မြတ်ပန်းမွှေးလှိုင်ကြူ -31

Share

မြတ်ပန်းမွှေးလှိုင်ကြူ

ခိုနန်းရေယာဉ်လှိုဏ်ဂူမြတ်

 တတိယည

၁၃၃၉ ခု၊ သီတင်းကျွတ်လပြည့်ကျော် (၁၁) ရက်

၁၉၇၇ ခု၊ နိုဝင်ဘာလ (၇) ရက်

လက်တွေ့ချုပ်ငြိမ်းရာကို ဉာဏ်ဖြင့် သိနားလည်ခြင်း

ဗုဒ္ဓဘာသာတို့၏ ရည်မှန်းချက် ပန်းတိုင်သည် နိဗ္ဗာန်ချမ်းသာမြတ်ကို စံမြန်းနိုင်ရန်ပင်ဖြစ်သည်။ နိဗ္ဗာန်ကို စံမြန်းနိုင်ရန် ကျင့်ကြံအားထုတ်ရသော အလုပ်သည် လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ချေ။ ရှိသော အရာများကို ကုန်ရန် လုပ်ရခြင်းဖြစ်သည်။ ရှိသော အရာများ မရှိတော့သော အခါ မရှိသောအရာ ရှိတော့မည် ဖြစ်သည်။ တနည်းအားဖြင့် ရှိသော ဒုက္ခကိလေသာကို မရှိအောင်လုပ်သောအခါ ဒုက္ခမရှိခြင်းဖြစ်သော သုခ ရှိလာမည် ဖြစ်သည်။ ဆိုလိုသည်မှာ ကိလေသာကို သတ်နိုင်သော စင်ကြယ်သော ရှိလာမည်ဖြစ်သည်။ ဒုက္ခ အဆုံးတွင် သုခရှိသည်။ ၏ အဆုံးတွင် နိစ္စရှိသည်။ ဤနေရာတွင် နိစ္စဆို၍ နိစ္စ နိဗ္ဗာန်အကြောင်းကို အနည်းငယ် ရှင်းလင်းတင်ပြလိုပါသည်။

ပရမတ် နိဗ္ဗာန်သည် နိစ္စ၊ ဓူဝ၊ နိပုဏ၊ သုဒုဒ္ဒဿ၊ အနိဒဿန၊ အနုတ္တရ၊ အစ္ဆရိယ၊ အမ္ဗူတ၊ စသော ဂုဏ်ရည်တို့နှင့် ပြည့်စုံနေပေသည်။ တနည်းဆိုရသော် အမြဲ နိစ္စတည်ရှိသော အလွန်သိမ်မွေ့သော အလွန်မြင်နိုင်ခဲသော နှိုင်းခိုင်းစရာ ထပ်တူဥပမာ ရှာမရနိုင်သော၊ တရားအားလုံးတို့ထက် အမွန်မြတ်ဆုံးဖြစ်သော အံ့သြဘွယ်ရာ ကောင်းလွန်းလှသော ပရမတ္ထအားဖြင့် အထင်အရှားရှိသော ဂုဏ်ရည်များနှင့် ပြည့်စုံနေပေသည်။

အခြားနည်းအားဖြင့် နှိုင်းယှဉ် ဆင်ခြင်နိုင်ရန် ဖေါ်ပြရမည်ဆိုလျှင် နိဗ္ဗာန်သည် သဥပါဒိသေသ ၊ အနုပါဒိသေသ နိဗ္ဗာန်ဟူ၍ နှစ်ပါးအပြားရှိသည်။ ထိုနှစ်ပါးအနက် နှင့် ရဟန္တာအရှင်သူမြတ်တို့ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ အရဟတ္တမဂ်ဉာဏ်ဖိုလ်ဉာဏ် ဖြစ်ပေါ်လာသည်နှင့် တပြိုင်နက် ကိလေသာအားလုံးတို့ အကြွင်းမဲ့ ချုပ်ငြိမ်းကြသည်။

ခန္ဓာငါးပါး အပြီးအပိုင် မချုပ်သေးမူ၍ ယင်းသို့ ကိလေသာများသာ အကြွင်းမဲ့ ချုပ်ငြိမ်းမှုကို သဥပါဒိသေသ နိဗ္ဗာန်ဟုခေါ်သည်။ မြတ်စွာဘုရားနှင့် ရဟန္တာ အရှင်သူမြတ်တို့ ပရိနိဗ္ဗာန် စံဝင်ကြသောအခါ ခန္ဓာငါးပါးတို့သည် ဘ၀သစ်၌ တဖန်ပြန်ဖြစ်စရာ မရှိတော့သောအားဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းကြသည်။ ယင်းသို့ ချုပ်ငြိမ်းကြသောအခါ ရုပ်နာမ်တရားတို့သည် လောင်စာမရှိသော မီးကဲ့သို့ နောင်ဘ၀တို့၌ အသစ်တဖန်ဖြစ်ရန် မရှိတော့ဘဲ အပြီးအပိုင် ရုပ်သိမ်းချုပ်ငြိမ်းသွားကြတော့သည်။ ခန္ဓာငါးပါး အကြွင်းမဲ့ ချုပ်ငြိမ်းပြီးသည်၏ နောက်၌ ဖြစ်ပေါ်လာသော ငြိမ်းအေးမှု ဓာတ်သဘာဝကို အနုပါဒိသေသ နိဗ္ဗာန်ဟုခေါ်သည်။ ထို အနုပါဒိသေသ နိဗ္ဗာန်သည် ပရမတ်နိဗ္ဗာန်နှင့် မတူညီကြောင်း ထပ်မံရှင်းပြပါမည်။

အသင်္ခတဓာတ် ပရမတ် နိဗ္ဗာန်သည် အထင်အရှား ရှိသည်ဖြစ်သော်လည်း စိတ် စေတသိက် ရုပ် ပရမတ်တို့ကဲ့သို့ အကြောင်းတစ်ခုခုကြောင့် ဖြစ်ပေါ်လာသော တရားမျိုးလည်း မဟုတ်။ အကြောင်းများစွာ ညီညွတ်ပေါင်းစုံ ဖြစ်ပေါ်လာသော တရားမျိုးလည်း မဟုတ်၊ အမြဲ နိစ္စ တည်ရှိနေသော တရားမျိုးဖြစ်၏။ အမြဲ နိစ္စ တည်ရှိနေသောကြောင့် မည်သည့်အခါကစ၍ ဖြစ်ပေါ်သည်ဟု ဥပါဒ်ခဏအားဖြင့် ပြစရာမရှိ၊ ဥပါဒ်ခဏမရှိ၍ ထီခဏ ဘင်ခဏတို့လည်းမရှိ ခဏသုံးပါး မရှိသည်ဖြစ်၍ ဖြစ်ပြီး ဖြစ်ဆဲ ဖြစ်လတံ့ဟူသော ကာလသုံးပါးတို့ လည်းမရှိ။ ယင်းသို့ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါးတို့၌ မည်သည့် နည်းနှင့်မျှ မဖြစ်ပေါ်သောကြောင့် အဇာတ နိဗ္ဗာန်ဟူ၍လည်း သိနားလည်နိုင်သည်။

ဤတွင် ပုထုဇဉ်တို့သည် ဘ၀များစွာ သံသရာ တစ်ပတ်လုံး ပရမတ်နိဗ္ဗာန်ကို တခါတရံမျှ မတွေ့မြင်ခဲ့ ကြရ၊ သောတာပတ္တိမဂ်သို့ ဆိုက်ရောက်သော အခါမှသာ တွေ့မြင်ကြရသည်။ ထို ပရမတ် နိဗ္ဗာန်ကို စ၍ တွေ့မြင် ရသောအချိန်ကာလသည် ပရမတ် နိဗ္ဗာန် စ၍ဖြစ်ပေါ်သော အချိန်ဟု မယူအပ်။

ထို့ကြောင့်လည်း ပရမတ်နိဗ္ဗာန်သည် သောတာပတ္တိမဂ်သို့ ရောက်သောအခါမှစ၍ ဖြစ်ပေါ်လာသော တရားမျိုးလည်း မဟုတ်ရုံမျှမက ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့ အကြွင်းမဲ့ ချုပ်ငြိမ်းပြီးသည်၏ အခြားမဲ့မှစ၍ ဖြစ်ပေါ်လာသော တရားမျိုးလည်းမဟုတ်။ မည်သည့်ကမ္ဘာ မည်သည့်ဘုရားလက်ထက် မည်သည့်ကာလမှ စ၍ဖြစ်ပေါ်လာရသော တရားမျိုးလည်း မဟုတ်။ အမြဲထာဝရ တည်ရှိနေသော နိစ္စ၊ ဓူဝ သဘောတရားသာ ဖြစ်၏။

တနည်း ဘင်၏အစွမ်းဖြင့် ပျက်စီး ရွေ့လျောခြင်း အလျှဉ်းမရှိ။ ခပ်သိမ်းသော စတုဘုမ္မိက သင်္ခါရ တရားတို့၏ ပျက်စီးတတ်သော အဓူဝ၊ အနိစ္စ သဘောတို့ထက် လွန်ကဲထူးမြတ်လှပေ၏။ ချမ်းသာခြင်း၏ အကြောင်းလည်းဖြစ်၏။ ထို့အပြင် ကိလေသာဝဋ်၊ ကမ္မ၀ဋ်၊ ၀ိပါက၀ဋ်ဟူသော ၀ဋ်ဒုက္ခ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေ၀၊ ဒုက္ခ၊ ဒေါမနဿ၊ ဥပါယာသ၊ အပီယေဟိ သမ္ပယောဂေါ၊ ပီယေဟိ ၀ိပ္ပယောဂေါ စသော ဒုက္ခတို့၏ အသစ်တဖန် မဖြစ်ပြန်ခြင်းဟူသော ကုန်ပြတ်ချုပ်ငြိမ်းခြင်းဟု ဆိုနိုင်သေး၏။ မီးဖြင့် ဖုတ် လှော်အပ်သော မျိုးစေ့သည် အညှောင့်အညွှန့် ပင်စည်ခက်မ စသည်တို့ ပေါက်ရောက်နိုင်စွမ်း မရှိသကဲ့သို့ ကိလေသာ အာလာယသဟဲ ပေးမှုမှ ခန်းခြောက်သည်ဖြစ်၍ ပဋိသန္ဓေ အကျိုးပေးခြင်းငှာ မစွမ်းတော့ချေ။

နိဗ္ဗာန်သည် ရာဂက္ခယော ဟုဆိုရာ၌ ရာဂ အနုသယ၏ အစွမ်းကြောင့် ရုပ်နာမ်တို့၏ သန္တာန်တွင် တရစပ်ဟု ဆိုအပ်သကဲ့သို့ ကိန်းနေသော ရာဂကို အရိယာမဂ်ဖြင့် ပယ်အပ် ပိုင်းဖြတ်ပြီးသည်၏ အဖြစ်ကြောင့် ကုန်ခြင်းဖြစ်သည်။ ရာဂမဖြစ်ပေါ်တော့ခြင်း ကုန်ဆုံးချုပ်ငြိမ်းသွားခြင်း ဖြစ်သည်။ တဖန် မဖြစ်ပေါ် နိုင်တော့ခြင်းဖြစ် သည်။

ဤသို့သော တဏှာကုန်ဆုံးသော ဒုက္ခခပ်သိမ်းကင်းငြိမ်းသော ဘေးရန်တို့၏ နှောင့်ယှက်ခြင်းမှ ကင်းလွတ်သော အပူမီးတို့ မလောင်မြိုက်နိုင်သော ငြိမ်သက်သော စစ်မှန်သော ချမ်းသာမှုနှင့်ယှဉ်သော မပြုမပြင်ရဘဲ အပျက်တရားမှ ကင်းလွတ်အပ်သော နိဗ္ဗာန်ချမ်းသာမြတ်ကို ကိုယ်တိုင်တွေ့ ကိုယ်တိုင်သိ ကိုယ်တိုင် မျက်မှောက်ပြု စံမြန်းနိုင်ရန် ကျင့်ကြံကြိုးစား အပ်သည်သာတည်း။

နိဗ္ဗာန်အကြောင်း ဆင်ခြင်ပြီးနောက် တရေးနိုးလာသောအခါ များစွာမှ နှလုံးစိတ်ဝမ်း ချမ်းမြေ့လျက် ရှိပေသည်။ ထို့ကြောင့် မျက်နှာသစ်ပြီးလျှင်ပြီးခြင်း အလုပ် လုပ်လိုက်လေသည်။ အလုပ် လုပ်ရသည်မှာ လွန်စွာမှ ချမ်းသာဘွယ် ကောင်းလှပါပေ၏။ လူသူနှင့် ကင်းဝေသော တောတောင် လှိုဏ်ဂူတွင် အရုဏ်မကျင်းမီ လွန်စွာမှ တိတ်ဆိတ်ငြိမ်သက်လျက်ရှိရာ အလုပ်စခန်းဝင်၍ အကောင်းဆုံးသော အခြေအနေမှာပင် ဖြစ်ပါသည်။ သိပ်သိပ် သည်းသည်းနှင့် ချမ်းမြေ့လှသော သဘောကို တွေ့ရသည်။ အားမလို အားမရ ရှိလှ၍ ထပ်မံဆင်ခြင်ကြည့်ရာ ပိုမိုချမ်းမြေ့သော သဘောကိုသာ တွေ့ရပြန်သည်။ ထိုအခါ သုခမျိုးစုံ စုပုံနေခြင်းဟူသော စကားကို သွား၍ အမှတ်ရတော့သည်။ လူသာမန် တစ်ဦးအဖို့ မဖြစ်နိုင်သော မရောက်နိုင်သော မ၀န့်နိုင်သော  လှိုဏ်ဂူညချမ်း အချိန်အခါတွင် တစ်ပါးတည်း ဘုရားရင်ပြင်တော်ပေါ်၌ လွန်စွာမှ ချမ်းချမ်းမြေ့မြေ့  ရှိနေပုံမှာ ရတနာမြတ်သုံးပါး တရားတော်မြတ်၏ ကျေးဇူးတော်၊ ကုသိုလ်တော်ပင်ဖြစ်ပါသည်။ စိတ် ဉာဏ်တို့သည် ချမ်းမြေ့ အေးငြိမ်းလျက်ရှိရာ ကြောက်ရွံ့ခြင်း လှုပ်ရှားခြင်း ချောက်ချားခြင်း ငြီးငွေ့ခြင်း တို့သည် ဆိတ်သုဉ်းကုန်ခဲ့ပြီတည်း။ အခြား အကြောင်းမှာလည်း ဘာတစ်ခုမျှ အကြောင်းပြုစရာ မရှိသဖြင့် နိဗ္ဗာန် အကြောင်းကိုပါ ထိုးထွင်းဆင်ခြင် နေလိုပေသည်။

နိဗ္ဗာန်သည် လွန်စွာမှ ချမ်းသာအေးငြိမ်းသော ဓာတ်ဖြစ်ရမှာပါတကား။ ချုပ်ငြိမ်းခြင်းနှင့် အေးငြိမ်း ချမ်းသာမှုတို့ကို ရမည်။ သိပ်သည်းစွာ ပေးအပ်သောဆုလာဘ် ရတနာမျိုး ဖြစ်ပေမည်တည်း။ ဒုက္ခဟူသမျှ ချုပ်ငြိမ်းသဖြင့် ချမ်းသာရသလို ချမ်းသာခြင်းမျိုးစုံ ရှိနေသောကြောင့်လည်း ချမ်းသာနေသည်ပင်။ အေးမြချမ်းသာလျက် ဉာဏ်ပညာ၏ မရောင့်ရဲနိုင်သော ဆင်ခြင်လိုမှုကို အနှောက်အယှက်ကင်းလွတ်စွာ ရနိုင်ပေပြီ။

၃၁ ဘုံမှဝေးသော၊ ရုပ်နာမ်မှဝေးသော နိဗ္ဗာန်တွင် ၃၁ ဘုံ၏ အပူမီးသည်၎င်း၊ ရုပ်နာမ်၏ အညစ်အကြေးသည်၎င်း၊ အငွေ့အသက်မျှပင် မကပ်မိချေ။

လူရိပ် လူငွေ့ ဝေးလှသော ဤလှိုဏ်ဂူတွင် ၃၁ ဘုံမှ ဝေးလှသော နိဗ္ဗာန်အကြောင်း သိကောင်းစရာ ဆင်ခြင်ရသည်မှာ ထူးခြားသော အေးမြချမ်းသာမှုကို ရရှိခံစားရပေသည်။ ကိလေသာ အငွေ့ကင်းဝေးသော နေရာအရပ်သည် ကိလေသာမှ လွတ်ငြိမ်းသော နိဗ္ဗာန်အကြောင်းကို ဆင်ခြင်၍ ကောင်းလှပါဘိသည်။

ကိလေသာ မရှိမှ ကိလေသာချုပ်နိုင်သည်။ နိဗ္ဗာန်သည် ကိလေသာချုပ်ရာမှာ ရှိ၏။ ထို့ကြောင့် နိဗ္ဗာန်ရအောင် ကိလေသာတို့ ဖြစ်ပေါ်ပေးရမည်ဟု ငမိုက်သားတို့ အယူမှားပုံမှာ တက်တက်စင် လွဲကြပေတော့ သည်။ ကိလေသာအား မခွာနိုင်၍ ကိလေသာနား ရစ်ဝဲကာပြောကြသော စကားများသည် တက်တက်စင် အောင်ပင် လွဲနေကြသည်။

အရိယာတို့သည် ကိလေသာချုပ်ငြိမ်းပြီးနောက် ချုပ်ငြိမ်းသည်ထက် ချုပ်ငြိမ်းရာ ကိလေသာ အပူမီးမှ ဝေးသည်ထက် ဝေးရာသို့သာ ဉာဏ်အရာ ထိုးထွင်းဆင်ခြင်နေကြမည်ကို မျက်ကန်းတို့ သိနားလည်နိုင်စရာ အကြောင်းမရှိချေ။ ချုပ်ငြိမ်းသည်၏ ထိုတဖက်မှ ကိလေသာနှင့် လွန်စွာဝေးလေ ကောင်းလေ မဟုတ်ပါလော။ အငြိမ်းဓာတ် ပိုင်ရှင်သည် မည်သည့်အပူမီးကို ပြန်စောင်းငဲ့ လှည့်ကြည့်လိုပါမည်နည်း။ စက်ဆုပ်၍ စွန့်ပစ်ခဲ့ပါသော မစင်ကို ပြန်လည်ခုံမင် တွယ်တာနှစ်သက်စရာ အကြောင်းမရှိတော့ချေ။ ပိုးဖလံမျိုးမှသာ မိုက်တွင်းနက်၍ မီးကို တိုးမည် မဟုတ်ပါလော။ ပျားပိတုန်းသည် ပန်းဝတ်ရည်ကို စားသုံးမှီဝဲပေလိမ့်မည်။ ပညာရှိ သူတော်စင်တို့သည် အညစ်အကြေးကင်းစင်ရာ နိဗ္ဗူတာသို့ ညွတ်နေလိမ့်မည်။ နိဗ္ဗာန်၏ ချမ်းမြေ့ခြင်း နှစ်လိုဘွယ်ရှိခြင်းတို့ကို ဉာဏ်သက်ဝင် ဆင်ခြင်နေလိမ့်မည်။ နိဗ္ဗာန်ချမ်းသာသည်သာ အမြတ်ဆုံးဖြစ်သော ချမ်းသာစစ် ချမ်းသာမှန်ပင် မဟုတ်ပါလော။ ချမ်းသာခြင်း၏ နောက်ကွယ်၌ ဘာရှိရဦးမည်နည်း။ ချမ်းသာပြီးရင်း ချမ်းသာခြင်းသာ တသားတည်း ဖြစ်ပေါ်နေလိမ့်မည် မဟုတ်ပါလော။ သတိဉာဏ်ရှင်သန် ဆင်ခြင်သိနေသမျှ ကာလပတ်လုံး ချမ်းသာမှုသည် လျော့နည်းနိုင်စရာ ရှိပါဦးမည်လော။

အော် . . . သာသနာတော်၏ အရိပ်အာဝါသသည်သာ အေးမြကြည်လင်၍ ခိုလှုံချင်စဘွယ် ပြည့်ဝနေခြင်းဖြစ်သည်။ သံသရာ၏ ဟိုတဘက်မှာ ကိလေသာတို့၏ ကုန်ဆုံးလွန်မြောက်ရာမှာ နိဗ္ဗာန်နဓာတ် မြတ်သောစံရာ ကျွန်းရိပ်သာသည် ထာဝစဉ် ငြိမ်းအေး ငြိမ်သက်စွာ တည်ရှိနေလိမ့်မည်သာတည်း။

ဗုဒ္ဓမြတ်စွသြည် တဏှာကုန်ရာ နိဗ္ဗာန်နန်းသို့ စံမြန်းတော်မူခဲ့ပေပြီ။ ရဟန္တာ အရှင်သူမြတ်များ သည်လည်း တဏှာကုန်ခန်း နိဗ္ဗာန်နန်းသို့ စံမြန်းတော်မူခဲ့ကြပေပြီ။

အကျွန်ုပ်တို့သည် အဘယ်ကြောင့်လျှင် ဤမည်သော လောကီနွံပျောင်း ကိလေသာဝဲဂယက် ရေစီးချောင်းမှ တပြောင်းတပြန် နစ်မွန်းရန်ကို ဆန်မတက်လို ရေသာခိုကြပါမည်နည်း။ ၀ဲသြဂ ဤသံသရာမှ မြန်မကြာဆန်တက်၍ တဏှာခန်းရာ ကမ်းသာယာအထိ လှမ်းကာ တက်ကာ ကူးမြောက်ကာဖြင့် မြင့်ရာမြတ်ရာ နိဗ္ဗူတာသို့ ကြည်သာရွှင်လန်း ဉာဏ်စခန်းဖြင့် မှန်းမျှော်ဆိုက်ဆိုက် စံမြန်းထိုက်ကြပြီ မဟုတ်ပါလော။

 

(စာပေခွင့်ပြုချက်အမှတ်-၁၁၀၃၂/၁၉၇၈-ခုနှစ်၊ ဇွန်လ)
ဆက်လက်ဖော်ပြပါမည် –
Admin (www.chitnge.com)

This entry was posted in Buddhism and tagged , , , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *