ဉာဏ်ပန်းမွှေးလှိုင်ကြူ -37

Share

အခန်း (၁၀)

သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ

(ဈ) အနတ္တဉာဏ် အမြင်ကြောင့် ရုပ်နာမ်ဒုက္ခ သက်သာရာရပုံ

ရုပ်နာမ်တစ်ခု ဆင်းရဲခြင်း ချမ်းသာခြင်း ဆိုသည်မှာ ရုပ်နာမ်၏ကိလေသာ ထုထည်ပမာဏ အနည်းအများ ပေါ်တွင် မူတည်သည်။ ရုပ်နာမ်တစ်ခုတွင် ကိလေသာထုထည် ကြီးမားသိပ်သည်း နေလေလေ ထိုရုပ်နာမ်သည် ဆင်းရဲခြင်း အပူမီးကို ပြင်းပြင်းထန်ထန် ခံစားရ လေလေဖြစ်သည်။ ရုပ်နာမ်တစ်ခုတွင် ကိလေသာအား ခေါင်းပါးလျော့နည်းလေလေ ချမ်းသာမှုကို နှစ်နှစ်ကာကာ ခံစားရလေလေဖြစ်သည်။

ထို့ကြောင့် ရုပ်နာမ်တစ်ခု ချမ်းသာခြင်း ဆင်းရဲခြင်းသည် ထိုရုပ်နာမ်နှင့် ကပ်ငြိနေသော ကိလေသာ အပေါ်၌မူတည်သည်။ ရုပ်နာမ်ကို ငါဟု ရှုမှတ်လျှင် အနတ္တကို မှီရာမကျ၊ အတ္တကိုသာ မှီရာကျသည်။ အတ္တသည်သာ ဒုက္ခအားလုံး ၀န်းရံမှုကို ခံယူရသည်ဖြစ်သောကြောင့် ထိုပြုတ်သွားလျှင် နှင့်အတူ ဒုက္ခတရားများပါ ပြုတ်ကျသွားရမည်သာဖြစ်သည်။ အတ္တပြုတ်လျှင် အနတ္တဉာဏ် ပိုင်ပိုင်နိုင်နိုင် ဦးစီးမည်ဖြစ်၌ ရုပ်နာမ်ဒုက္ခတို့သည်လည်း မခံမရပ်နိုင်လောက်အောင် မဖြစ်ရတော့ဘဲ သက်တောင့်သက်သာ ချမ်းသာစွာ တည်ရှိနေလိမ့်မည်သာ ဖြစ်သည်။

အနတ္တဉာဏ်၏ အောက်တွင် ကိလေသာတရားများလည်း ဆိတ်သုဉ်းပျောက်ကွယ် သွားရမည်ဖြစ်၍ ဆင်းရဲမှုဟူသမျှတို့ ချုပ်ငြိမ်းရုပ်သိမ်းလျှက် ချမ်းသာခြင်း၌ ဉာဏ်သက်ဝင်နိုင်ပေလိမ့်မည်။ ထပ်မံရှင်းပြပါဦးမည်။

ရုပ်နာမ်သည် ဒုက္ခအစုအဝေးဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ဒုက္ခကို ငါပိုင်သည် ငါဆိုင်သည် ဟု မသိမ်းပိုက်ဘဲ အနတ္တဉာဏ်ဖြင့် ဆင်ခြင်နိုင်လျှင် ရုပ်နာမ်ဒုက္ခသည် သက်သာရာ ရသည်မှာ အမှန်ပင် ဖြစ်သည်။ ဒုက္ခရုပ်နာမ်ကို ငါဟု သိမ်းပိုက်သောအခါ ဒုက္ခနှင့်ငါ လုံးထွေးနေသဖြင့် ဒုက္ခရုပ်နာမ်၏ နှိပ်စက်ပုံကို ငါက ခံနေရသည်။ ငါသည် ဒုက္ခမှ မလွတ်နိုင်ပေဘဲကိုး၊ ရုပ်နာမ်ဒုက္ခ၏ အပျက်ကို ဉာဏ်သက်ဝင် ရှုမြင်ဆင်ခြင်သောအခါ ဒုက္ခတရားကလေးများသည် ပျက်စီးသွားကြသည် ဖြစ်၍ ထိုအပျက်ဒုက္ခကို ငါပိုင်သည် ငါဆိုင်သည်ဟူ၍ သက်မှတ်ရန် မဖြစ်နိုင်တော့။

ဒုက္ခဖြစ်နေရသောကြောင့်လည်း ဤအရာသည်ငါမဟုတ် ဒုက္ခဖြစ်၏။ ငါဟုတ်ပါက ဒုက္ခ မဖြစ်စေရ။ သုခဖြစ်ရမည်။ ငါမဟုတ်၍ ငါ၏စိတ်ကြိုက် မဖြစ်စေရခြင်းဖြစ်သည်။ ထို့ကြောင့် ဤရုပ်နာမ်အဖြစ်ဆိုးသည် ငါမဟုတ်ဟုသာတည်း။ ထိုဒုက္ခသည်မမြဲ အနိစ္စသဘော ပျက်ရ၏။ ဒုက္ခ၏ အပျက်တရားသည် ထင်ရှားနေ၏။ ဒုက္ခဖြစ်နေရသည်သာ အမှန်ဖြစ်ပါလျှက်နှင့် ဤဒုက္ခသည် ပျက်စီးသွားရသဖြင့် ဤဒုက္ခကိုမပိုင်ကြောင်း။

ဤဒုက္ခသည် ကိုယ်ပိုင်ပစ္စည်းမဟုတ်ကြောင်း ဒုက္ခသည် ဒုက္ခများသာဖြစ်၍ မပိုင်ဆိုင်သော အပျက် တရား အမျိုးအစားများသာတည်း။ ဒုက္ခကိုမပိုင်ဆိုင်၊ ရုပ်နာမ်ကို မပိုင်ဆိုင် ရုပ်နာမ်၏ အပျက်တရားကိုလည်း မလွန်ဆန်နိုင်။ ပိုင်ဆိုင်သည်မှာ ရုပ်နာမ်ဒုက္ခကို အပျက်တရားအဖြစ် ရှုသတ်နေသော ဉာဏ်သာဖြစ်သည်။

ထိုဒုက္ခသည် မပိုင်မဆိုင်အပ်သည်သာဖြစ်ကြောင်း နှလုံသွင်း ဆင်ခြင်နေသော ဉာဏ်ပင်ဖြစ်သည်။ ဤသို့ ဒုက္ခ၏ မမြဲသော မပိုင်ဆိုင်သော သဘောကို ဉာဏ်သုံးသပ်မိ၍ ထိုဒုက္ခအား သိမ်းပိုက်လိုမှု၊ ပိုင်ဆိုင် သည်ဟု မှတ်ယူမှုတို့ကို စွန့်ပယ်ပစ်လိုက်ရာ ထွက်ပေါ်လာသော အနတ္တဉာဏ်အရာသည် ရုပ်နာမ်ကို သက်သာစေနိုင်ပေတော့သည်။ ဤသဘောသည် အနတ္တဉာဏ်ဖြင့် ရုပ်နာမ်ကို ချမ်းသာစေနိုင်သော သဘောပင်တည်း။

၊ အနတ္တဟုနှုတ်မှ တဖွဖွ ရွတ်ဖတ်နေခြင်းဖြင့်လည်း အနတ္တဉာဏ် ပေါ်ပေါက်နိုင်မည်မဟုတ်။ အနတ္တဉာဏ်ကို ပေါ်ပေါက်နိုင်ရန် ရှေးဦးစွာ ဒုက္ခဉာဏ်ကို ပိုင်ပိုင်နိုင်နိုင် အခြေခံ ထားဘို့လိုသည်။ ရုပ်နာမ်သည် ဒုက္ခဖြစ်ကြောင်း နှိုက်နှိုက် ချွတ်ချွတ် နှစ်နှစ်ကာကာ လေးလေးနက်နက် ဉာဏ်သဘောဖြင့် ဆင်ခြင်မိပြီးကာမှ ထိုဒုက္ခ၏ မမြဲမှုကို အနိစ္စလက္ခဏာ တင်ရှုရမည်။ အနိစ္စလက္ခဏာ ဉာဏ်အမြင် ပေါ်ပေါက်လာတော့လျှင် အော် `ဤဒုက္ခတရားသည် မမြဲပါတကား၊ မမြဲသောအရာကို မပိုင်မဆိုင်နိုင်ပါတကား’ဟု ဆင်ခြင်သုံးသပ်ခြင်းဖြင့်သာ ဒုက္ခအနိစ္စမှ အနတ္တဉာဏ်သို့ ဆိုက်ရောက်နိုင်သည် ဖြစ်ပါကြောင်း။

 

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

 

 

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *