မြတ်ပန်းမွှေးလှိုင်ကြူ -49

ရွှေစက်တော်

ဒုတိယနေ့

အဓိဋ္ဌာန်အောင်မြင်ခြင်း (အဆက်)

ယခုကိစ္စမှာလည်း သာမညကိစ္စမဟုတ်ချေ။ အသိဉာဏ် ယှဉ်ကာ ခန္ဓာဉာဏ်စိုက်၍ အထူးဝိရိယ ထားနေရသည်။

ထိုသို့ ဉာဏ်စိုက်နေစဉ် စာရေးသူ၏ ညာလက်မောင်း အတွင်းသားထဲမှ သိသာစွာ တုန်လှုပ်သွားသည်။

အော် . . . အတိတ်နမိတ်တော့ ပြသနေပေပြီ။ တရားထူး ရချိန်တန်၍ဖြစ်မည်။ မလှုပ်စဘူး ထူးထူးကဲကဲ ညာဘက်လက်ရုံး လှုပ်၏။ အဓိဋ္ဌာန် တစ်ခုကိုပြုသည့် ပုဂ္ဂိုလ်သည် မိမိအဓိဋ္ဌာန် အောင်မြင်ပြီးစီးရန်သာ ဆန္ဒပြုကျင့်ဆောင် ကြရမည်။

အခြားဘာကိုမျှ အာရုံမလိုက်ရ။ အဓိဋ္ဌာန် အောင်မြင်ရေးကိုသာ အဓိကထားလျက် ဘ၀င်ဟဒယ၌ ဉာဏ်စိုက်ထားသည်။ ထို့နောက် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး၏ ဉာဏ်တော်မြတ်ကို ဦးခိုက်လိုက် သည်။

စာရေးသူ၏ဉာဏ်သည် ယှဉ်သန်၍လာသည်။ ဉာဏ်သည် ပေါ့ပါးနူးညံ့၍ ကျယ်ပြန့်သွားသည်ကို ကိုယ်တိုင်သိနားလည်လာသည်။ အော် . . . ဉာဏ်သည် အသက်ဝင် လှုပ်ရှားလျက် ရှိနေပေပြီတကား။

ထို့နောက်ဉာဏ်ဖြင့် တရားဆင်ခြင်ချိန်တွင် ခပ်သိမ်းကုန်သော တရားတို့သည် မမြဲကြပါတကား။ မမြဲကြခြင်းသည် မပိုင်၍ မဆိုင်၍ပါတကား။ ထိုအခါ ဉာဏ်အသိသည် ပိုမိုသိပ်သည်းကျစ်လစ်ကာ အင်အားကောင်းသွားသည်။ မိမိရုပ်နာမ်နှင့်တကွ ထိုရုပ်နာမ်အား ကပ်ငြိမှုတို့သည်လည်း အားလုံးပင်မမြဲကြ၊ မပိုင်မဆိုင်အပ်ကြ ပါတကား။

စာရေးသူသည် ဉာဏ်ကို ပိုင်ပိုင်နိုင်နိုင် သုံးသပ်နိုင်လာပေပြီ။ ထို့နောက် ဆရာမြတ်ကို ထိုးထွင်းဉာဏ်ဖြင့် ဦးထိပ်မှာထားလိုက်သည်။ အော် . . . ဒီအသိ ဒီဉာဏ်မျိုးကို ဆရာမြတ်သည် ချီးမြင့်အပ်ခဲ့ပေပြီတည်း။ စာရေးသူ့ဉာဏ်သည် ပိုမိုနူးညံ့ သိမ်မွေ့သွားသည်။ ပိုမို၍လည်း ချမ်းသာမှု တိုးတက်သွားသည်။

မှန်မှန်ကန်ကန် ထိုးထွင်းဆင်ခြင်နိုင်ပြီဖြစ်သော ဉာဏ်စွမ်းသတ္တိပေတည်း။

ဆရာမြတ်ကို ချစ်မြတ်နိုး ကိုးစားယုံကြည်သဖြင့် အိမ်ထောင်ကိုစွန့်ခွာခဲ့သည်။ အဘယ်၍ အဘယ်မျှ ယုံကြည်အားထားသည်ကို ဆင်ခြင်ကြည့်၏။

ထိုမျှ ငယ်ရွယ်နုနယ်စဉ်ကပင် ချစ်ခင်ပါသည်ဆိုသော အိမ်ထောင်ကို ပယ်စွန့်နိုင်ခဲ့သည်မှာ ဆရာမြတ်ကို တော်ရုံတန်ရုံ ယုံကြည်ချက် အားကိုးချက်မျိုးတော့ မဖြစ်နိုင်ချေ။ အူလှိုက် အသဲလှိုက် ယုံကြည်လွန်း ကြည်ညိုလွန်း၍ သားသမီး ဇနီးမယားကို စွန့်ထား၍ ဆရာမြတ်ထံ ပျပ်ဝပ်ရိုသေစွာ ၀တ်ကြီးဝတ်ငယ် ပြုစုလျက် အနွံအတာခံကာ လုပ်ကျွေးမွေးမြူခဲ့ခြင်းဖြစ်သည်။ ယခုတော့မူ ထိုဂုဏ်ကျေးဇူးများကို ခံစားနေရပြီသာတည်း။ သူတော်ကောင်းတို့၏ စွမ်းဆောင်နိုင်ချက်ကို အစုံအလင် ဆင်ခြင်မိသည်။ တောကြီးမျက်မဲ ဘုရားကြီး၌ တစ်ပါးတည်း ကျင့်ကြံရဲသော သတ္တိထူးမှာလည်း ဆရာမြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သော ဉာဏ်စွမ်းပညာ ကြောင့် ဖြစ်ပေသည်။ မည်သူသည် လိမ့်လိမ့်လဲလဲ ဖြစ်နိုင်လောက်သော ကျင့်ကြံမှုကို ကျင့်ဆောင်ပါမည်နည်း။ အသွားမတော်တစ်လှမ်း မဟုတ်ပါသလော။ ယခုမူ မိမိသည် ထိုကဲ့သို့သော ခြေလှမ်းပေါင်း မြောက်များစွာကို လှမ်းခဲ့ပြီးပေပြီ။ အရှင်သူမြတ်များ ထားရှိအပ်သော မေတ္တာဂရုဏာတို့ကို ဆင်ခြင်ကြည့်မိပေသည်။

ထိုမေတ္တာ ဂရုဏာများမှာ သတ္တ၀ါများအတွက် သက်သက်ဖြစ်သည်။ သူတော်စင်တို့ ကိုယ်တိုင်အတွက် မူ ကိစ္စပြတ်နေပြီ ဖြစ်သည်။ မိမိတရား မိမိနှလုံးသွင်းနေလျှင် ကိစ္စပြီးနေပြီ မဟုတ်ပါလော။ သို့သော် သတ္တ၀ါများအား သနားသဖြင့် ဂရုဏာရှေ့ထားကာ စေတနာ ပွားတော်မူကြရှာပေသည်။ မည်မျှ မြင့်မြတ်၍ ရိုသေအပ်သော ပုဂ္ဂိုလ်ထူးများ ပါပေနည်း။ ထိုပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့၏ မေတ္တာစေတနာ ဉာဏ်ပညာကို လေးလေးမြတ်မြတ် ခံယူပူဇော်အပ်ပေသည်။ မိမိ၏ ဉာဏ်သည် ခန္ဓာကို တစ်ချက်လှည့် ဆင်ခြင်လိုက်သည်။ အောင်မြင်သွားပေသည်။ ပေါ်လာသမျှကိုလည်း ထက်မြက်လှသော ဉာဏ်ဖြင့် တစ်ချက်ရှုသတ် တစ်ချက်ပြတ်ပြီ။ ယန္တရားဖြစ်သော မြတ်သော အကျင့်ပေတည်း။ အော် . . . ဉာဏ်အရာဆိုသည်မှာ ဤမျှ ထက်မြက်၍ ဤမျှ ဂုဏ်ကျေးဇူးကို ဆောင်ကာ ချမ်းသာမှုပေးနိုင်စွမ်း လှပေသည်တကား။ ဉာဏ်အရာဖြင့် အောင်ပွဲခံလိုက်သည်။ ရှေ့ဆက်၍ ဘယ်ကဲ့သို့ အသက်ရှင်ရမည်ကို သိနားလည်သွားပြီ။ အော် . . . ချမ်းသာပေါ့ပါးပေစွ။ ဉာဏ်အရာဆိုသည်မှာ ဤသို့သာတည်း။ တရားဖြင့် ငြိမ်းအေးနေလေသည်။ အဘယ်သို့သော အတ္တ၊ အတ္တနိယကမှ ပူလောင်မှုကို မဖြစ်စေတော့ပေ။ တလောကလုံးကို စွန့်လိုက်သည်။

ထို့နောက် ရုပ်နာမ်ကိုလည်း စွန့်လိုက်၏။ အပ်ဖျားတထောက်မှ အကြောက်အကန် မငြင်းနိုင်ကြပေ။ အော် . . . ချမ်းသာပေစွတကား။ အကြောင်းအကျိုး အကောင်းအဆိုး သတိဉာဏ်ဝင် ဆင်ခြင်မိသည်။ တကာ၊ တကာမ ဓမ္မယောဂီများလည်း ဤကဲ့သို့ ကျင့်လျှင် အလားတူ ချမ်းသာကြပေလိမ့်မည်။

အကြောင်းမပြုသော သံယောဇဉ် ဖြစ်မိသည်။

တာဝန်ခံယူခြင်းဟု ဆိုနိုင်ပေသည်။ မေတ္တာနှင့် ဂရုဏာဟုလည်း ဆိုနိုင်သည်။ ယုံကြည်ကိုးစားသော တကာ၊ တကာမများအတွက် အသက်ရှင်သန်ရ ဦးမည်တကား။ သူတော်ကောင်းများက သာဓုခေါ်ကြပေလိမ့်မည်။ ဆရာမြတ်ကိုယ်တော်တိုင်လည်း စစ်မှန်သော ချမ်းသာမှု ခံစားရသော တပည့်ချစ်ကို နှစ်ထောင်းအားရ ဖြစ်ပေလိမ့်မည်။ တကယ်တော့ တရားရှင်ဆိုသည်မှာ – ဤသို့သောသဘော ရှိကြသည်သာတည်း။

အငွေ့အသက်ကလေးမျှသော ကိလေသာကို ကုန်စင်အောင်ရှုသတ်ပြီး အေးငြိမ်းမှု ချမ်းသာကို ဉာဏ်အရာဖြင့် စံမြန်းနေခြင်းသည် တရားရှင်တို့၏ လုပ်ငန်းပင် မဟုတ်ပါလော။ ကိလေသာ အပူမီးတို့ ပြီးဆုံးသွားသည်၏နောက် ဉာဏ်အရာသည် အေးငြိမ်းမှုကို ထိုးထွင်းဆင်ခြင် ဉာဏ်သက်ဝင်နေလိမ့်မည်သာ တည်း။ ကိလေသာတို့၏ ချုပ်ဆုံးမှုမှာ မည်မျှအေးမြကြောင်း ထိုဉာဏ်သည် အသိဆုံးဖြစ်လိမ့်မည် မဟုတ်ပါလော။

ထပ်မံ၍ ကိလေသာတိုးဝင်မှုကို အငွေ့ပင် အပင်ပန်း အညှိုးလျော်ခံတော့မည် မဟုတ်ချေ။ ကိလေသာ ချုပ်ငြိမ်းမှု၏ သီးခြားနယ်၌ ချမ်းသာစွာ လွတ်လပ်စွာ စံမြန်းနေတော့မည်သာတည်း။ မေတ္တာပို့ အမျှပေးဝေ လိုက်၏။ သဗ္ဗေညုတ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးကို လှိုက်လှိုက်လှဲလှဲ ကန်တော့ လိုက်၏။

 

(စာပေခွင့်ပြုချက်အမှတ်-၁၁၀၃၂/၁၉၇၈-ခုနှစ်၊ ဇွန်လ)
ဆက်လက်ဖော်ပြပါမည် –
Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *