ဉာဏ်ပန်းမွှေးလှိုင်ကြူ -40

Share

နိဂုံး

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ဝေနေယျ သတ္တ၀ါအပေါင်းတို့ကို သံသရာဝဋ်ဒုက္ခမှ ကျွတ်လွတ်စေရေးအတွက် မရေမတွက်နိုင်သော ဘ၀ပေါင်းများစွာ၌ ဒုက္ခအမျိုးမျိုးခံ၍ ပါရမီ ဖြည့်ဆည်းတော် မူခဲ့သည်။ ပါရမီအဟုန် ပြည့်စုံသောဘ၀တွင် သဗ္ဗညုတရွှေဉာဏ်တော်ကြီးကို ရရှိ၍ သစ္စာတရားကို အခြေခံ ရထားသူတို့အား ထိုက်တန်ချိန်၌ ထိုက်တန်သလို သစ္စာဉာဏ်ပန်းကို ချီးမြှင့် ပေးသနားတော်မူခဲ့သည်။
မျိုးစေ့ပါသော ပုဂ္ဂိုလ်တို့အဖို့ ရော့ – အင့် ဟူသော သဘောအတိုင်း အလွယ်တကူ ဖြစ်စေနိုင်တော်မူ ခဲ့ငြားသော်လည်း အချို့သော ပုဂ္ဂိုလ်တို့မှာ မသိမှုအ၀ိဇ္ဇာ လိုချင်မှု တဏှာတို့ လွန်စွာများပြားလျှက် ကျွတ်တန်းသို့ မ၀င်နိုင်ဘဲ ရှိခဲ့ကြရသည်။ အချို့ပုဂ္ဂိုလ်တို့ကား သဗ္ဗညုတ ရွှေဉာဏ်တော်ကြီးကို သာမန်ဟု မှတ်ထင်ခဲ့ကြသည်။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရရာရကြောင်း ဖြည့်ဆည်းရသည့် ပါရမီများကို မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်သာလျှင် အသိဆုံးဖြစ်သည်။
သာမန်ပုဂ္ဂိုလ်တို့ မသိနိုင် မကြံစည်အပ်သော ဉာဏ်တော် အမျိုးအစားလည်းဖြစ်သည်။ အဆိုပါ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည်ပင်လျှင် ရုပ်နာမ်ကို ဆင်းရဲသည့်တရားဟု ဉာဏ်နှင့် ထိထိမိမိ သိသူမျိုးကိုသာ ကျွတ်တမ်းဝင်အောင် ချွတ်ခဲ့ခြင်းဖြစ်သည်။ မိမိရုပ်နာမ်များကို နှစ်သက်ခုံမင် စွဲလန်းလွန်း၍ တဏှာထူသူ အမျိုးအစားများမှာ ကျွတ်တမ်းဝင်နိုင်လိမ့်မည် မဟုတ်။ သံသရာ၏ ဒုက္ခကို တကယ်စင်စစ် ကြောက်ပါ၏လော။ တရားတော်မြတ်ကို အမှန်တကယ် ယုံကြည်အားထား ကိုးစားပါ၏လော။
ဤမေးခွန်းများ၏ အဖြေများသည် တရားအားထုတ်သူများအဖို့ အရေးကြီးသကဲ့သို့ တရားပြသူများ အဖို့လည်း အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်နာမ်ခန္ဓာအပေါ် အနိစ္စ တစ်ချက်မျှ မမြင်နိုင်သူတို့အား တရားပြ၍မဖြစ်နိုင်။ လစ်လျူရှုခြင်းသာ တတ်နိုင်ပေသည်။ အကယ်၍ ခန္ဓာအပေါ်တွင် လက္ခဏာရေး သဘောများကို ဆင်ခြင်နိုင်ပါက မည်မျှနုံချာပါစေ မည်မျှပင်ပန်းပါစေ မည်သူမည်ဝါ မည်ကဲ့သို့ပင် ပြောပါစေ အဆင်းရဲ အမျိုးမျိုးကိုခံကာ ကျွတ်တမ်းဝင်စေသည်အထိ အကူအညီ ပေးရန်သာ အစဉ်အလာရှိပေသည်။
တရားတော်နှင့် ပတ်သက်သော လုပ်ငန်းဆောင်တာ တာဝန်များကို လုပ်ဆောင်ခြင်းမှာ တန်ဖိုးလွန်စွာမှ ကြီးမားကြောင်းကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ချက် ချနိုင်လောက်ပေသည်။ ဉာဏ်ပညာ ထူးခြားမှုနှင့် ပတ်သက်သော လုပ်ငန်း၏ တန်ဘိုးဆိုင်ရာ တာဝန်များကို လေးလေးစားစား လုပ်ဆောင်နိုင်ရမည်သာ ဖြစ်သည်။ ဤကဲ့သို့ လုပ်ဆောင်ရာ၌ ပြတ်ပြတ်သားသား ကြိုးစားရမည်။
တီထွင်သင့်သော နေရာတို့၌ တီထွင်ရမည်။ တာဝန်ကို အသိစိတ်ဖြင့် လုပ်ဆောင်ရမည်။ အလုပ်တရားကို ကြိုးစားရာ၌ ကိလေသာများ မကောင်းမှု ဒုစရိုက်များကို တဖြည်းဖြည်း အောင်မြင်နိုင်အောင် ကြိုးစားရမည်။ ကိလေသာသည် ရုပ်နာမ်များအပေါ် ဖုံးအုပ်လာပါလျှင် ကိလေသာ၏ အညစ်အကြေးကို အညစ်အကြေးမှန်း မသိတော့။ ကောင်းသည်ဟူ၍သာ ထင်တတ်ကြသည်။
ဤသဘောကို ဉာဏ်အရာဖြင့် ကြည့်လျှင် ကိလေသာသည် အပေါ်ယံ သဘောအားဖြင့် လှည့်စားနေကြောင်း ပညာသားပါပါ ဆုံးဖြတ်နိုင်ရမည်။ ကိလေသာသည် အညစ်အကြေးသာလျှင်ဖြစ်ကြောင်း ဉာဏ်ဖြင့် အပြီးအပိုင် ဆုံးဖြတ်ချက်ချထားရမည်။ မိမိ၏ ကိလေသာ အညစ်အကြေးကို မိမိကိုယ်တိုင် ဆင်ခြင်နိုင်ရန် လွန်စွာမှ အရေးကြီးသည်။ ကိလေသာသတ်ခြင်း လုပ်ငန်းဆိုင်ရာ တာဝန်ကို ကျေကျေပွန်ပွန် လိုလေသေးမရှိအောင် သတိရှိရှိ ကြိုးစားမှ တရားဓမ္မဆိုင်ရာ တက်လမ်းရှိမည်ဟု မှတ်ယူထိုက်သည်။ ဒုက္ခအတွင်း၌ ရှိနေသေးသော ရုပ်နာမ်များအဖို့ ဤလမ်းသည်သာ တစ်ခုတည်းသော ထွက်ရပ်လမ်းဖြစ်သည်။ တရားသဘောကို လုပ်ဆောင်သော အခါတိုင်း မှန်ကန်ရန် တိကျရန် ပြတ်သားရန်လိုသည်။ တရားသဘော ဆိုင်ရာ လုပ်ငန်းကျင့်စဉ်ကို ဓမ္မဓိဋ္ဌာန်ကျစွာ လုပ်ဆောင်ရသော လုပ်ငန်းကျင့်စဉ်ပင်ဖြစ်သည်။
တရားလုပ်သည်ဆိုလျှင် မည်ကဲ့သို့ပင် လုပ်ဆောင်ပါစေ ဟုတ်မှန်သည်ဟု မတွက်နိုင်။ ပေါ့ပေါ့ဆဆ သဘောထားလျှင် မမှန်ရာလမ်းသို့ လိုက်သွားမိနိုင်သည်။ ခန္ဓာကိုယ်ရုပ်နာမ် အကောင်ပုပ်ကြီးကို မငဲ့ကွက်ခြင်း၊ အလိုမလိုက်ခြင်း၊ မညှာတာခြင်းသည် တရားကျင့်စဉ်၏ အခြေခံ သဘောများပင်ဖြစ်သည်။ တရား၌ ပေါ့ပေါ့နှင့် ရလိုသော ဆန္ဒမျိုး မမွေးရ သဘာဝကျကျ အမှန်တကယ် ပြတ်ပြတ်သားသား ကြိုးစားရမည်။ လုပ်ငန်းစဉ်သည် အချိန်မဆွဲလေ ကောင်းလေဖြစ်သည်။ ထက်သန်သောတရားနှင့် စွန့်စွန့်စားစား ပိုင်းပိုင်းခြားခြား ကြိုးစား ရန်သာလိုတော့သည်။
ဟုတ်ရာ မှန်ရာလုပ်ဆောင်၍ မဟုတ်ရာ မမှန်ရာကို ရှောင်ကြဉ်ရမည်သာ ဖြစ်သည်။ ပစ္စုပ္ပန် အနာဂတ် အကျိုးမယုတ်စေရန် ချင့်ချင့်ချိန်ချိန် အေးအေးဆေးဆေး ဉာဏ်ပညာဖြင့် ဆင်ခြင်သုံးသပ် လုပ်ဆောင်အပ်သည် သာ ဖြစ်သည်။ ကိလေသာဟူသမျှ မြူမျှမကျန်လေအောင် `စွန့်၊ သတ်၊ ဖြတ်၊ ပယ် ဤလေးသွယ်ကို လက်ဝယ် ပိုင်ပိုင် ထားရှိနိုင်ရေး´သည်သာ အဓိကဖြစ်သည်။ သစ္စာတရားကို ထိုးထွင်းသိမြင်ခြင်းဖြင့် အတိုင်းအတာ အကန့်အသတ်မရှိ အံ့သြဘွယ်ကောင်းလောက်အောင် ဘုန်းတန်ခိုးကြီးမား တိုးတက်နိုင်သည်သာ ဖြစ်သည်။ ထို့ကြောင့် လေးလေးစားစား နာယူကျင့်ကြံရန်သာ လိုအပ်နေပါတော့သည်။
သစ္စာတရားကို ပေါက်ပေါက်မြောက်မြောက် ဉာဏ်ဆိုက်ရောက်နိုင်လောက်အောင် သွန်သင်ဆုံးမ နည်းပေးလမ်းပြ နိုင်မှုများ လွန်စွာမှ ရှားပါးလျှက်ရှိရာ တွေ့ဆုံကြုံကြိုက်သောအခါ အဖန်တလဲလဲ သုံးသပ်၍ ထက်မြက်သည်ထက် ထက်မြက်အောင် ကြိုးစားရန်နှင့် မမှိတ်မသုန် ဟုတ်တိုင်းမှန်စွာ နှလုံးသွင်း ဆင်ခြင် နေကြရန်သာ လိုအပ်ပေတော့သည်။
တနည်းဆိုသော် တရားတော်မြတ်ကို ကျင့်ကြံအားထုတ်ရာ၌ မိမိကိုယ်ပိုင်ယုံကြည်ချက်ဖြင့် ကျင့်ကြံ အားထုတ်ရမည်။ ဤသို့ ကိုယ်တိုင်ကျင့်ကြံ အားထုတ်မှသာလျှင် ကိုယ်တိုင်သိရမည်ဖြစ်သည်။ `သူတပါးကို အားကိုးရဦးမည်၊ အခြားသော အခြေအနေတစ်ခုကို အားကိုးရဦးမည်´ဟူ၍ သဘောမထားရ။ မိမိကိုယ်သာ အားကိုးအားထား ပြုရမည်။ မိမိတို့ ကိုယ်တိုင်သိဖို့အတွက် မိမိတို့ကိုယ်တိုင် အလုပ်လုပ်ရမည်။ ဇွဲ ၀ိရိယ ရှေ့ထား၍ အလုပ်လုပ်လျှင် ရ ရမည်ဟူသော သဘောထားကို အပြီးအပိုင် မွေးမြူရန်ဖြစ်သည်။
ဤကား တရားကို စောင့်သည့် လူပုဂ္ဂိုလ် သို့မဟုတ် ရဟန်းပုဂ္ဂိုလ်တို့၏ ကျင့်စဉ်ဖြစ်၍ တရားကို ဉာဏ်မှာထားလျှက် ခန္ဓာကိုယ်ကို သုံးသပ်နေသူတို့သည် အကျင့်သီလ ဉာဏ်ပညာနှင့် ပြည့်စုံနေသော လောကအလယ် သံသရာအလယ်၌ ပညာရဲရင့် ပွဲလယ်တင့်နိုင်သော အကျင့်သိက္ခာနှင့် လူပုဂ္ဂိုလ် သိုမဟုတ် ရဟန်းပုဂ္ဂိုလ်အဖြစ် မိမိကိုယ်ကို ပီပီပြင်ပြင် အားတက်သရော တည်ဆောက်နေသူတို့၏ ကျင့်စဉ်မျိုးသာ ဖြစ်ပေတော့သည်။

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *