မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ

Share

မြန်မာနှင့်ကမ္ဘာသာသနာပြုရာ၌ကွာခြားချက်များ

ဗုဒ္ဓဘာသာသာ သာသနာပြုပုဂ္ဂိုလ်များ ဓမ္မကထိကများသည် မြန်မာနိုင်ငံ၌ တရားဟောရသော တာဝန်ကိစ္စ များ၌ လွယ်ကူသည်ဟု သုံးသပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ပရိသတ်များသည် ဟောသမျှကို သာဓုခေါ်ရန် အစဉ် ၀င်စားနေကြသည်။ မည်သည့်တရားဟောဟော ဓမ္မကထိက တစ်ဦးဦးက – “သတည်း” ဟု  အဆုံးသတ်လိုက်လျှင် “သာဓု .. သာဓု .. သာဓု” လို့ခေါ်ကြလေ့ရှိသည်။

ထို့ကြောင့် ဟိုးယခင်ခေတ်က ဆရာတော်တစ်ပါးသည် —

“မြန်မာနိုင်ငံအား အင်္ဂလိပ်များက အုပ်ချုပ်လွှမ်းမိုး လေတော့သတည်း” ဟု ဟောရာ

ပရိသတ်ကြီးက —-

“သာဓု .. သာဓု .. သာဓု”

သာဓုတခဲနက်ခေါ်သဖြင့် ဘုန်းကြီးက ပြန်၍ငေါက်ရသည်ဟု ကြားရသည်။

“ဟဲ့ ! တကာ တကာမတို့ ဒါသာဓုခေါ်ရမယ့်အကြောင်းအချက်ဟုတ်ရဲ့လား” ဟု

ဆိုမိန့်ဖူးသည်ဟု ကြားဖူးလေသည်။ ထို့ကြောင့် မြန်မာပရိသတ်များသည် သာဓုခေါ်ရန် လွန်စွာ ထက်သန်သည်၊ အသင့် ဖြစ်နေကြသည်။ ဟော သမျှပြောသမျှကို နားလည်သည်ဖြစ်စေ နားမလည်သည် ဖြစ်စေ သာဓု ခေါ်လွယ်ကြသည်။ ပဌာန်းဒေသနာ တော်လောက် ခက်ခဲနက်နဲသည်ပင်ဖြစ်စေ နားလည်သည်ဖြစ်စေ နားမလည်သည်ဖြစ်စေ သာဓုခေါ်လွယ် ကြသည်သာ ဖြစ်သည်။

၌ သာသနာပြုရာတွင် စဉ်းစား၊ ၀င်စား၊ ချိန်ဆသော ပရိတ်သတ်သည် သာဓု မခေါ်လွယ်ကြချေ။ ၄င်းတို့သည် သာဓုခေါ်မည့်အစား လက်ညိုးထောင်ကာ “Question” ဟု တောင်းဆိုလေ့ ရှိကြသည်။ မိမိကိုယ်တိုင် ထို ကဲ့သို့သော တောင်းဆိုချက်များအား မကြာခဏ တွေ့ခဲ့ရဖူးသည်။ ထို့ကြောင့် ထိုသို့ “Question” ဟု တောင်းဆိုသောအခါ မြန်မာနိုင်ငံနှင့် မတူသဖြင့် သာသနာပြု ပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံလို ထင်မှတ်ကာ မိမိပြောသမျှ သာဓုခေါ်လိမ့်မည်ဟု အောက်မေ့ထားက မှားပေလိမ့်မည်။ အခါအားလျှော်စွာ ၄င်းတို့ နားမလည်၍ ဖြစ်စေ၊ ၄င်းတို့စဉ်းစားကြည့်ရာ ရှေ့နောက် မညီညွတ်နိုင်လို့ဖြစ်စေ “Question” ဟုမေးလျှင် မေးခွင့်ပြုနိုင်ရ လေသည်။ “Question” ဟု လက်ညိုးထောင်သောအခါ မေးခွင့် မပြုပါဟုဆိုလျှင် ယင်းပရိသတ်တို့သည်။ ကျေနပ်နိုင်လိမ့်မည်လည်း မဟုတ်ပါ။

ထိုမှတဖန် အခြားတဖက်၌ သူတို့သည် များသောအားဖြင့် ဒီဘ၀ဒီမျှသာဟု ယူဆသော ဥစ္စေဒဒိဌိ အတွေးအခေါ် ဖက်သို့ ယှဉ်သည်။ သူတို့သည် ဒီဘ၀ တိုတိုကလေးပဲ ရှင်သန်ရမည်ဖြစ်သဖြင့် အချိန်သည် အရေးကြီးသည်ဟု ပြောလေ့ရှိသည်။ ထို့ကြောင့် အရေးကြီးသော အချိန်ကိုပေး၍ တရားနာရသည်ဖြစ်ရာ သူတို့ စိတ်တိုင်းကျ ဗဟုသုတ မရလျှင် သူတို့၏အချိန်ကို အကုန်ခံလိမ့်မည် မဟုတ်ပါ။

စည်းရုံးရေးနှင့် လူမှုရေး အထိုက်အလျှောက် မြန်မာပရိသတ်များကိုမူ ပြောဟောက လွယ်ကူနိုင်ကောင်း လွယ်ကူ နိုင်ပေလိမ့်မည်။ ကမ္ဘာသို့ တရားဟော သာသနာပြုကိစ္စများနှင့်ပတ်သက်၍မူ မြန်မာနိုင်ငံကဲ့သို့ မလွယ်ကူချေ။ မေးခွန်းများ အမေးခံရတတ်သည်။ အခါအားလျော်စွာ ဒါ အရှေ့တိုင်း ပညာတွေလား အနောက်တိုင်း ပညာတွေရော ဆည်းပူး လေ့လာထား ပါသလား? နှိုင်းယှဉ်တင်ပြ နိုင်ပါသလား? ဟူသော မေးခွန်းများ မေးခဲ့ဖူးကြလေသည်။ ထို့အခါ ဓမ္မကထိကများသည် အနောက်တိုင်း ပညာများကိုတော့မူ မလေ့လာပါဟု ပြောလျှင် ထိုသို့ နှိုင်းယှဉ် မလေ့လာနိုင်ပါလျှင် အချိန်ကုန်ခံ၍ နားထောင်ရန် အခက်အခဲရှိ ပါသည်ဟု ပြန်လည် တုန့်ပြန်သော စကားများ ကြားဖူးလေသည်။

ထို့ကြောင့် ကမ္ဘာသို့ သာသနာပြုလိုသော ပုဂ္ဂိုလ်တို့သည် အမေးအမြန်း ခံနိုင်ရမည်။ ထိုသို့ အမေးအမြန်း ခံနိုင်ရန်မူ စာသိသာမက လက်တွေ့ကျင့်ကြံထားသော အတွေ့အကြုံရှိမှသာလျှင် ပြန်လည်ဖြေကြားရာ၌ အဆင်ပြေနိုင်သည်။ ၄င်းတို့ ကျင့်ကြံအားထုတ်သောအခါ မည်ကဲ့သို့ တွေ့ပါသည် မည်ကဲ့သို့ခံစားရပါသည် ဟုပြောသောအခါ ကိုယ်က စာအုပ်ကြီးနှင့် မှီး၍ ဖြေရှင်းခြင်း၌ အောင်မြင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သာသနာပြုပုဂ္ဂိုလ်တို့သည် ၊ ပဋိဝေဒ စသော ကျန်သာသနာများကိုလည်း အထိုက်အလျှောက်ဖြစ်စေ၊ အတော်အသင့်ဖြစ်စေ ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း တွေ့ကြုံ လေ့ကျင့်ဖူးမှသာ ကမ္ဘာ့သာသနာပြုရေးရာ၌ အောင်မြင်ရန် မျှော်လင့်နိုင်လေသည်။

“လူမှုဆက်ဆံရေးနှင့် မြန်မာများဆင်းရဲလို့ လှူကြပါဦး တန်းကြပါဦး” ဟု ဒေါ်လာ အလှူခံခြင်းကိစ္စမျိုးကိုမူ မပြောလိုပေ။ ထိုကိစ္စမှာ သာသနာပြုခြင်းမဟုတ် အလှုခံခြင်းသက်သက်ဖြစ်၍ ထို့နောက် မကောင်းတတ် သည်မှာ — “မြန်မာများ ဆင်းရဲနွမ်းပါးနေပါသည်” ဟူသောစကား အကြိမ်ကြိမ်ပြော၍ မြန်မာ အခက်အခဲများ၊ မြန်မာ အသုံးမကျမှုများ၊ မြန်မာ အားနည်းချက်များကို ထုတ်ဖော်ကာ အလှူခံခြင်းသည် ချီးကျူးဖွယ်ရာတော့ မဟုတ်ချေ။ သို့သော် ဒေါ်လာများတော့ ရနိုင်တတ်ပါသည်။ တကယ်ချီးကျူးဖွယ်ရာမှာ မြေလှန်၍ သာသနာပြုနိုင်မှသာ ချီးကျူးအပ်လေသည်။

၎င်းတို့၏ အယူအဆ ဘ၀နှင့်ပတ်သက်၍ ခံယူချက်များ ပြောင်းလဲကာ ၀င်မှသာလျှင် ထိရောက် နက်နဲနိုင်လေသည်။ သာမန်အားဖြင့် လူမှုရေးဆက်ဆံသကဲ့သို့ အပေါ်ယံဆက်ဆံရုံမျှနှင့်မူ သာသနာပြုရာ မရောက်ဘဲ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာသာ ကျနိုင်သည်။

ထို့ကြောင့် အမှန်တကယ် သာသနာ ချစ်မြတ်နိုးသူတို့သည် တကယ် ၏ သာသနာကို ကမ္ဘာပြန့်လိုသူတို့သည် အကျင့်ပိုင်းနှင့်ပါ ကျင့်ကြံအားထုတ် ထားမှသာလျှင် အရာရာ ဖြေရှင်း အောင်မြင်နိုင်မည်ဟု မြင်မိပေသည်။ လက်တွေ့နည်းအားဖြင့်လည်း အမေးအဖြေနှင့် ဆွေးနွေးပွဲများ ပြုလုပ်တတ်သော ကမ္ဘာ့သုတေသန ပုဂ္ဂိုလ်များသည် တဖက်စောင်းနင်း ပြောသမျှ သာဓုခေါ်၍ လက်ခံရမည် ဆိုသည်ကို အလွယ်တကူ သဘောတူညီလိမ့်မည် မဟုတ်ချေ။

ထို့ကြောင့်သာသနာချစ်သော မျိုးချစ်ပုဂ္ဂိုလ်များ၊ သာသနာချစ် တိုင်းပြည်ချစ်သော ပုဂ္ဂိုလ်များသည် မိမိတို့ဖက်မှ ဘက်စုံအောင် အရည်အချင်း ဖြည့်စွက်ထားရန် လိုအပ်မည်ဟု ယူဆမိပေသည်။ ဤသို့ အကြံအဉာဏ်ပေးရသည်မှာ သာသနာပြုလိုသော စေတနာအား တန်ဖိုးထား၍ သာဓုခေါ်လိုသော သဘောကြောင့် အကြံပေးရခြင်း ဖြစ်လေသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *