ဉာဏ်ပန်းမွှေးလှိုင်ကြူ -29

Share

အခန်း (၁၀)

သစ္စာဝါဒီ ပီသသူတို့အတွက် သတိပေးချက်များ

(က) လောဘသည် ဖြစ်ကောင်းသော အရာမဟုတ်ပါ။

(ခ) တုန်လှုပ်မှု၏ အန္တရာယ်။

(ဂ) ကိုယ့်အလုပ် ကိုယ်လုပ်ပါ။

(ဃ) အကောင်းဆုံးသော သည်းခံခြင်း။

(င) ခြိုးခြံခြင်းဆိုင်ရာ ကောက်ချက်များ။

(စ) ဟုတ်ရာ မှန်ရာ အကျိုးရှိရာ။

(ဆ) အသင်္ခတဓာတ် မြတ်သော

(ဇ) ဒုက္ခတရားကို ရင်ဝယ်မပိုက်စကောင်း။

(ဈ) အနတ္တဉာဏ် အမြင်ကြောင့် ရုပ်နာမ် သက်သာရာရပုံ။

(ည) ခန္ဓာကိုယ် မြေကြီးသြဇာ မကျွေးရသေး မခြင်း။

(ဋ) နိဗ္ဗာန်ချမ်းသာမြတ် အကြောင်းနှင့် နိဂုံးချုပ်ခြင်း။

(က) လောဘသည် ဖြစ်ကောင်းသော အရာမဟုတ်ပါ။

            `ယေဓမ္မာ ဟေတုပ္ပဘ၀ါ´ ဟူသော ပါဠိတော်ရှိပါသည်။ ဤလောက၌ အကြောင်းမဲ့ ဖြစ်ရသော အရာသည် မရှိပါ။ အကြောင်းခံတရား ရှိမှသာလျှင် အကျိုးတရား ဖြစ်ပေါ်နိုင်ပါသည်။ အကြောင်းခံတရား ပြည့်ပြည့်စုံစုံ လုံလုံလောက်လောက် မရှိပါဘဲနှင့် အကျိုးတရား ဖြစ်ထွန်းပေါ်ပေါက်လိုသူတို့သည် လောဘ သမားများ ဖြစ်ပါသည်။

အကြောင်းခံလျှင် အကျိုးရမည်ဟူသော အမြင်သည် ပညာအမြင်ဖြစ်၍ အကြောင်းမခံဘဲ အကျိုးရချင်မှု သက်သက်သည် ဓမ္မသဘာဝနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ တနည်းအားဖြင့် မဖြစ်အပ်သည်ကို ဖြစ်စေချင် နေခြင်း ဖြစ်သည်။ မဖြစ်အပ်သည်များသည် ဤလောက၌ ဖြစ်လာမည်မဟုတ်ပါ။ ဖြစ်အပ်သည်များကိုသာ ဓမ္မသဘာဝကျကျ ဤလောက၌ ဖြစ်ပေါ်လာလိမ့်မည်ဟူ၍ မျှော်လင့်ကောင်းပါသည်။ ဖြစ်စေချင်သည်များ မဖြစ်ပေါ်လာခဲ့သည် ရှိသော် ဆင်းရဲရပါလိမ့်မည်။

ထို့ကြောင့် မိမိကိုယ်ကို ဆင်းရဲအောင် မလုပ်အပ်ပါ။ တနည်းအားဖြင့် လောဘတရားကို မိမိရင်တွင်း၌ မဖြစ်ပေါ် စေအပ်ပါ။ လောဘတရားသည် ဆင်းရဲစေတတ်သော တရားဖြစ်၍ အားမပေးဘဲ ပယ်သတ်ရမည်သာ ဖြစ်ပါသည်။

လောဘကို ပယ်သတ်ခြင်း အကျင့်သည်သာ ချမ်းသာစေနိုင်သော အကျင့်ဖြစ်ပါသည်။ လောဘကို ပယ်သတ်ခြင်းသည် ချမ်းသာစေရန် အကြောင်းခံနေခြင်းပင်ဖြစ်ပါသည်။ လောဘကို ပယ်အပ်သည် ဆိုသော်လည်း ပညာဉာဏ် အမြော်အမြင်ကိုမူ လက်တွေ့ကျင့်သုံး ဆောက်တည်နေရမည်သာ ဖြစ်သည်။

ရလိုသော အကျိုးတရားအတွက် ထိုက်တန်သော လိုအပ်သော အကြောင်းခံတရားများကို ပြုလုပ်နေရမည်ဖြစ်သည်။ အကြောင်းအကျိုးသိလျှင် ဒိဋ္ဌိသေနိုင်ပါသည်။

ဤလောကတွင် တမာစေ့ကို စိုက်ပျိုးခြင်းဖြင့် စပျစ်ပင် ပေါက်ရောက်နိုင်မည်မဟုတ်ပါ။ တမာစေ့စိုက်၍ ထိုတမာစေ့မှ စပျစ်ပင်ပေါက်စေလျှက် စပျစ်သီးကို စားချင်လိုမှုသည် လောဘတရားပင်ဖြစ်သည်။

လူသည် တွေးခေါ်မြော်မြင် စဉ်စားတတ်သော သတ္တ၀ါဖြစ်သည်။ ယုတ္တိဗေဒ ဘာသာရပ်တွင် တွေးခေါ် မြော်မြင် စဉ်းစားဆင်ခြင်ခြင်းဖြင့် ရရှိအပ်သော နောက်ဆုံး နိဂုံးရလဒ်ကို ဝေဖန်စီစစ် လိုက်သော ရှုထောင့်မှ တင်ပြသည်။

တနည်းအားဖြင့် စဉ်းစားတွေးခေါ်ပုံ နည်းစနစ်ကို ဆန်းစစ်တင်ပြသည်။ လူသည် စဉ်းစားသည်ဆိုရာ၌ ပြဿနာတစ်ခုကို ကိုင်တွယ်လိုက်ခြင်းဖြစ်သည်။ စဉ်းစားသူသည် ပြဿနာ၏ အဖြေကို မှန်မှန်ကန်ကန် ထုတ်ဖေါ်တင်ပြနိုင်ရန် တာဝန်ရှိသည်။ စဉ်းစားသည်ဆိုရာ၌ တစ်စုံတစ်ခုသော သိရှိပြီးဖြစ်သော အချက်အလက်မှ မသိရှိသေးသော အချက်အလက်များ အကြောင်းကို ဆက်စပ်ခြုံငုံထုတ်ယူ စဉ်းစားဆင်ခြင်ရသည်။ စဉ်းစားသူသည် အစပျိုးအပ်သော သိရှိပြီး အချက်အလက်များကို ရှင်းလင်းတိကျစွာ သိရှိနားလည် ထားရန်လိုသည်။

အစကောင်းမှ အနှောင်းသေချာသည် ဟူသော စကားကဲ့သို့ပင်တည်း။ အစပျိုးအပ်သော အပိုင်းကို နိဒါန်းပိုင်ဟု သတ်မှတ်ထားပါ။ နိဒါန်းပိုင်းက ရှင်းလင်းပြတ်သား တိကျမှု မရှိလျှင် နိဂုံးပိုင်းသည် မည်ကဲ့သို့သော နည်းနှင့်မျှ ရှင်းလင်းပြတ်သား တိကျနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် မှန်ကန်သော နိဂုံးတစ်ခုကို ရရှိစေရန် မှန်ကန်တိကျသော နိဒါန်းပိုင်းပေါ်တွင် မှန်ကန်တိကျသော စဉ်းစားဆင်ခြင်မှုမျိုးကို ဖြည့်စွက် တည်ဆောက်ရန် လိုအပ်နေသောကြောင့် ဖြစ်ပါသည်။

နိဒါန်းပိုင်းသည် မှန်ကန်တိကျ ပြီးပြီဖြစ်၍ အစပျိုးရာ ထိုနိဒါန်းမှ ပြဿနာ၏ အဖြေမှန်ရှိရာ နိဂုံးဆီသို့ တဲ့တဲ့မတ်မတ် ဦးတည်လျက် ဖြောင့်ဖြောင့် တန်းတန်းကြီး ခြုံငုံထုတ်ယူစဉ်းစား ဆင်ခြင်နိုင်ရမည်။ ပြဿနာ၏ အဖြေမှန်နှင့် မပတ်သက်သော အချက်အလက်များ ဖြစ်ရပ်များကို ထုတ်ပယ်နိုင်ရမည်။

ဤသို့သော စဉ်းစားနည်းမျိုးသည်သာ ထိရောက်သော စဉ်းစားခြင်းမျိုး ဖြစ်သည်ဟု မှတ်ယူရပါမည်။ ထို့အတူ တစ်စုံတစ်ခုကို ဖြစ်စေလို ရစေလိုပါလျှင် ထိုတစ်စုံတစ်ခုကို ရစေနိုင်ရန် ခိုင်ခိုင်လုံလုံ အကြောင်းခံရပါမည်။ ခိုင်လုံသော အကြောင်းခံချက်ကို မပြုလုပ်ပါဘဲ ခိုချင်မှုသက်သက်ဖြင့် လောဘ၀င်ကာ ဓမ္မဓိဋ္ဌာန်မကျသော အထင်အတွေးများ စိတ်ကူးယဉ်ကြံစည်မှုများသည် ကြောင်းကျိုး မဆီလျှော်သော အတွေးအထင်များဖြစ်၍ နောက်ဆုံး၌ ဒုက္ခတရားကိုသာ ရင်ဝယ်ပိုက်စေပါလိမ့်မည်။

ထို့ကြောင့် ရချင်ခြင်းသည် အဓိကမဟုတ်။ ရအောင်လုပ်နေခြင်းက အဓိကဖြစ်သည်။ ရအောင်မလုပ်ဘဲ ရချင်ခြင်းသည် လောဘကို ရင်ဝယ်သိမ်းပိုက်နေခြင်းဖြစ်၍ မလိုလားအပ်ပါ။ တနည်းအားဖြင့် ရအောင်မလုပ်ဘဲ ရချင်နေခြင်းသည် ရချင်နေသော ချမ်းသာသုခကို မရရှိနိုင်ဘဲ မရချင်သော ဆင်းရဲဒုက္ခကိုသာ ရင်ဝယ်ပိုက်ရ ပါလိမ့်မည်။

`လူသည် မည်သည့်အတွက် အသက်ရှင်နေရသနည်း´ ဟူသော မေးခွန်းကို စဉ်းစားထိုက်သည်။

သေချင် သေသွားပါစေဟု အဘယ့်ကြောင့် သဘောမထား နိုင်ကြပါသနည်း။ အသက် ရှင်သန်ရခြင်းကို အဘယ် အတွက်ကြောင့် ငြိတွယ်တပ်မက် နေကြပါသနည်း။ ဤကဲ့သို့ အသက်ရှင်နေပါလျှင် မည်သည့်အရာများကို လုပ်နိုင်ပါသနည်း။ မည်သည့်အရာများကို လုပ်ချင်ပါသနည်း။ ဆက်လက်အသက်ရှင် နေထိုင်ကြစဉ် မည်သည့် အရာများကို လုပ်ဆောင်ကြပါသနည်း။

တိရိစ္ဆာန်မှာမူ စားကြသည်၊ အိပ်ကြသည်၊ မေထုန်မှီဝဲကြသည်။ မနုဿလူသားများသည် မည်သည့်အချင်းအရာများ ပိုပါသနည်း။ ဆင်ခြင်ကြသည်၊ စဉ်းစားကြသည်၊ ရယ်မောကြသည်၊ သို့သော်ထို့ထက် ပိုမိုလွန်ကဲကြပါသေးသည်။ မဆာဘဲ စားတတ်ကြသည်။ ရေမငတ်ဘဲ အရက်သောက်တတ်ကြသည်။ စိတ်မဆိုးဘဲ စစ်တိုက်တတ်ကြသည်။ လူသတ်တတ်ကြသည်။ အသိပညာ ရှာဖွေရခြင်းသည် အဘယ်အတွက် ပါနည်း။

ဆက်လက်အသက်ရှင်သန်နေရစဉ် လိုချင်ရာရာ ရရှိ၍ ပျော်ရသည်။ မရရှိလျှင် စိတ်ညစ်ရသည်။ ရရှိလျှင် ပျော်ပိုက်မိသောကြောင့် ဆက်လက်၍ ထိုသို့ပျော်ပိုက်ရခြင်းကို ဆက်တိုက်ရလိုပြန်သည်။ မရပါလျှင် ဒုက္ခဖြစ်ရသည်။ ရပြန်ပါလျှင် အရာပစ္စည်း ၀တ္ထုစသည်တို့က ၎င်းအား စောင့်ရှောက်ရန် ဒုက္ခတာဝန်ပေးကြသည်။

သို့သော် ထိုပစ္စည်းကလေးတို့သည် ခိုင်မြဲခြင်း အလျဉ်းရှိနိုင်လိမ့်မည်မဟုတ်။ နည်းအမျိုးမျိုးဖြင့် ပျက်စီးသွားလိမ့်မည်။ ထိုအခါ ပင်ပန်းနွမ်းနယ်ရတော့သည်။ စိတ်ပျက်အားငယ်ရတော့သည်။ နောက်ဆုံးတော့ မရလျှင်လည်းဒုက္ခ ရလျှင်လည်း ရချင်မှု ပိုကဲ၍ဒုက္ခ၊ ဒုက္ခရုပ်နာမ်သည် နောက်ထပ်ဖြစ်ပေါ်လာစရာ ဒုက္ခများ၏ ကျေးကျွန်ဖြစ်သော လောဘကို လက်ခံနေသမျှ ကာလပတ်လုံး ဒုက္ခအတွင်းမှ မလွတ်ကင်းနိုင်ဘဲ နစ်မွန်းမှု သံသရာ ရှည်ကြာရတော့မည်ဖြစ်သည်။

ထို့ကြောင့် ဒုက္ခဖြစ်စေရာ လောဘကို ပိုင်းဖြတ်ပယ်သတ်ပါလေ။ လောဘကို ပယ်ခြင်းအမှုသည်သာ သုခချမ်းသာအတွက်အခိုင်လုံဆုံးသော အကြောင်းခံတရား ဖြစ်ပါသည်။

 

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *