ဉာဏ်ပန်းမွှေးလှိုင်ကြူ – 27

Share

အခန်း (၉)

စိတ်နှင့် ဉာဏ်ကို ရှင်းလင်းခြင်း

(အဆက်)

ထပ်မံဖွင့်ဆိုရသော် အသိတရားခြင်းတူသော်လည်း ဉာဏ်ပညာ အမြော်အမြင်ဖြင့်  ဆင်ခြင်၍ ဓမ္မဓိဋ္ဌာန်ကျကျ သိမြင်လိုသော အသိသည် လွန်စွာမှ တန်ဖိုးကြီးမားလှသည်။ ကိုယ့်အတ္တအတွက် လိပ်သတ္တ၀ါ၊ နွားသတ္တ၀ါများကဲ့သို့ သိတတ်သော အသိတရားမျိုးသည် တန်ဖိုးမရှိလှပါ။ ဤအချက်မှာ စိတ်သိနှင့် ဉာဏ်သိတို့၏ ကွဲပြား ခြားနားခြင်း အချက်တစ်ချက်ပင်ဖြစ်သည်။

စိတ်သိနှင့် ဉာဏ်သိတို့၏ ကွဲပြားခြားနားချက်ကို မိတ်ဆက်နိဒါန်းပျိုး ဖေါ်ပြပြီးနောက် အဆိုပါစိတ်သိကို နှစ်ပိုင်း နှစ်ကဏ္ဍ ခွဲခြားစိတ်ဖြာ တင်ပြပါဦးမည်။ ၎င်းတို့မှာ အတွေ့သိ နှင့် အတွေးသတို့ပင်ဖြစ်သည်။

အတွေ့သိဆိုသည်မှာ အာရုံငါးပါး တံခါးငါးပေါက်မှ  ပြင်ပလောကနှင့် တိုက်ရိုက်တွေ့ကြုံ သိရှိရသော အသိပင်ဖြစ်သည်။ ၎င်းကို ဗဟိဒ္ဓ အသိဟုခေါ်သည်။

အတွေးသိ ဆိုသည်မှာ အာရုံငါးပါး တံခါးငါးပေါက်မှ တွေ့သိရသည်မဟုတ်။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်တို့ကို ဥပေက္ခာပြု လစ်လျှူရှုလျှက် မိမိ၏ အတွင်းမနောပေါက်မှ တွေးခေါ်ကြံဆသဖြင့် သိလာရသော အသိတရားပင်ဖြစ်သည်။ ၎င်းကို အဇ္ဈတ္တ အသိဟုခေါ်သည်။

အဆိုပါ အတွေ့သိနှင့် အတွေးသိ (သို့မဟုတ်) ဗဟိဒ္ဓ အသိနှင့် အဇ္ဈတ္တအသိတို့သည် စိတ်သိများချည်း သာဖြစ်ရာ စိတ်ချယုံကြည်ကိုးစားအပ်သော အသိတရားများ မဟုတ်ပေ။ ဤနေရာ၌ စိတ်သိများသည် အဘယ့်ကြောင့် ယုံကြည်ကိုးစားခြင်း မခံထိုက်ကြောင်း ရှင်းပြပါမည်။

စိတ်သည် အနုတ္တရတည်းဟူသော ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ၊ ဒေါသ၊ လောဘ၊ မော၊ မာန၊ ထိန၊ ဥဒ္ဓိစ္စ၊ အဟီရိက၊ အနောတပ္ပတို့ကို ထိုစိတ်သဘောက ကြံဆောင်ပြီးနောက် ၀စီကံ၊ ကာယကံမြောက်စေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ရုပ်နာမ်တစ်ခုသည် အထက်ဖေါ်ပြပါ ကိလေသာ ၁၀ ပါး မကုန်ခန်းသရွေ့ ကာလပတ်လုံး စိတ်ချယုံကြည်ကိုးစား၍ မဖြစ်ဟု ဟောပြနေရခြင်းသည်။

တရားသဘောနှင့် ပြောရလျှင် စိတ်သည် အကုသိုလ် တရားများနှင့် ယှဉ်တွဲနေသောကြောင့် အရှုခံတရားဟု သတ်မှတ်ရသည်။  ဤဉာဏ်ကို ရရှိအောင် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးသည် ရှာကြံတော်မူခဲ့ခြင်းဖြစ်သည်။

ပေါ်လာသမျှသော စိတ်တို့ကို ရှုသတ်နိုင်ပါမှ ဉာဏ်အရာ အင်အားကောင်းလာမည် ဖြစ်သည်။       

  မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးမှအစ အဂ္ဂသာဝက၊ မဟာသာဝက စသော ကိုယ်တော်မြတ် ကြီးများ တရားရှင်များ သစ္စာဝါဒီများ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များ ဘုန်းထူး ကံထူး ပါရမီထူး ပုဂ္ဂိုလ်များသည် ဤဉာဏ်သဘောကို သိစေနိုင်ရန် အဆင့်ဆင့် ကြံဆောင်တော်မူခဲ့ကြရာ၌ အမျိုးမျိုးသော ဆင်းရဲဒုက္ခ ပင်ပန်းမှုများနှင့် ရင်နှီးကျော်ဖြတ်ခဲ့ရသည်သာဖြစ်သည်။

ထို့ကြောင့် ဤနေရာတွင် ကိလေသာနှင့်ယှဉ်သော ပုဂ္ဂလိက ဆန္ဒစွဲနှင့် ယှဉ်သော အကုသိုလ် အညစ်အကြေးနှင့် ယှဉ်သော ပေါ်စိတ်များကို လွယ်လင့်တကူ ဟုတ်ပြီ မှန်ပြီဟု လက်ခံယုံကြည်ခြင်း မရှိမူ၍ ဤအသိစိတ်များသည် မည်ကဲ့သို့သော အညစ်အကြေးများနှင့် ယှဉ်တွဲနေပါသနည်းဟု ဆင်ခြင်ကာ ၎င်းပေါ်စိတ်နှင့် ယှဉ်တွဲနေသော အကုသိုလ်တရားများကို စီစစ် စစ်ဆေး ရှုသတ်ပိုင်းဖြတ်ခြင်းအမှု ပြုရသည်။

ဤသို့ ရှုသတ်ပိုင်းဖြတ်ရာတွင် အကုသိုလ် တရားများနှင့် ယှဉ်တွဲနေသော သိစိတ်ကို မစင်ကြယ်သေးသော သိစိတ်ဟု သတ်မှတ်ကာ မသန့်ရှင်သေးသော သိစိတ်သည် မှန်ကန်၍ ယထာဘူတ ကျသော အသိမဟုတ်သေး၊ ထိုအသိသည် အမှန်တရားကို သိခြင်းမဟုတ်၊ ကိလေသာ ဆန္ဒစွဲများနှင့် ယှဉ်တွဲ ခဲ့ရသဖြင့် ဒုက္ခသဘောကို ဆောင်သည်၊ ချမ်းသာစစ်ကို မဆောင်သေးဟု သတ်မှတ်ကာ ထိုပေါ်စိတ် ဒုက္ခတရား၏ ဖြစ်ရပ်အမှန်ကို ဉာဏ်ဖြင့် နက်နက်နဲနဲ ထိုးဖေါက်ရှုမြင် ဆင်ခြင်လိုက်ရမည်။ ထိုအခါ ပေါ်စိတ် ဒုက္ခတရားကလေး သည် မိနစ်ပိုင်း၊ စက္ကန့်ပိုင်း အတွင်းမှာပင် ပျက်စီးချုပ်ပျောက်သွားကြောင်းကို ဉာဏ်သဘောတွင် အထင်အရှားတွေ့မြင်နိုင်ပေမည်။

ဤသို့ မဟုတ်ပါဘဲ ငါ့မြင်း ငါစိုင်း ဘယ်တိုင်းရောက်ရောက် ဟူသော သဘောနှင့် မိမိ၏ အညစ်အကြေး မစစ်ဆေးရသေးသော စိတ်သိ၏ အလိုကို လိုက်ပါလျှင် အလိုလိုက် အမိုက်စော်ကား ဆိုသကဲ့သို့ အတ္တကြီးသော အမြင် ငါတကော ကောသော အမြင်တို့ဖြင့် ပုဂ္ဂလိက ဆန္ဒစွဲအသိများ အားကောင်းလျှက် ဓမ္မဓိဋ္ဌာန်ကျသော ဉာဏ်အမြော်အမြင်နှင့် ဆင်ခြင်သိနိုင်သော စွမ်းရည်သည် ဆိတ်သုဉ်းသွားပေတော့မည်။ တနည်းအားဖြင့် ထိုရုပ်နာမ်အဖို့ ဉာဏ်ပညာစခန်း တခါးပိတ်သွားတော့မည်။

 

ဆက်လက်ဖော်ပြပါမည်

Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *