အရိယာသူတော်စင်ဖြစ်ဖို့အတွက်ကျင့်စဉ်

Share

အရိယာသူတော်စင်ဖြစ်ဖို့အတွက်ကျင့်စဉ်

တရားကျင့်တယ်ဆိုတာတော့ မဇ္ဈိမပဋိပဒါ အလယ်အလတ်လမ်းစဉ်ပါပဲ .. ..

တစ်ချို့ကလည်း သိပ်ခက်တယ်ထင်ပြီး မလုပ်ကြဘူးပေါ့နော်၊ တစ်ချို့ကလည်း လွယ်တယ်ဆိုပြီးတော့ နည်းစနစ် မှားယွင်းစွာ ကျင့်သုံးကြတယ်ပေါ့။ ဒီကြားထဲမှာ နည်းစနစ်လည်း မှန်ရမယ်၊ မဖြစ်နိုင် လောက်အောင်လည်း မခက်ခဲဘူးဆိုတဲ့ အခြေနေရှိပါတယ်။ အဲဒါဘာလည်းဆိုတော့ ရိုးရိုးလေးပါပဲ တင်ပြရရင်တော့ .. ရှုတာပါပဲ

“ပေါ်စိတ် အနိစ္စရှုတယ်” ဆိုတာ ဒါ ပြည့်စုံတာပါပဲ။ လုံးဝပြည့်စုံတယ်၊ ပေါ်စိတ်အနိစ္စရှုရင်းနဲ့ ဖြစ်သွားမှာပဲ။

ဒီတော့ တရားမှာ သဘောတရားရယ်၊ လက်တွေ့ရယ်၊ အကျိုးအမြတ် ခံစားမှုရယ် ဆိုတော့ .. ..

*သဘောတရားရေးရာဆိုတာ ပေါ်စိတ်  အနိစ္စရှုတယ်ဆိုတာနဲ့ ပြီးသွားပါပြီ – ဒါ သဘောတရားရေးရာ။

*လက်တွေ့ရှုတယ် ဆိုတာကတော့ – ရှုဖို့ပဲ၊ လက်တွေ့ပိုင်းကတော့ တော်တော့်ကို အရေးကြီးပါတယ်။ လက်တွေ့ရှုရင်ကို ပြီးပါတယ်။

ဒီတော့ တရားကိစ္စမှာ ပြီးချင်သလား? မပြီးချင်ဘူးလား? ကိုယ့်ဖာသာကိုယ် မေးခွန်းထုတ်လို့ကို ရတယ်။ ပြီးချင်တယ်ဆို လက်တွေ့ အနိစ္စရှုဖို့ပဲ – ဒါပဲ ပေါ်စိတ်အနိစ္စရှု။ တစ်ချို့ကလည်း တစ်နာရီရှုမှလို့ နာရီဝက်မှလို့ ယူဆကြတယ် – ကျွန်တော် သိတာပြောရမယ် ဆိုရင်ကတော့ –  .. (၅) မိနစ် ရလည်းရှုပါ၊ (၁၀) မိနစ်ရလည်း ရှုပါ၊ နည်းရောင်း များရောင်း တောင်းပြည့်ပါပဲ။ အနိစ္စရှုတာဟာ သိပ်မြင့်မြတ်တဲ့ ကျင့်စဉ်ပါ။ ဒါ အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ကျင့်တဲ့ကျင့်စဉ်လို့ သူတော်ကောင်းတွေ မိန့်ဖူးပါတယ်။ ဒီတော့ ပေါ်စိတ်အနိစ္စရှုတာပဲ .. .. ဒီတော့ ပြီးသွားပြီ – တရားကျင့်နည်းလည်း တတ်သွားပြီလေ – ဒီတော့ ကျင့်ချင်တဲ့အချိန် ကျင့်ရုံပါပဲ၊ လစ်တဲ့အချိန်ကျင့်၊ ဘယ်အချိန်ကျင့်ကျင့် ရတယ် ဒါကတော့ ဘာမှ အထူးပြောစရာ မလိုပါဘူး၊ အရမ်းတိုးတက်ချင်ရင်ကတော့ ဖြတ်ရတယ်။

ဒီနေရာမှတော့ ရိပ်သာတွေမှာ “မှတ်တယ် မှတ်တယ်” ဆိုတာ မှားနေပါတယ်။ ဒါ ၀ိပဿနာလိုင်းကို တကယ်လို့ တက်ချင်ရင်ပေါ့လေ။ ‘မှတ်တယ်’ ဆိုတာ မသုံးဘဲနဲ့ ‘ရှုတယ်၊ ပယ်တယ်၊ စွန့်တယ်၊ ပိုင်းခြားတယ်၊ ၀င်စားတယ်၊ မျက်မှောက်ပြုတယ်၊ ထိုးထွင်းတယ် .. ..’  ဒီလိုပဲ သုံးပါတယ် ၀ိပဿနာ နယ်ကတော့။ ‘မှတ်တယ်’ ဆိုတဲ့ အဆင့်က ခပ်ညံ့ညံ့သမထလိုင်းက ကျင့်တဲ့ ကျင့်စဉ်သာမညလောက်ပါ။ အဲဒီလောက်နဲ့ကတော့ မရဘူး။ အဲဒီလောက်နဲ့ကတော့ နိုင်ငံခြားကိုတောင် ကိုယ်ကမီမှာမဟုတ်ဘူး၊ နောက်ကျသွားလိမ့်မယ်၊ သူတို့က အရမ်းမှတ်တတ်တယ်၊ အခုအခါမှာဆိုရင် မှတ်တတ်တဲ့ ကိရိယာ တန်ဆာပလာတွေက ပေါ်နေတော့ မှတ်တာက အရမ်းမှတ်တတ်ပါတယ်။ စာကြည့်တိုက်ကြီး တစ်တိုက်လုံးကိုတောင်မှ (Memory Stick) လေးတစ်ခုနဲ့ မှတ်လို့ရနေတဲ့ အခြေအနေမှာဆိုတော့ မှတ်တယ်ဆိုတာက စက်ရဲ့အလုပ်ပါပဲ အသိဉာဏ်ရှိတဲ့ လူသားရဲ့အလုပ်က ရှုရမယ်၊ ပယ်ရမယ်၊ သတ်ရမယ်၊ ဖြတ်ရမယ်၊ ပိုင်းခြားရမယ်၊ စွန့်ရမယ်၊ မျက်မှောက်ပြုရမယ်၊ ၀င်စားရမယ်၊ ထိုးထွင်းရမယ် . . . ဒါတွေဟာ ၀ိပဿနာရဲ့အလုပ်ပါ။

ဝိပဿနာအလုပ်လုပ်ရင် ဒါတွေကို သုံးရပါတယ်၊ ဒါကြောင့် မှတ်တယ်ဆိုတာဟာ ၀ိပဿနာ နယ်ပယ်မှာ မသုံးအပ်တဲ့အတွက် ၀ိပဿနာလို့ အမည်ခံရင်တော့ မှတ်တယ်ဆိုတဲ့ စကားလုံး မသုံးဘဲနဲ့ တရားဆင်ခြင်တယ်၊ ရှုသတ်တယ်- ဒီလိုပဲ သုံးနှုန်းလို့ရပါတယ်။

နောက်ပြီးတော့လည်း တရားကတော့ လူတွေရှေ့မှာ ‘သွားတယ် သွားတယ်၊ လှမ်းတယ် လှမ်းတယ်၊ လာတယ် လာတယ်’ လုပ်နေရတာက တကယ်တော့ သိပ်ချီးကျုးအပ်တဲ့ ကျင့်စဉ်လို့ ပြောလို့မရပါဘူး၊ တရားက ကိုယ့်ဖာသာကိုယ် အလုပ်လုပ်ရတာ၊ ကိုယ့်ဖာသာ ကြိတ်ပြီးအလုပ်လုပ်ရင်လည်း လုပ်ရတယ်၊ ဒါမှမဟုတ် သာဓုခေါ်အောင် ပြောရင်တော့ ပြောရပါတယ်။ လူတွေရဲ့ရှေ့အမြင်မှာ ‘ကြွတယ် ကြွတယ်၊ လှမ်းတယ် လှမ်းတယ်’ လုပ်နေတာ နိုင်ငံခြားက တော်တော် အထင်သေးကြတယ်၊ “ဒါဘာလုပ်တာလဲ?” လို့ အမေးခံရတယ်။ သူတို့ထက် စစ်သားတွေက ပိုမတော်ဘူးလား? လို့ အပြောခံရတယ်။ စစ်သားတွေက သူတို့ထက် ပိုလှမ်းတတ်တယ်၊ သူတို့ထက် ပိုညီတယ်ပေါ့ .. .. ဒီလိုဖြစ်လာတယ်။

ဒီတော့ တရားဟာ ပြဖို့မဟုတ်ဘူး၊ ၀ါကြွားဖို့လည်း မဟုတ်ဘူး၊ ၀င့်ဝါဖို့လည်း မဟုတ်ဘူး၊ ကိုယ်ရှုတတ်ဖို့နဲ့ ကိုယ်ရှုတဲ့အခါ ကိုယ့်မှာအသိဉာဏ်ပညာတိုးပြီး အမြတ်ရဖို့ပါပဲ .. .. ဒီသဘောပါ။

ဒီတော့ အဲဒါလေးတွေကို သတိထားရမယ်ပေါ့လေ – သတိထားစေချင်တဲ့ သဘောပါ။ သတိထားရင် ရပါတယ်။ တရားကိုလိုက်စားနေကြတာပဲ သာဓုကိုခေါ်ချင်တယ်။ တရားလိုက်စားနေကြရင် ဘာမှအထူးကို ပြောစရာမလိုဘူး၊ ဒီ ပေါ်စိတ်အနိစ္စရှုပြီး အလုပ်လုပ်ဖို့ – ဒါပဲ၊ ဒီတော့ လိုက်စားကြပါ၊ တရားလည်း ရှုကြပါ၊ ဆင်ခြင်ကြပါ၊ ပိုင်းခြားကြပါ၊ ပြတ်သားကြပါ၊ စွန်တာကတော့ အကောင်းဆုံးပဲ၊ စွန့်ရင်ပြီးတာပါပဲ။ စွန့်လို့ရှိရင် ဒါက ပါဝါတက်တယ်၊ စွန့်ခြင်းက ပါဝါတက်တာပဲ။ ဒါကိုလည်း ထပ်ပြောဦးမယ် ‘စွန့်နိုင်လေလေ ပါဝါတက်လေ’ ပဲ။ ပါဝါတက်တဲ့အခါ အဲဒီပါဝါကနေ အသိဉာဏ်ရောက်ပြီး ဉာဏ်က ခန္ဓာကနေခွာလိုက်ရင် ဒါ အရိယာဖြစ်တာပါပဲ။ ဒီတော့ သိပ်ခက်တဲ့ ကိစ္စမဟုတ်ဘူးလို့ ပြောရင်လည်းရတယ်၊ ဒါပေမယ့် နည်းစနစ် မှန်ကန်ဖို့တော့ လိုတယ်ပေါ့။

ကျွန်တော့်အနေနဲ့ကတော့ သူတော်ကောင်းကြီးတွေက မိန့်မှာတော် မူခဲ့ဖူးတော့ အဲဒါကို ခံယူရတော့ ကျွန်တော်က နားလည်နေတဲ့အတွက် တင်ပြတာပါ။ အားလည်းပေးပါတယ်၊ ကြိုးစားပါ ကြိုးစားရင် တက်တာပဲ – ဒါကတော့ ဒီခေတ်က ကြိုးစားရင် တက်တဲ့ခေတ်လို့ နားလည်ကြတဲ့ခေတ်ပါ။ အားလုံးဟာ နားလည်နေကြတာပဲ၊ ကြိုးစားရင် အောင်မြင်ရမှာပါပဲ။ ဒါကြောင့် အောင်မြင်ဖို့အတွက် သော့ချက်ကလေး ပြောလိုက်ပါတယ် “ပေါ်စိတ်အနိစ္စရှုပါ” ဒီကျင့်စဉ်ဟာ ပြည့်စုံလုံလောက်တဲ့ ကျင့်စဉ်ပါ၊ လုံးဝပြည့်စုံ လုံလောက်ပြီးတဲ့နောက် ဘုရားတွေကြိုက်တဲ့ အရိယာသူတော်စင်ဖြစ်ဖို့အတွက် ကျင့်စဉ်ဖြစ်ကြောင်း သတင်းကောင်းလေး ပါးပါတယ်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *