တရားရှုသည်ဆိုရာဝယ် .. ..

Share

 

တရားရှုသည်ဆိုရာဝယ် .. ..

တရားရှုသည်ဆိုသည်မှာ မှတ်သည်နှင့် မတူပါ .. ..

တရားအားထုတ်သူများ ဤအချက်ကို အနည်းငယ် သတိမူစေချင်ပါသည်။ မှတ်သည်ဆိုသည်မှာ ၀ိပဿနာ နယ်ပယ်၌ သုံးလေ့မရှိပါ။ တရားရှုမှသာလျှင် ၀ိပဿနာဘက်ကို ရောက်ပါသည်။ ထိုအခါ “ဘာနဲ့ရှုသလဲ?” ဆိုသော မေးခွန်းပေါ်လာပါသည်။

ဤနေရာ တင်ပြလိုသည်မှာ လူနာနှင့်ဆရာဝန် ဆိုပါစို့ (ဥပမာ ပေးခြင်းဖြစ်ပါသည်) လူနာက သူစားချင်ရာစား သူကြိုက်တာစားတော့ – ရောဂါနဲ့ တခြားစီဖြစ်ပြီး ရောဂါပဲတိုးနိုင်တယ်။ ဒါပေမယ့် သူက ရောဂါအကြောင်းလည်းမသိ၊ ခန္ဓာကိုယ်အခြေအနေကိုလည်း  နားမလည် – သူစားချင်တဲ့ အရာကို စားချင်ဖို့ပဲ တောင်းဆိုတတ်သည်၊ စားတတ်သည်။

ဆရာဝန်ဆိုသည်မှာ လူနာ၏ ရောဂါအခြေအနေကို သိသောကြောင့် လူနာနှင့်သင့်တော်သော လူနာ၌စွဲကပ်နေသော ရောဂါကို ပျောက်စေသောဆေးကို ကျွေးမည် – ဤကား ဆရာဝန်နှင့် လူနာ ကွာခြားချက်ပေတည်း .. ..

ထို့အတူ တရားရှုသောအခါ အရှုခံတရားသည် လူနာနှင့်တူသည်၊ ပေးထားသော ရုပ်နာမ်ဖြစ်ပါသည်။ ရှုသောတရားမှာ ဆရာဝန်ကဲ့သို့ ရုပ်နာမ်ကို နားလည်သော အသိဉာဏ်ဖြင့် ရှုရခြင်းဖြစ်သည်။ လူနာသည် မိမိရောဂါ ကိုမသိသဖြင့် မိမိစားလိုရာ စားသည်။ ထို့အတူ ၀ိပဿနာ မရှုတတ်သော ပုဂ္ဂိုလ်တို့သည် မိမိရုပ်နာမ်အတိုင်းပင် မှတ်သည်။ မှတ်သည်ဆိုသည်မှာ ၀ိပဿနာ၌ မရှိချေ .. .. ရိုးရိုးရှင်းရှင်း ပြောရလျှင်၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် – ၀ိပဿနာ အဆင့်၌ မှတ်ခြင်းမရှိ၊ ရှုခြင်းသာရှိသည် – ရှုခြင်း၊ ဆင်ခြင်ခြင်း၊ ပိုင်းခြားခြင်း၊ ပယ်စွန့်ခြင်း .. .. စသည်တို့သည် ၀ိပဿနာ နယ်ပယ်၌ သုံးနှုန်းရသော စကားများဖြစ်သည်။

မှတ်သည်ဆိုသည်မှာ အခြေခံ မူလဘူတ သမထနှင့်ရော၍ မှတ်ကြခြင်းဖြစ်သည်။ ရှုသည် ဆိုသည်မှ ရှုသောအသိဉာဏ်က အရှုခံဖြစ်သော ရုပ်နာမ်ကို ရှုခြင်းဖြစ်သည်။ ဤနေရာ၌ လူတစ်ယောက်တည်း ဖြစ်၍ – အရှုခံတရားလည်းလူ ရှုသောသဘောကလည်း ဒီလူကနေမှ ဘာသာ သာသနာကြည်ညိုသဖြင့်၊ ယုံကြည်သဖြင့် နှင့် တွဲဖက်၍ “အရိယာဆိုသည်မှာ ဤသို့ ဤသို့ .. .. ရှုမြင်ရသည်” ဟူသော အသိဉာဏ်ပညာကို ဦးဆောင်၍ ရှုမြင်ရခြင်းဖြစ်သည်။

ဤနေရာ၌ မိုးကုတ်ဆရာတော်ဘုရားကြီးသည် လွန်စွာ ကျေးဇူးတင်စရာ ကောင်းသည် – “ခန္ဓာဉာဏ်ရောက်” ဟု မိန့်တော်မူခဲ့သည်။ အမှန်မှာ ဟုတ်ပါသည်။ ခန္ဓာဉာဏ်ရောက် ရမည် – ခန္ဓာ ခန္ဓာရောက် မဟုတ်ချေ .. .. ခန္ဓာ ခန္ဓာရောက်မှတ်နေခြင်းသည် ‘လူနာက သူစားချင်ရာ စားသောသဘော’ ဖြစ်၍ ရောဂါကြီးထွားပြီး တစ်နေ့ ဒုက္ခရောက်မည်သာ ဖြစ်သည်။ ခန္ဓာဉာဏ်ရောက်မှ – ဉာဏ်ဟူသည်မှာ ဆရာဝန်နှင့်တူသည်။

ဆရာဝန်သည် ရုပ်နာမ် ခန္ဓာ၏သဘော သဘာဝကိုနားလည်သော အသိဉာဏ် ဦးစီးလျှက် ထိုရုပ်နာမ် သက်သာရာ သက်သာကြောင်းကို ဆေးကောင်းပေးသကဲ့သို့ – ၀ိပဿနာ အရာ၌လည်း ဉာဏ်ပညာဖြင့် ထိုရုပ်နာမ်ကို အနိစ္စရှုရသည်။

ထို့ကြောင့် ၀ိပဿနာရှုရာ၌ ခန္ဓာသည် အရှုခံတရားဖြစ်၍ ဉာဏ်သည် အရှုတရားဖြစ်သည်။ ထိုဉာဏ်ကို သာသနာမှရသည်။ ဆရာကောင်း သမားကောင်းက – “ သူတော်ကောင်းများသည် ဤကဲ့သို့ ရုပ်နာမ်အပေါ် နှလုံးသွင်းကြသည်၊ (၃၁) ဘုံ အပေါ် နှလုံးသွင်းကြသည်” ဟူ၍ အဆိုအဆုံးအမကို ယုံကြည် သက်ဝင်ကာ ‘ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာ’ ဟူသကဲ့သို့ ယုံကြည်သက်ဝင်ပြီး ထို သက်ဝင်သော ဉာဏ်၌အသိကပ်ကာ ခန္ဓာကို ရှုရခြင်းဖြစ်သည်။

ဤကိစ္စသည် လွန်စွာမှ လေးနက်ပါသည်။ မလွှဲမရှောင်သာ၍ ပွင့်ပွင့်လင်းလင်း ပြောရခြင်းဖြစ်သည်။ ထိုကြောင့် ၀ိပဿနာ၌ ‘မှတ်ခြင်း’ အရာသည် မရှိပါ။ ‘ရှုခြင်း’ အရာရှိပါသည်။ ထို့ထက် ပိုင်းခြားခြင်း၊ စွန့်ပယ်ခြင်း၊ ဖြတ်တောက်ခြင်း ..  .. စသော အရည်အချင်းများသည်  ၀ိပဿနာနှင့် ပတ်သက်ကြောင်း ရှင်းပြလိုပါသည်။

ဗုဒ္ဓစာပေဆုရ

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

 

This entry was posted in Buddhism and tagged , , , , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *