်းမွန်လာရန် မမြှော်လင့်တော့သော မြှော်လင့်ခြင်း ဆိုင်ရာ ပိန်းပိတ်တုံး ရောဂါဝေဒနာရှင်များသည် ဤသစ္စာဉာဏ်ပန်း၏ တန်ခိုးတော်ကြောင့် ပကတိကျန်းမာ ချမ်းသာစွာ နေထိုင်လျှက် မိသားစုလိုက် ပျော်ပျော်ရွှင်ရွှင် ကျန်းကျန်းမာမာ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ချမ်းချမ်းမြေ့မြေ့ နေထိုင်ခဲ့ကြရပေပြီ။

သစ်ငုတ်တိုကြီးများပင် အခက်အလက်များ ဝေဆာစွာ စိမ်းလန်းစိုပြေစေရမည်ဟူသော စကားသည် ဤ သစ္စာဉာဏ်ပန်း၏ ဂုဏ်စွမ်းရည်များကို ရည်ညွှန်းဖေါ်ကျူးထားသော စကားလုံးများ အဆိုအမိန့်များ ဖြစ်နေကြလေပြီ။ ဤသစ္စာဉာဏ်ပန်း၏ စွမ်းရည်သတ္တိ အကျိုးအာနိသင်များကို လူတန်းစားပေါင်းစုံတို့ အကျိုးခံစား ခဲ့ကြရလေပြီ။

ဆရာဘုန်းတော်ကြီးဘုရား သက်တော်ထင်ရှားရှိစဉ်က မဆိုထားနှင့် ဆရာတော်ဘုန်းကြီးနှင့် စာရေးသူတို့ (၁၁) နှစ်ကာလအတွင်း ပြုပြင်ကုသပေးခဲ့ကြသော ဝေဒနာရှင်များ စာရင်းကို မဆိုထားနှင့် စာရေးသူ တစ်ယောက်တည်း (၁၀) လ အတွင်း ပြုပြင်ခဲ့ရသော ဝေဒနာရှင်အပေါင်း (၂၀၀၀၀) ကျော်တို့သည်ပင် ဤသစ္စာဉာဏ်ပန်း အံ့မခန်းစွမ်းရည်ကို အပြည့်အ၀ ခံယူမှီဝဲ စားသုံးခဲ့ကြရကုန်ပြီ။ မကြားဘူးသော သတင်း စကားကို ကြားရခြင်း၊ မမြင်ဘူသော အခြင်းအရာတို့ကို မြင်ရခြင်းတို့သည် ဤသစ္စာဉာဏ်ပန်း၏ တန်ခိုးတေဇော် အာနုဘော်ကြောင့်ပင် မဟုတ်ပါလော။

ကမ္ဘာ့ဆေးပညာရပ်များ အနေနှင့် လက်လျော့ထားသော ကင်ဆာရောဂါရှင်များ၊ ပိန်းနာရောဂါရှင်များ၊ ကိုယ်တစ်ခြမ်းသေ လေဖြတ်ခံရသူများသည် ဤသစ္စာဉာဏ်ပန်း၏ စွမ်းရည်တန်ခိုးကြောင့် ကောင်းကျိုးချမ်းသာကို ရရှိခံစား ကြရပေပြီ။ မခွဲမစိပ်ပါဘဲနှင့် မျက်စိနှစ်ကွင်း အလင်းရသူများ အစာအိမ် ရောဂါရှင်များသည်လည်း ဤသစ္စာဉာဏ်ပန်း၏ အကျိုးအာနိသင်ကို ကြည်ကြည်လင်လင် ဦးထိပ်ပန်ဆင်လျှက် ရှိနေကြရသည်။

ဤသစ္စာဉာဏ်ပန်း၏ ဂုဏ်သတင်းသည် မြန်မာတစ်ပြည်လုံး ပျံ့နှံ့လျှက်ရှိရာ ရန်ကုန်မြို့ မလွှကုန်းလမ်း၊ ကျောက်မြောင်း အမှန် (၃၇) ၌၎င်း၊ အင်းစိန်ဈေးကုန်းကျောင်း၌၎င်း၊ ရေနံချောင်းမြို့ ကျောက်စာရုံကျောင်းနှင့် ဦးအုန်းမောင်+ဒေါ်ကြင်ဝှက်တို့၏ ယာယီစံကျောင်း၌၎င်း၊ ဖျာပုံမြို့ မိုးကုတ်ဝိပဿနာ ဓမ္မာရုံ၌၎င်း၊ မအူပင်မြို့ ဦးသိန်းအောင်+ဒေါ်ကြင်ဝှက်၊ တောင်ကြီးမြို့ ဦးညိုစိမ့်+ဒေါ်တင်ရီတို့၏ ယာယီစံကျောင်းတို့၌၎င်း၊ အထူးသင့်မြတ် မွှေးကြိုင်လျှက် ခေါင်မြတ်ပန်းတစ်ဆူ ပွင့်လှိုင်ကြူခဲ့ရသည်။

ဤသစ္စာဉာဏ်ပန်း၏ မွှေးရနံ့များသည် မြန်မာပြည်တွင်း၌ ပြည့်ပြည့်စုံစုံ ခိုင်ခိုင်လုံလုံ သင်းကြိုင်လှိုင်ပြီး နောက် ယခုအချိန်တွင် နယ်မြေရပ်ခြား တိုင်းတစ်ပါးအထိ ကူးစက်ပျံ့နှံ့ရန် အလျှံပယ် ပေါ်ထွန်းနေပေပြီ။

ဤသစ္စာဉာဏ်ပန်း၏ စွမ်းရည်များကို ဆေးဝါးဆို၍ ရေမန်းမျှပင် မသောက်ရဘဲ ယုံကြည်ချက်ဖြင့်ပင် အပြည့်အ၀ခံစားရနိုင်သည်မှာ အံ့ဘွယ်တစ်ပါးပင် မဟုတ်ပါလော။ နောက်ဆုံးဆိုရသော် ဤသစ္စာဉာဏ်ပန်း၏ အနာဂတ်အောင်မြင်လန်းဆန်း တင့်တယ်မှုတို့ကို စာရေးသူကိုယ်တိုင်ပင် ကန့်သတ်ပိုင်းခြား နိုင်ခြင်းငှါ မစွမ်းနိုင်တော့ပေ။

ဤကျမ်း၏ အစဦးပိုင်းတွင် စာရေးသူ၏ဘ၀ အစပိုင်းများကို ဖေါ်ပြခဲ့ပေပြီ။ ထို့နောက်တွင် ဆရာဘုန်းတော်ကြီး ဘုရားနှင့် တွေ့ကြုံဆုံဆည်းခွင့် ရ၍ တရားဓမ္မများကို ကျင့်ကြံအားထုတ်ခွင့် ရခဲ့သည့် (၁၁) နှစ်မျှ အန္တေ၀ါသိက တပည့်အဖြစ်ခံယူစဉ် လူသူမနီးသော တောကြီးမြက်မဲ ဂူကျောင်းဘုရားများထဲ၌ အမျိုးမျိုး ကျင့်ကြံအားထုတ်ခဲ့ရပုံ တို့ကိုလည်း အမြွက်မျှ ဖွင့်ဟခဲ့ပြီးဖြစ်သည်။

ဤသို့ ကျင့်ကြံအားထုတ်ခဲ့ရခြင်းများကို ပရိသတ်၏ ဆန္ဒအရ အနှေးနှင့်အမြန် အကျယ်တ၀င့် ပြည့်ပြည့်စုံစုံ ရေးသားဖေါ်ပြရန် ၀န်ခံကတိ ထားရှိခဲ့ပြီးလည်း ဖြစ်ပေသည်။

ဘုန်းထူး ကံထူး ပါရမီထူးသော ဆရာမြတ်အကြောင်းကိုလည်း အတ္ထုပ္ပတ္တိသဖွယ် ရေးသား တင်ပြရန်စာရေးသူ၌ ရည်ရွယ်ချက် ထားရှိလေသည်။ ထို့ပြင် (၁၉) နှစ်တိတိ ကျင်လည်ကျက်စား ခဲ့ရသော တက္ကသိုလ်နယ်မြေမှ ဒဿနိကဗေဒနှင့် စိတ္တဗေဒဘာသာရပ်များ အကြောင်းကိုလည်း မဟာဝိဇ္ဇာဘွဲ့ ရရှိထားသူတစ်ဦး ပီပီ မိမိနားလည်သလို အများသူငါ နားလည်ကြစေရန် တတ်စွမ်းသမျှ ရေးသားဝေငှရန် ဆန္ဒလည်း ရှိနေပါသေးသည်။

အခြားတစ်ဘက်မှာလည်း သိပ္ပံပညာ ဒဿနိကပညာ စိတ္တဗေဒပညာ စသည်တို့ကို ဗုဒ္ဓဘာသာ ရှုထောင့်မှ စစ်တမ်းထုတ် တင်ပြရန် ကြိုးစားသင့်ကြောင်း မိမိကိုယ်ကို ပေးထားသည့် တာဝန်များသည်လည်း ကျန်ရှိနေပါသေးသည်။ လောကုတ် လောကီ နှစ်လီသော ချမ်းသာသုခကို မိမိတတ်စွမ်းသလို ဆောင်ရွက်လိုသော မိမိအနေနှင့် ဤကျမ်းသည် ပထမဦးဆုံးနှင့် စိတ်အထက်သန်ဆုံးသော လုပ်ဆောင်ချက် တစ်ရပ်အဖြစ် ပေါ်ထွက်လာခဲ့ရခြင်း ဖြစ်ပါသည်။

ဤကျမ်း၏ အခန်း(၁) အစပိုင်းတွင် စာရေးသူ၏ လောကုတ် လောကီ နှစ်လီသော လွန်ပွဲအကြောင်းကို အကျဉ်းမျှ ဖေါ်ပြထားရာ အချို့ကလည်း ယခုထက်ပိုမို၍ ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ဖွင့်ဆိုတင်ပြရန် လျောက်ထားကြပါသည်။ အခန်း (၁) ၏ အလယ်ပိုင်းတွင်မူ ဆရာမြတ်၏ ထူးခြားချက်များကို အထိုက်အလျောက် ဖေါ်ပြပေးခဲ့ပါသည်။

အခန်း (၂) တွင် ဆရာမြတ်၏ အဆုံးအမများကို တရားသံဝေဂ အဖြေများနှင့် ပူးတွဲတင်ပြထားရာ လောကုတ္တရာပညာကို အခြေခံပေးသော အခန်းတစ်ခန်းပင် ဖြစ်နေပါလိမ့်မည်။ အခ်း (၃) ၌မူ ဆရာမြတ် ဖေါ်ခဲ့သော ၀ိပဿနာ တရားတော်အကြောင်းနှင့် ဆက်စပ်၍ ဉာဏ်နှင့်ပတ်သက်သော လေးနက်သည့် သတ္တိထူးများ အကြောင်းကို ဖတ်ရှုခဲ့ရပါလိမ့်မည်။ အခန်း (၄) တွင်မူ ဓမ္မသဘာဝ ယေဘူယျ လက္ခဏာများကို ကွက်ကွက်ကွင်းကွင်း ထင်ရှားအောင် တင်ပြထားပါသည်။ ဤအခန်းတွင် ဓမ္မသဘာဝများကို ရှုထောင့် အမျိုးမျိုးမှ တင်ပြထားရာ စာဖတ်သူတို့ နှစ်ခြိုက်လိမ့်မည်ဟု မြှော်လင့်မိပါ၏။

အခန်း (၅) တွင် သာသနာ၏ ဆူးငြောင့်ခလုတ်များ အကြောင်းကို ပြတ်ပြတ်သားသား ရေးသားထားပေရာ အချို့သော ပုဂ္ဂိုလ်များအနေနှင့် အထူးအားရကြေနပ်မည် ရှိသကဲ့သို့ အချို့တို့ အတွက်မှာလည်း ထိခိုက်စရာများ ရှိနေပါသည်။ စာရေးသူ၏ ရည်ရွယ်ချက်မှာမူ အတ္တကိစ္စ၊ သတ္တကိစ္စဖြင့် တစ်စုံ တစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလိုခြင်း အလျဉ်းမရှိပါ။

သတ္တ၀ါများအပေါ် မေတ္တာကရုဏာ အစဉ်ပွားလျက် ရှိပါသည်။ သို့သော် `ဆိုရေးရှိက ဆိုအပ်လှ ဆိုစများလျား ထားပချေမိ ကိုယ့်ဝန်ရှိ´ . . . ဆိုသကဲ့သို့ ဟုတ်ရာ မှန်ရာ အကျိုးရှိရာကို ထုတ်ဖေါ်တင်ပြရန် ကြိုးစားထားရခြင်း များသာဖြစ်ပါသည်။

အခန်း (၆) သည် မေတ္တာ သစ္စာ ဘာဝနာ အခန်းဖြစ်ရာ ၅၂၈ သွယ်သော မေတ္တာနှင့် ယောဂီများ ကျင့်သုံးလိုက်နာရန် စည်းမျဉ်း ၁၀ ချက်ကို ဖေါ်ပြထားပေသည်။ အခန်း (၇) တွင်မူ သစ္စာ အဓိဋ္ဌာန်ပြုခြင်း အကြောင်းကို အတော်အသင့် ပြည့်ပြည့်စုံစုံ ရေးသားဖေါ်ပြထားရာ သစ္စာအဓိဋ္ဌာန်ပြုလိုသူများ နည်းယူမှတ်သား နိုင်သော အချက်အလက်များကို တွေ့ရှိနိုင်ပါသည်။ အခန်း (၈) မှာ ဆရာမြတ်ဟောကြားခဲ့သော တရားတော်များ ဖြစ်၍ အဆီအသားပါလှသော တရားသား အနှစ်သာရများကို နာကြားရသကဲ့သို့ ရှိပါလိမ့်မည်။ အခန်း (၉) တွင် (၁၉၇၃) ခု မြန်မာနိုင်ငံ သုတေသန ကွန်ဂရက်၊ လူမှုရေးသိပ္ပံ ပညာအဖွဲ့တွင် `ဦးအေးကို´ အမည်နှင့် တင်သွင်းဖတ်ကြားခဲ့သော ဓမ္မဓဋ္ဌာန်ကျသည့် အသိပညာဆိုင်ရာ စာတမ်းကို မှီငြမ်းပြု၍ လောကုတ္တရာဘက်သို့ ဦးတည်ဆွဲသွင်း ရေးသားဖေါ်ပြလိုက်ပါသည်။ အခန်း (၁၀) မှာမူ သစ္စာပါဒီများတွက် မရှိမဖြစ်သော လိုအပ်ချက် များကို ဖော်ပြလျက် မြတ်ချမ်းသာ အကြောင်းကို ရေးသားဖော်ပြထားရာ ပါဠိပါဒ်သား မပါဘဲ မဂ်ဆိုသည်မှာ ဤသို့၊ ဖိုလ်ဆိုသည်မှာ ဤပုံဟု အတိအလင်း လုပ်ငန်းမှ ရရှိအပ်သည်တို့နှင့် ဆရာမြတ်၏ အဆုံးအမများတို့နှင့် ရောမွှေကာ ဖောက်သည်ချလျက် နိဂုံးချုပ်ထားပါသည်။

အများသူငါ သစ္စာဝါဒီအပေါင်း ကောင်းချီး မင်္ဂလာနှင့်အတူ ကိုယ်ရောစိတ်ပါ ဝေဒနာများ ကျန်းမာချမ်းသာ၍ လိုအင်ဆန္ဒ ပေါက်မြောက်ကြပါစေရန် ရည်သန်လိုက်ပါကြောင်း။

 

                        (ကိလေသာ၏ ဆန့်ကျင်ဘက်ဖြစ်သော သာသနာတော်တွင်

အမြဲပျော်ပိုက်နေ၍ အကျိုးသည်ပိုး ဆောင်ရွက်နေသော . . . )

                                                                      နန္ဒ၀ံသ

                                                                   (၂၀-၈-၇၆)

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *