NIBBANA – 10

Share

အပိုင်း(၁၀)

နန်း    လူရဲ့မျှော်မှန်းချက်ဟာ သေခြင်းတရားကို ကောင်းကောင်းမွန်မွန်
ရင်ဆိုင်နိုင်ဖို့ဘဲပေါ့နော်။
ငယ်     သေသည်၏ အခြားမဲ့မှာလည်း ကောင်းမွန်မြင့်မြတ်နိုင်ဖို့ပေါ့။
နိဗ္ဗာန်မစံရမချင်း ရုပ်နာမ်နဲ့ ရင်ဆိုင်ရမှာ ဆိုတော့ ရုပ်နာမ်အပြီးအပိုင်
မချုပ်ငြိမ်းသေးလည်း ကောင်းကောင်းမွန်မွန် ရင်ဆိုင်တတ်ဖို့ပေါ့။
အမြင်ဉာဏ်က ပိုမိုနက်ရှိုင်း ကျယ်ပြန့်တာပေါ့။
နန်း    ဒီလို ကျယ်ပြန့်နက်ရှိုင်းတဲ့ ပညာရပ်က မြန်မာနိုင်ငံမှာဘဲ ထွန်းကားတာလား။
ငယ်     ဟုတ်တယ်။ မြန်မာနိုင်ငံမှာဘဲရှိတယ်။ အခြား ဘယ်မှာမှ မရှိဘူး။
နန်း    ကမ္ဘာက ဒါကို မသိဘူးလား။
ငယ်     မသိဘူး။
နန်း    ဘာလို့လဲ။
ငယ်     သူတို့ နားမလည် ဉာဏ်မမှီလို့ပေါ့။
နန်း    ခက်တယ်နော်။ လောကီပညာတွေတော့ တော်ပြီးတော့။
ငယ်     လောကုတ္တရာပညာက ပိုမိုနက်နဲတယ်။ သမားကောင်းရှိမှလည်း ဖြစ်နိုင်တယ်။
နန်း    သူတို့ဆီမှာ ဆရာကောင်း သမားကောင်းတွေ မရှိကြဘူးလား။
ငယ်     မရှိကြဘူး။ ဆရာဆိုတာ ကိုယ်တိုင်ပေါက်မြောက်ပြီးမှ တပါးသူကို
ဆရာလုပ်နိုင်တာ။ သူတို့က ကိုယ်တိုင်မှ မပေါက်မြောက်ကြတာ။ ဒီတော့
ဆရာကောင်း သမားကောင်း ဘယ်ဖြစ်နိုင်တော့မှာလည်း။ ယောင်ယောင် ၀ါးဝါးသမားဟာ
ဘယ်တော့မှ လောကုတ္တရာမှာ ဆရာကောင်းမဖြစ်နိုင်ဘူး။
နန်း    သူတို့အတွက် နောင်ရေးက ခက်သေးတယ်နော်။
ငယ်     ခက်တာပေါ့။ လောဘ၊ ဒေါသ၊ မောဟနဲ့ နေကြတဲ့ဟာဘဲ။ အပေါ်ယံကြည့်ရင်တော့
အထင်ကြီးစရာတွေ ရှိချင်ရှိမယ်။ တကယ့်လက်တွေ့ဘ၀ ရင်ဆိုင်တဲ့အခါကျတော့
လောကုတ္တရာပညာကမှ အမှန်တကယ် အသုံးဝင် အကျိုးရှိတာ။
ကောင်းကျိုးလည်းဆောင်နိုင်တယ်။
နန်း    ဒီလို ထွင်းဖေါက်သိမြင်ဖို့ မလွယ်လှဘူးနော်။
ငယ်     ကျွန်တော်တို့လည်း ဆရာကောင်း သမားကောင်း အဆုံးအမရှိလို့ပေါ့။
ဒါ့ကြောင့် ကျွန်တော်ပြောတာပေါ့။ မြန်မာနိုင်ငံမှာ အရိယာဉာဏ်ပညာ
ဖူးပွင့်တာ အသိပညာရဲ့ အထွတ်အထိပ်ပါလို့ ဒါ အမှန်အကန် ဖေါ်ပြလိုက်ခြင်းဘဲ။
နန်း    ကမ္ဘာကဒါကို မသိနိုင်ဘူးလား။
ငယ်     လောလောဆယ်တော့ သိနိုင်ဦးမယ် မထင်ဘူး။ လောကီပညာနဲ့ သူတို့က
တင်းတိမ်နေကြတာ။ လောကုတ္တရာပပညာကို မလေ့လာ မလိုက်စားကြဘူး။ လေ့လာလိုက်စား
ရကောင်းမှန်းလည်း နားမလည်ကြဘူး။ ဗဟုသုတလည်း မရှိကြဘူးပေါ့။
နန်း    အံ့သြစရာဘဲနော်။ အသိပညာ လေ့လာလိုက်စားသလိုလို ဘာလိုလိုနဲ့။
တကယ်တန်းကျ အရိယာ သစ္စာနယ်ကို မထိုးဖေါက်နိုင်ဘူး။
ငယ်     ပါရမီကလည်း ရှိဦးမှနဲ့တူတယ်။ သူတို့ဆီမှာ သာသနာကလည်း
နက်နက်ရှိုင်းရှိုင်း မပြန့်ထွန်းဘူး။
နန်း    သူတို့ဆီမှာလည်း သာသနာပြန့်ထွန်းနိုင်လျှင် ကောင်းမှာဘဲနော်။
ငယ်     ဒါကတော့ မလွယ်သေးပါဘူး။ သာသနာတော်မြတ်ဟာ စစ်စစ်မှန်မှန်နဲ့
နက်နက်ရှိုင်းရှိုင်း ပြန့်ထွန်းဖို့ဆိုတာ သူ့၊ ကိုယ့်၊ သူ့ကံ၊
ကိုယ့်ကံ အများကြီး လိုအပ်နေပါဦးမယ်။
နန်း    ခင်ဗျားအခုလို ပဏာမရှင်းပြတာကို ကျွန်တော်သိပ်သဘောကျမိတယ်ဗျာ။
ခင်ဗျားက မှန်တာဘဲ ပြောတတ်တယ်ဟုတ်လား။
ငယ်     ကျွန်တော် လောကုတ္တရာအရာမှာ ဘယ်တော့မှ လိမ်မပြောဘူး။ မမှန်တာလည်း
မပြောဘူး။ မသေချာတာ လည်းမပြောဘူး။ တကယ်သိပြီးမှသာ ပြောလေ့ရှိတာ-ခင်ဗျား
ကျွန်တော်ပြောပြဘူးတာတွေ ပြန်ဆန်း စစ်ကြည့်ပေါ့။
နန်း    ကျွန်တော် မဆန်းစစ်ပါဘူး။ ယုံလည်းယုံပါတယ်။ အဲ-မလိုက်နိုင်သေးတဲ့
နေရာနယ်ပယ်တွေတော့ ရှိကောင်းရှိမယ်။
ငယ်     မလိုက်နိုင်တဲ့ နေရာနယ်ပယ်တွေကို လိုက်နိုင်အောင် ကြိုးစားကြည့်ချင်
ကြိုးစားကြည့်ပေါ့။ ကျွန်တော့ဘက်ကတော့ ခိုင်တယ်။ အလေ့လာ အစစ်ဆေး
အစူးအစမ်းခံနိုင်တယ်။ အဲ စေတနာ မှန်မှန်ကန်ကန် ချဉ်းကပ်မယ်ဆိုရင်ပေါ့။
နန်း    ဒါတော့ လောကုတ္တရာ လေ့လာတယ်ဆိုတာ အမှန်တရား မြတ်နိုးလို့ဘဲ ဖြစ်ရမှာပေါ့။
ငယ်     ဒီသဘောနဲ့ကတော့ အမြဲတခါးဖွင့်လျှက်ဘဲ ရှိပါတယ်။
နန်း    ခင်ဗျားကိုယ့်ကိုယ်ကို ဒါလောက်ယုံကြည်ချက်ရှိနေတာ
သာသနာပြုလုပ်ငန်းတွေဘာတွေ မ၀င်စားမိ ဘူးလား။
ငယ်     ဒီကိစ္စက မလွယ်ဘူးလေ။ ကျွန်တော့်ရဲ့ ပညာကိုလည်း ဘယ်သူက
ထွင်းဖေါက်သိမြင်နိုင်မှာလည်း။
နန်း    ပညာဉာဏ်က ဖော်ပြဖို့ခက်တယ်လား။
ငယ်     ခက်တဲ့အပိုင်းတွေလည်း ပါမှာပေါ့ဗျာ။ ဓာတ်ခံရှိတဲ့ ပုဂ္ဂိုလ်တွေကတော့
မြင်ချင်မြင်နိုင်မှာပေါ့။ ကျွန်တော်ပညာရှာခဲ့တာကလည်း
ဖော်ပြဖို့သက်သက်အတွက်ဘဲ မဟုတ်ဘူးဗျ။
နန်း    ဒီလိုဆို ဘာအတွက်လဲလို့ မေးလျှင်ကော?
ငယ်     ကိုယ်တိုင် နှလုံးသွင်းဆင်ခြင်ဖို့လို့ ပြောရမှာဘဲ။
အခွင့်သင့်လျှင်တော့ ဖော်ပြဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ဒီအပေါ်မှာ
သိပ်မမှီခိုချင်ဘူး။ ကိုယ်တိုင်အမှန်အကန်ရှိဖို့  သိဖို့ကိုဘဲ
အဓိကထားချင်တယ်။ တစ်ပါးသူအတွက် ကိစ္စဆိုတာ လွယ်ကူလှတာလည်း မဟုတ်ဘူး။
နှစ်ဦး နှစ်ဘက် အမြင်မှန် ပီပြင်ကြည်လင်ဖို့လည်း လိုဦးမယ်။
နန်း    ကျွန်တော်ကတော့ ခင်ဗျားကို သာသနာပြုစေချင်တယ်။
ငယ်     သာသနာပြုတယ်ဆိုတာ ကိုယ်တိုင်က သာသနာ တည်ဦးမှဗျာ။
ကျွန်တော်ကိုယ်တိုင် အဲဒီလို ဖြစ်ထွန်းအောင် ကြိုးစားနေသူတစ်ဦးပေါ့။
တတ်နိုင်သမျှတော့ အကြံပြု လက်တွဲခေါ်ပါတယ်။
နန်း    ခင်ဗျားဆရာကလည်း ရင်ထဲမှာ `ဓမ္မစေတီ´တည်ဘို့ ရှေးဦးစွာ
မိန့်တော်မူခဲ့ဘူးတယ်ဆို။ ကျွန်တော် မှတ်မိနေပါတယ်။
ငယ်     ဟုတ်ပါတယ်။ ဆရာက ကျွန်တော့်ကို `ရင်ထဲမှာ ဓမ္မစေတီ ရှေးဦးစွာတည်´
လို့ မိန့်တော်မူခဲ့ဘူးပါတယ်။
ကျွန်တော်က ကျောင်းဆရာ မဟုတ်လား။ ဒီတော့ ကိုယ်တိုင်တတ်သိပြီးမှ
တစ်ပါးသူကို သင်ကြားပေးရ တယ်လေ။ ဒီသဘောဘဲပေါ့လို့
မိန့်မှာတော်မူခဲ့ဘူးပါတယ်။ ကျွန်တော်လည်း ကြိုးစားခဲ့ပါတယ်။
နန်း    ခင်ဗျား အဲဒီလို ကြိုးစားဖြစ်ခဲ့တာကို ကျွန်တော်သာဓု ခေါ်ပါတယ်ဗျာ။
ငယ်     ဒါတွေဟာ ဆရာ့ကြောင့်ပါဗျာ။ ကျွန်တော်ဒါကြောင့် ဆရာကောင်း သမားကောင်း
လိုအပ်ကြောင်း၊ အထပ်ထပ် ပြောပြခဲ့ရတာပါ။
နန်း    ကျွန်တော်လည်း ခင်ဗျားဆရာကို ကြည်ညိုမိတယ်ဗျာ။
ငယ်     ဆရာက ကြည်ညိုလေးစားစရာ သိပ်ကောင်းပါတယ်။ ကျွန်တော့်မှာ ခင်ဗျား
နှစ်ခြိုက်တဲ့ အရည်အချင်း တစ်ခုခုရှိလျှင် အဲဒီအရည်အချင်းက `ရွေးစေ့´၊
ဆရာ့အရည်အချင်းက `မြင့်မိုရ်တောင်´၊ ကျွန်တော့် အရည်အချင်းက
`ရေတစ်ပေါက်´၊ ဆရာ့အရည်အချင်းက `မဟာသမုဒ္ဒရာ´၊ ဒီလိုသာ ခန့်မှန်း
လိုက်တော့ဗျာ၊ အဲဒါ—မပိုဘူး။
နန်း    ကျွန်တော် ခင်ဗျားရဲ့ဆရာကို တွေ့ဖူးချင်လိုက်တာဗျာ။
ငယ်     ဒါတော့ ဆရာမှ မရှိတော့ဘဲ။ ခန္ဓာစွန့်သွားတော် မူခဲ့ပြီ။
နှစ်ဆယ့်ရှစ်နှစ်တောင် ကြာခဲ့ပြီဆိုပါတော့။
နန်း     လောလောဆယ်တော့ ခင်ဗျားကို တွေ့ရခြင်းနဲ့ဘဲ
နှစ်သိမ့်လိုက်ဦးမယ်ဗျာ။ နောက်မှ ခင်ဗျားဆရာ
သွန်သင်ညွှန်ကြားတော်မူခဲ့တဲ့ ဆုံးမစကားတွေကို လေ့လာနာခံတော့မယ်။
ငယ်     ကျွန်တာ် မသေသေးသရွေ့တော့ ရနေ ပြောနေမှာပါဗျာ။ ဒီအတွက်တော့ မပူပါနဲ့။
ကျွန်တော်ဟာ ဆရာ့အဆုံးအမရဲ့ ဘဏ္ဍာစိုးဘဲ။
နန်း    ၀မ်းသာတယ်ဗျာ။ ခင်ဗျားနဲ့ ဆွေးနွေးရတာ။
ငယ်     ကျွန်တော်ကလည်း ဂုဏ်ယူနှစ်ခြိုက်လှပါတယ်။
နန်း    တစ်နေ့နေ့တော့ ခင်ဗျားဆရာ ဆုံးမတာတွေ ပြည့်ပြည့်စုံစုံ ပြောပြဗျာ။
ငယ်     ပြောပြမှာပေါ့ဗျာ။ ကျွန်တော် ဒီအတွက်အသက်ရှင်နေတာဘဲ။
ပြည့်ပြည့်စုံစုံ ဆိုတာကတော့ တော်တော်လေး အချိန်ပေးရပေလိမ့်မယ်။
နန်း    ဒီအတွက်ဆို ကျွန်တော် ထက်သန်နေမှာပါဗျာ။ အသိပညာရှာဖွေရာမှာ ဒါတွေဟာ
သော့ချက်တွေဆိုတာ ကျွန်တော်သိပါတယ်။
ငယ်     ကျွန်တော့်ဘက်ကတော့ အကြောင်းညီညွတ်သလို အချိန်ရသလို ပြောပြရေးပြနေမှာပါဘဲဗျာ။
နန်း    အသိပညာသဘောဟာ တော်တော်ခက်ခဲနက်ရှိုင်းတာဘဲနော်။ ကမ္ဘာမှာ
ပညာတွေဒါလောက် လိုက်စားနေကြပေမဲ့ လောကုတ္တရာ အရာအထိ
မလိုက်စားနိုင်ကြတာတော့ အံ့သြစရာ စိတ်မကောင်းစရာဘဲဗျာ။
ငယ်     လောကုတ္တရာဆိုတာ နက်ရှိုင်းတယ်လေ။ ပါရမီ ဓာတ်ခံလည်း
ပါဘို့လိုလိမ့်မယ်ထင်တယ်။ တော်ရုံတန်ရုံနဲ့တော့ မလွယ်ပါဘူး။
နန်း    ကျွန်တော် လောကုတ္တရာအမြင်ကို တော်တော်နှစ်ခြိုက်နေမိတယ်။ ဒါပေမဲ့
ကျွန်တော် အထင်ကြီးလေးစား လောက်တဲ့ ကမ္ဘာ့ပညာရှင်တွေ လောကုတ္တရာဘက်အထိ
မထိုးဖေါက်နိုင်တာကို အံ့သြရမလို ခံစားမိလို့ပါ။
ငယ်     မအံ့သြနဲ့ဗျာ။ သူတို့က ပကာသနနဲ့ ပြင်ပအသုံးအဆောင် အသွင်အပြင်လောက်ဘဲ
ဝင်စားတာ။ နှိုက်နှိုက်ချွတ်ချွတ်လေ့လာဖို့ လိုအပ်တဲ့ လောကုတ္တရာပညာကိုတော့
ဝင်စားဖို့ နားမလည်ကြပါဘူး။ မတိုက်ဆိုင်ကြဘူးနဲ့ တူပါတယ်။
နန်း    ဟုတ်ပါတယ်။ လောကုတ္တရာ လေ့လာသလိုလိုနဲ့တောင် အထင်ကြီးခံလိုရမှု၊
နာမည်ကြီးလိုမှု၊ ဟိတ်ဟန်ထုတ်မှု၊ ပလွှားဝင့်ကြွားမှု၊ အတ္တကြီးစိုးမှုတွေ
ပါနေကြသေးတာ။
ငယ်     ကမ္ဘာက မလေ့လာ မလိုက်စားကြပေမယ့် လောကုတ္တရာဆိုတာကတော့ အမှန်တကယ်ရှိတာဗျ။
နန်း    အဲဒီ အမှန်တကယ်ရှိတဲ့ လောကုတ္တရာဆိုတဲ့ အကြောင်းပြောပြဗျာ။
ငယ်     အဲဒီ လောကုတ္တရာဆိုတာ စစ်မှန်တဲ့ သာသနာဘဲပေါ့ဗျာ။
နန်း    အဲဒီ စစ်မှန်တဲ့ သာသနာအကြောင်း ပြောပြဗျာ။
ငယ်     ဒီအကြောင်းတွေက နက်ရှိုင်းသည်နှင့်အမျှ သိမ်မွေ့တယ်ဗျ။
နန်း    အဲဒီ နက်ရှိုင်းသည်နှင့်အမျှ သိမ်မွေ့လှတဲ့ လောကုတ္တရာ အကြောင်းသိချင်တယ်ဗျာ။
ငယ်     သိချင်လျှင် သိနိုင်ပါတယ်ဗျာ။ အခက်ရှိလျှင် အလွယ်ရှိတာဘဲ။
နန်း    အဲဒီ အခက်တွေကို လွယ်လွယ်လေးနဲ့ သိနိုင်အောင်ပြောပြဗျာ။
ငယ်     သိမ်မွေ့ ခက်ခဲ နက်နဲလှပါတယ်ဆိုတဲ့ လောကုတ္တရာ အကြောင်းတွေဆိုတော့
ခင်ဗျား သာမန် မျက်လုံးနဲ့ချည်းတော့ မကြည့်နဲ့ဗျာ။ ပညာနားနဲ့ပါ နားထောင်။
နန်း    ခင်ဗျား သတိပေးသလို သာမန်မျက်စိနဲ့ချည်း မကြည့်ပါဘူးဗျ
ဉာဏ်မျက်စိနဲ့လည်း လိုက်မှာပေါ့။ အဲ-တစ်ခုတော့ ရှိတယ်ဗျာ။ ကျွန်တော့်
ပညာနားက နည်းနည်းထူချင် ထူမယ်။ လေးချင်လေးမယ်။
ငယ်     ဉာဏ်ပညာနားဆို ပြီးတာပါဘဲဗျာ။ ထူတာ ပါးတာ ပြဿနာမဟုတ်ပါဘူး။
နန်း    ဒါဆို ပြောတော့ဗျာ။
ငယ်     လောကုတ္တရာကို လိုက်လျှင် စိတ်နဲ့ပတ်သက်တဲ့ အာရုံနဲ့ မလိုက်ရဘူး။
စိတ်အာရုံဆိုတာ ရုပ်နာမ်နဲ့ ပတ်သက်တယ်။ လောကုတ္တရာ မဟုတ်ဘူး။
နန်း    ခင်ဗျားရဲ့ လောကုတ္တရာ ဆန်ဆန်လေးကို နာကြားပါရစေဦးဗျ။
ငယ်     တကယ့် လောကုတ္တရာစခန်းဆိုတာ ရုပ်နာမ်နဲ့ မလိုက်ရဘူးဗျ။ ရုပ်နာမ်ဆိုတာ
အပျက်လောကဗျာ။ လောကုတ္တရာက အပျက်မှလွန်ရာ။ ဒီတော့ အပျက်တရားမှ လွန်ရာအထိ
နက်နက်ရှိုင်းရိုင်း လေ့လာလိုက်စားတဲ့ အခါ အပျက်ကို ကျော်ရတယ်။
ရုပ်နာမ်ကို လွန်ရတယ်။
နန်း    အဲဒီ အပျက်ရုပ်နာမ်က ကျော်တဲ့ လောကုတ္တရာ စခန်းအကြောင်းလေးကို ပြောပြပါဦးဗျာ။
ငယ်     အဲဒါ အရေးကြီးတဲ့ ဉာဏ်အရာပေါ့ဗျာ။
နန်း    အဲဒီ ဉာဏ်အရာဆိုတာ ရုပ်နာမ်လွန်ရာလားဗျ။
ငယ်     ဟုတ်တယ်ဗျ။ ရုပ်နာမ်နဲ့စပြီး အဲဒီဉာဏ်အရာလည်း ဆိုက်ရော၊ ရုပ်နာမ်က
ဆုံးသွားလွန်သွားရာ ရောက်ရော။ ဒါ့ကြောင့် လောကုတ္တရာလို့ ခေါ်ရတာ။
နန်း    လောကီဆိုတာ ပျက်တာ။ လောကုတ္တရာဆိုတာ ပျက်တာက လွန်ရာဆိုတာကိုတော့
သဘောပေါက် ခဲ့တယ်ဗျ။ အခု ခင်ဗျားပြောပြသလောက် အထိတော့ မရှင်းခဲ့ဘူး။
ငယ်     အခု ကျွန်တော်ပြောပြတာတွေကလည်း လောကီဘဲဗျ။
နန်း    ဟာ-ခင်ဗျား ကျွန်တော့ကို နားမျက်စေ့လည်အောင် မပြောနဲ့ဗျာ။
ငယ်     ကျွန်တော်ဆိုလိုတာက ဒီလိုပါဗျ။ ကျွန်တော်က လောကုတ္တရာ အကြောင်းကို
လောကီနဲ့ ပြောပြတယ်လို့ ဆိုလိုတာပါ။
နန်း    ထပ်ရှင်းဗျာ။
ငယ်     ဒီလိုဗျ။ လောကုတ္တရာ အကြောင်းကို လောကုတ္တရာနဲ့ ပြောလို့မရဘူးဗျ။
နန်း    ဘာဖြစ်လို့လဲဗျ။
ငယ်     ပြောပြလိုက်တာနဲ့ ဖြစ်သွားလို့ဘဲဗျ။
နန်း    ဒီလိုဆိုရင် လောကုတ္တရာအကြောင်း သိနားလည်ချင်လျှင် ဘယ်လိုလုပ်မလဲဗျ။
ငယ်     ထိုးထွင်းဆင်ခြင်ကြည့်ရမယ်ဗျ။ ရိုးရိုးနားနဲ့ နားထောင်လို့မရဘူး။
ထိုးထွင်းဆင်ခြင် ဉာဏ်သက်ဝင်နိုင်မှ ဖြစ်စကောင်းတာဗျ။
နန်း    ဒါဖြစ်လျှင် ခင်ဗျားက ကျွန်တော့်ကို လောကုတ္တရာအကြောင်း ပြောမပြနိုင်ဘူးပေါ့။
ငယ်     အကြောင်းအရာ လောကုတ္တရာအကြောင်းကိုတော့ ပြောပြနိုင်တယ်ဗျ။ ဒါပေမဲ့
ပြောပြတယ်ဆိုတဲ့နည်းက လောကီဘဲ။ ခင်ဗျားဖာသာ ကြိုးစားပြီး
ထိုးထွင်းဆင်ခြင်ဉာဏ်သက်ဝင် သိမြင်လိုက်မိသွားလျှင်တော့ လောကုတ္တရာ
ဖြစ်သွားနိုင်တယ်။
နန်း    ဒါဖြစ်လျှင် ကျွန်တော့်ဖာသာ လုပ်လိုက်ရတာပေါ့။
ငယ်     မဟုတ်ဘူးဗျ။ ကျွန်တော်က ပြောပြပေးလိုက်တာ။
နန်း    ကျွန်တော့်ဖာသာ လုပ်လိုက်လို့ရတာလို့ မယူရဘူးပေါ့။
ငယ်     မယူရဘူးဗျ။ ဖာသာသိတယ်ဆိုတာ ဘုရားတစ်ပါးဘဲရှိတယ်။ ကျန်ပုဂ္ဂိုလ်များဟာ
ပြောပြပေးခြင်းခံရတယ်။
နန်း    နက်နဲတယ်ဗျာ။
ငယ်     ဒါ လောကုတ္တရာလေ။
နန်း    ၀င်စားလို့ကောင်းတယ်ဗျာ။
ငယ်     အမှန်အကန်တွေဘဲဟာ။
နန်း    လောကကြီးမှာ ကိုယ်မသိတဲ့ အမှန်အကန်တွေ အများကြီးရှိတာဘဲနော်။
ငယ်     ဟုတ်တယ်ဗျ။ တစ်ချို့ကိစ္စတွေက သိတဲ့ပုဂ္ဂိုလ်တွေက ပြောပြမှ
ကျွန်တော်တို့လည်းသိရတာ။
နန်း    မှန်ပါတယ်ဗျာ။

 

ဆက်လက်ဖော်ပြပါမည်
Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *