ဉာဏ်ပန်းမွှေးလှိုင်ကြူ – 3

Share

အခန်း ( ၁ )

ဘ၀အတွေ့အကြုံ

ဘ၀၏အစ။          ။ စာရေးသူသည် စနေသားဖြစ်သော်လည်း လူအမည်မှာ မောင်အေးကိုဖြစ်သည်။ အမရပူရမြို့ ဒုဋ္ဌ၀တီ မြစ်ကမ်းပေါ်ရှိ လိပ်ဆန်ခွန်ရွာ ဇာတိဖြစ်သည်။ အဘဦးချစ်၊ အမိဒေါ်ကြော့တို့၏ ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် ဘုရားရှိခိုးအမျိုးမျိုးကို အာဂုံရလွယ်သည့်ပြင် ဘာသာရေး သာသနာရေးတို့၌ အထုံပါသူ၊ ဉာဏ်ကောင်းသူ ဖြစ်ကြောင်း အိမ်နီးနားချင်းများ၏ လေးလေးစားစား အသိအမှတ်ပြုခြင်းကို ခံခဲ့ရသည်။ (၉)နှစ်အရွယ်တွင် ရှင်ပြုရာ သာသနာ့ဘောင်တွင် ပျော်မွေ့နေတော့သဖြင့် မိဘများက အမျိုးမျိုးချော့မော့လျှက် လူထွက်စေခဲ့ ရသည်။ ထို့နောက် ခောတ်ပညာသင်ကျောင်းသို့ ဆက်လက်ပညာသင်စေခဲ့သည်။ (၁၉၅၇) ခုနှစ်တွင် မန္တလေးမြို့ ပွဲကုန်း အလွတ်ပညာသင်ကျောင်းမှ (၁၀) တန်း အောင်မြင်ခဲ့သည်။ ထိုနှစ်၌ပင် မြန်မာလင်္ကာ ကဗျာများ ရေးစပ်နည်းကို စနစ်တကျ သင်ကြား တတ်မြောက်ခဲ့သည်။ မန္တလေးတက္ကသိုလ်၌ ပညာသင်စဉ် တက္ကသိုလ်စာဆိုတော်နေ့ စာပေပြိုင်ပွဲများတွင်၎င်း၊ သီးခြားတက္ကသိုလ် အကြိုပွဲတော် စာပေ ပြိုင်ပွဲများတွင်၎င်း၊ ကဗျာလင်္ကာဆုများ ရရှိခဲ့သည်။ ထိုစဉ်က ကဗျာရေးဖေါ် ရေးဖက်များမှာ ယခုနာမည် ကျော်ကြားနေကြသော တင်မိုး၊ မောင်စွမ်းရည်၊ ဦးသိန်းနိုင်တို့ ဖြစ်နေကြသည်။ မန္တလေးတက္ကသိုလ်မှ စိတ်ပညာ၊ ဒဿနိကပညာ၊ မြန်မာစာပေတို့ဖြင့် (၁၉၆၁) ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ကို ရယူခဲ့သည်။ မြန်မာစာပေကို သင်ကြားလေ့လာ ဆည်းပူးရာ၌ ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)၊    ဦးဆန်းထွန်း (ဆန်းထွန်း – မန်းတက္ကသိုလ် ) တို့နှင့် ရင်းနှီးသကဲ့သို့ စိတ်ပညာကို သင်ကြားဆည်းပူးစဉ်က ယခု ပုသိမ်ကောလိပ် ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)၊ မြန်မာပြည်၌ တစ်ဦးတည်းသာရှိသော စိတ္တဗေဒနှင့် ဒဿနိကဗေဒဌာနမှ ပါမောက္ခ ဒေါက်တာဦးစိန်တူတို့နှင့် ဆရာရင်း တပည့်ရင်းအဖြစ် အကျွမ်းတ၀င် ရင်းနှီးချစ်ခင်ခဲ့သည်။

ဝိဇ္ဇာတန်းများတွင် ပညာသင်ကြားရစဉ်က စိတ်ပညာနှင့် ဒဿနိက ပညာရပ်များကို အထူးစိတ်ဝင်စားခဲ့ရာ ကံအားလျှော်စွာ ထိုဌာန၌ပင် ဒဿနိကဗေဒ နည်းပြဆရာအဖြစ် (၁၉၆၁) ခုနှစ်က စတင် အမှုထမ်းခွင့်ရခဲ့သည်။ မိမိဘ၀ခရီးလမ်း၌ တက္ကသိုလ် ဆရာတစ်ဦးအဖြစ် တာဝန်ယူရစဉ် ၀ါသနာထုံရာ စာပေဗဟုသုတများကို တက္ကသိုလ် အသိုင်းအ၀ိုင်းအတွင်း၌ အတွင်းကျကျ လေ့လာဆည်းပူးခွင့် ရခဲ့သည်။ တက္ကသိုလ် ဆိုသည်မှာလည်း အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ လိုလားအပ်ရာ ပညာအဖြာဖြာကို နက်နဲကျယ်ပြန့်စွာ လေ့လာနိုင်သော နေရာဌာနကောင်း တစ်ခုဖြစ်ကြောင်း တွေ့ရသည်။ ၄င်းပြင် အချိန်ယူဆည်းပူးထားသော ခေတ်ပညာရှင်တို့ စုစည်းကြရာ နေရာဌာန တစ်ခုလည်းဖြစ်နေ၍ အလိုရှိရာ ဗဟုသုတများကို စနစ်တကျ ရင်းရင်းနှီးနှီး လေ့လာဆွေးနွေး မေးမြန်းခွင့် ရခဲ့ပါသည်။

တက္ကသိုလ်ဆရာအဖြစ်နှင့် ရှိစဉ် ကျောင်းသားကျောင်းသူများ၏ ချစ်ခင်လေးစား အားထားမှုကို ခံယူကာ အဆောင်မှူး အဖြစ်၎င်း၊ အဆောင်နည်းပြ အဖြစ်၎င်း၊ စေတနာ့ဝန်ထမ်း အားကစားဆရာ အဖြစ်၎င်း လုပ်ဆောင်ခဲ့ပါသည်။ မန္တလေးတက္ကသိုလ်၊ မကွေးကောလိပ်၊ မြစ်ကြီးနား ကောလိပ်တို့၌ ခြေလျင်နှင့် တောင်တက်အသင်း၊ ကြက်တောင်ရိုက်အသင်း၊ မြန်မာစာပေ ကဗျာလင်္ကာ အသင်းများတွင် ဥက္ကဋ္ဌအဖြစ်၎င်း၊ အမှုဆောင်အဖြစ်၎င်း အမျိုးမျိုးတင်မြှောက်ခြင်းခံခဲ့ရ၍ မိမိကိုယ်တိုင်လည်း ဆရာ ဆရာမများ၊ ကျောင်းသူ ကျောင်းသားများနှင့်အတူ တွဲဘက်၍ ပြိုင်ပွဲအမျိုးမျိုးတို့၌ အကဲဖြတ်ခြင်း၊ ပါဝင်ယှဉ်ပြိုင် ကစားခြင်းများကို ပြုလုပ်ခဲ့သည်။ စကားရည်လုပွဲများ၊ စာပေဟောပြောပွဲများတွင် အထူး စိတ်ဝင်စားစွာ ဟောပြောခဲ့သည်။

မိမိဌာနဆိုင်ရာ ဒဿနိကဗေဒနှင့် ယုတ္တိဗေဒ ဘာသာရပ်များကို ပို့ချသင်ကြားရာ၌ ဗုဒ္ဓဘာသာ အခြေခံရှိသူတစ်ဦး အဖို့ အထူး လေးလေးနက်နက် သင်ကြားပို့ချနိုင်ကြောင်း လက်တွေ့ခံစားသိရှိခဲ့ရသည်။ ထိုစဉ်ကပင် ဂုဏ်တော်ပုတီးစိပ်ခြင်း မေတ္တာပို့ခြင်းများကို အားထုတ်လျက်ရှိရာ ဤသို့ အားထုတ်ခြင်းဖြင့် ဉာဏ်ပညာများ ကြည်လင်ရွှင်လန်းလျက် စာပေသင်ကြားပို့ချရာ၌ စေတနာသဒ္ဓါတရား ထက်မြက် တက်ကြွကြောင်း အထူးသဖြင့် သင်ကြားခြင်းဆိုင်ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း သတိပြုမိခဲ့သည်။ ထိုစဉ်ကပင် `ဗုဒ္ဓဿ ပူဇ၀န္တံ မဟာတေဇ၀န္တော´ မြတ်ဗုဒ္ဓ၏ ဂုဏ်တော် ပူဇော်ခြင်းဖြင့် တန်ခိုးတေဇော်ထွန်းပေါ် အောင်မြင်နိုင် ကြောင်း သက်ဝင်ယုံကြည်ခဲ့ကြသည်။

ထို့နောက် (၁၉၆၅) ခုနှစ်တွင် အိမ်ထောင်ကျသည်။ သားတစ်ယောက်၊ သမီးတစ်ယောက် ထွန်းကား ပြီးသည်၏ နောက်ပိုင်းတွင် တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သူ မောင်သာရ သတင်းပေးချက်အရ မိုးကုတ် ဆရာတော် ဦးဝိမလ၏ တပည့် အမရပူရ၌ အကြားအမြင်ပိုင်နိုင်၍ လောကုတ္တရာဝိပဿနာ ပညာရပ်များကို ပြသ နေသော ဆရာမြတ် ( နောင်သောအခါ၌ ဦးပဉ္စင်းတို့၏ ကိုယ်တော်မြတ်ကြီး ဆရာတော် ဦးရေ၀တ ဖြစ်မည့် ပုဂ္ဂိုလ် ) ထံ ချဉ်းကပ်၍ အန္တေ၀ါသိက တပည့်အဖြစ် ခံယူခဲ့သည်။ ထိုအချိန်မှစ၍ ဆရာမြတ်ထံမှ လောကုတ် လောကီ နှစ်လီသော ပညာရပ်များကိုလည်း ဆည်းပူးခဲ့ရာ သုံးနှစ်မြောက်သော အချိန်၌ ဘ၀လမ်းခရီးကို အပြီးအပိုင် ပြောင်းလဲ သတ်မှတ်ရွေးချယ် ဆုံးဖြတ်လိုက်ပါကြောင်း။

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

 

This entry was posted in Buddhism and tagged , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *