ဉာဏ်ပန်းမွှေးလှိုင်ကြူ -30

Share

အခန်း (၁၀)

သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ

(ခ) တုန်လှုပ်မှု၏ အန္တရာယ်။

            စိတ္တဗေဒ ပညာရပ်များကို စိတ်ဝင်စားလေ့လာစဉ်က ကြောက်သောကြောင့် တုန်လှုပ်ရခြင်းလော၊ တုန်လှုပ်သောကြောင့် ကြောက်ရွံ့လာခြင်းလော ဟူသောပြဿနာကို ဆွေးနွေးခဲ့ဘူးသည်။ ရုပ်နာမ်တစ်ခုသည် အန္တရာယ်တစ်ခုခုကို တွေ့ကြုံရင်ဆိုင်ရသောအခါ ကြောက်လန့်တတ်ကြသည်။ သို့မဟုတ် တုန်လှုပ်တတ် ကြသည်။

ဥဒါဟရုဏ်အားဖြင့် လူတစ်ဦးသည် သေခြင်းတရားကို ရင်ဆိုင်ရသည်ရှိသော် ကြောက်လန့်စိုးရိမ် လာသည်။ တုန်လှုပ်ချောက်ချားလာသည်။ တုန်လှုပ်ခြင်းသည် မလိုလားအပ်သော အချင်းအရာတစ်ခုဖြစ်ရာ တည်ငြိမ်မှုရှိရန် အလေ့အကျင့် ပြုထားရပေလိမ့်မည်။ တုန်လှုပ်ခြင်းကြောင့် အန္တရာယ်သည် ပို၍ကြီးမား လာတတ်သည်။ တုန်လှုပ်ခြင်းသည် မူလလက်ရှိ အန္တရာယ်ကို မှန်ဘီလူးတပ်၍ ချဲ့လိုက်သကဲ့သို့ ရှိသည်။

ကြောက်စရာကောင်းသော အရာများကိုပင် မတုန်လှုပ်ဘဲ ရင်ဆိုင်နိုင်ရမည်။ အဘယ်အတွက်ကြောင့် တုန်လှုပ်ရပါမည်နည်း။ သေခြင်းတရားသည် ဓမ္မတာ သဘာဝပင် မဟုတ်ပါလော။ ရှောင်ပုန်းထွက်ပြေး၍လည်း ဖြစ်နိုင်စရာကောင်းသော အရာပါလော။ မရှောင်လွှဲနိုင်သော ဖြစ်ရပ်တို့ကို သတ္တိရှိရှိ ရင်ဆိုင်ရမည်သာတည်း။

အခက်အခဲတွေ့၍ စိတ်ဓာတ်ဆုတ်နစ်ခြင်း၊ တုန်လှုပ်ချောက်ချားခြင်းတို့သည် ယောက်ျားကောင်းတို့၏ လုပ်ရပ် မဖြစ်နိုင်ချေ။ သေခြင်းမသေခြင်းသည် မိမိအလုပ်မဟုတ်။ ကောင်းအောင်ကြိုးစားခြင်း မကြိုးစားခြင်း သည်သာ မိမိ၏အလုပ်ဖြစ်သည်။

မိမိအလုပ်ကို တာဝန်ကျေကျေ လုပ်ဆောင်ထားသူအဖို့ မည်သည့်အရာအတွက် တုန်လှုပ်ရပါမည်နည်း။ ကောင်းမှုကုသိုလ်ပိုင်းဆိုင်ရာ တာဝန်နှင့် လုပ်ငန်းများကို လုပ်ဆောင်ပြီးပြီဖြစ်၍ ပူစရာ ပင်စရာလည်းမရှိတော့။ ကြောက်စရာ ထိတ်စရာလည်းမရှိတော့။ တုန်လှုပ်စရာဟူ၍ ဝေလာဝေးလျှက် ဖြစ်ပေါ်လာမည့် အရာရာကို ရဲရဲဝံ့ဝံ့ စွန့်စားပြတ်သားစွာ ရင်ဆိုင်ရမည်သာဖြစ်သည်။

ဤသို့ နှလုံးသွင်းနိုင်ရန် ပြုဘူးခဲ့သော ကောင်းမှုကုသိုလ်များ ရှိရန်လိုသည်။ အသက်ရှင်စဉ် မိမိကိုယ်ကို စင်ကြယ်သော အကျင့်သီလ ရှိစေရန်နှင့် ကောင်းမြတ်သော ကုသိုလ် ပွားများလုပ်ဆောင်ထားရန် သည်သာ လိုရင်းဖြစ်ပါကြောင်း။

တရားရှင်တို့သည် တုန်လှုပ်မှုကို မနှစ်သက်ကြချေ။ ပြကတိ တည်ငြိမ်ခြင်းကိုသာ လိုလားနှစ်ခြိုက် ကြသည်။ သစ္စာဝါဒီတို့သည် တည်ငြိမ်ရင့်ကျက်သော ဣနြေ္ဒနှင့် ပြတ်သားပိုင်ခြားနိုင်သော ပညာရပ် စွမ်းရည်များ တည်ရှိရန်လိုသည်။

စိတ်နှင့်ဉာဏ်တို့သည် ကျောက်တိုင် ကျောက်ဆိုင်ပမာ ခိုင်မာ၍ တည်ငြိမ်ရင့်ကျက်နေမှ သာလျှင် လောကဓံ အမျိုးမျိုးကို ဖြတ်သန်းကျော်လွှားနိုင်မည်ဖြစ်သည်။ ပျော့ညံ့ဆုတ်နစ်လွယ်သော စိတ်ဓာတ်တို့သည် ကောင်းကျိုးမပေးနိုင်။ ပင်လယ်ပြင်ရှိ လှိုင်းထမ်းပိုးများကဲ့သို့ အဖြစ်အပျက် အခက်အခဲမျိုးစုံ များပြားသော လောကအလယ်တွင် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ ခိုင်မာသော စိတ် ဉာဏ်တို့ဖြင့်သာ ဖြတ်သန်းကျော်လွှား အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း။

 

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *