တိုးတက်ဖို့ဆိုရင် . . .

Share

တိုးတက်ဖို့ဆိုရင် . . .

တစ်ချို့ကလည်း ခေတ်မီတိုးတက်တဲ့ နိုင်ငံဖြစ်လာမလဲ? လို့ မြန်မာပြည် အပေါ်မှာ စိတ်ဝင်စားကြတယ်။

မြန်မာပြည်ကို တိုးတက်စေချင်တဲ့ စေတနာက ဒီမေးခွန်းမှာ ပေါ်နေလို့  ကျွန်တော်လည်း စိတ်ဝင်စားပြီးတော့ ကူညီဖြေရှင်းဖို့ ကြိုးစားပေးပါတယ်။ တကယ်တော့ ကျွန်တော်က ဒီလိုင်းကို အထူးပြုလေ့လာတာ မဟုတ်တော့ တစ်ခြားပညာရှင်တွေလောက် သိချင်မှ သိမယ်။ သို့သော်လည်း ကျွန်တော့်ရှုဒေါင့်က ကျွန်တော် ဖြေကြည့်မယ်။

ခေတ်မီတိုးတက်တဲ့ နိုင်ငံကတော့ တဖြည်းဖြည်းတော့ ဖြစ်နေတာ အားလုံးလည်း အသိပဲလေ … အစစ အရာရာ တိုးတက်နေတယ်ဆိုတော့ တိုးတက်တဲ့ နှုန်းကတော့ နှေးတယ်မြန်တယ်ဆိုတာ ရှိမှာပေါ့။ ကျွန်တော်တို့က မြန်မာနိုင်ငံကို ဘယ်လောက်အဆင့်မြင့်တဲ့ ခေတ်မီတိုးတက်တဲ့နိုင်ငံအမျိုးအစားမျိုး ဖြစ်စေချင်တာလဲ?  ဒါလည်းရှိသေးတယ်လေ -​ တကယ်တမ်းကျ တိုင်းသူပြည်သားတွေဟာ အသိပညာရင့်ကျက် မြောမြင်ဆင်ခြင်တဲ့တရား ပြည့်စုံဖို့လိုတယ်ဆိုတာ အားလုံးလည်း ရိပ်မိမှာပဲ။

ဒါတွေကို မလိုက်စားနိုင်ဘူး၊ အာရုံတွေနောက်နဲ့ တစ်ခြားအရာတွေနောက် လိုက်နေတဲ့အခါ၊ အဖျက်တွေလည်း ရှိနေတဲ့အခါ – မြန်မာပြည်ကြီးဟာ ခေတ်မီတိုးတက်တဲ့ နိုင်ငံဖြစ်ဖို့အတွက် နှေးတာတွေဟာလည်း နှေးမှာပဲ။ ဒါပေမယ့် တကမ္ဘာလုံးက သိမ်းကြုံးပြီး တိုးတက်နေတဲ့ သမိုင်းဘီးကြီးဟာ ရှေ့လိမ့်နေတော့ မြန်မာပြည်လည်း ရောယောင်ကြားညှပ်ပြီး ရှေ့တိုးတက်ခေတ်မီလာတဲ့ သဘောတွေ အထိုက်အလျှောက်နဲ့ အတိုင်းအတာအတွင်းတော့ ဖြစ်လာမှာပါပဲ။ ဒီလိုပဲ ကျွန်တော်တော့ မျှော်လင့်ကြည့်ချင်တယ်။

တကယ် နင်လားငါလား ဆိုရင်တော့လည်း မြန်မာပြည်သူ ပြည်သား အားလုံးကိုက အသိပညာ အမြော်အမြင် ဆင်ခြင်တုံတရား တိုးတက်ဖိုအတွက် အရမ်းထက်သန်မှ ဖြစ်လိမ့်မယ်။ ဟိုလက်ညျိုးထိုး ဒီလက်ညှိုးထိုး ဆိုရင်၊ ဟိုအပြစ်တင် ဒီအပြစ်တင် ဆိုရင်၊ နောက်ပြီး ကိုယ်ကပြောတတ်လုပ်တတ်လို့ ကိုယ်စိတ်ဝင်စားတာကို အများစိတ်ဝင်စားအောင်လို့ ဖျားယောင်းသွေးဆောင် မြှူစွယ်ရင်သော်လည်းကောင်း ဒါမျိုးအလုပ်တွေက များနေမယ်ဆိုရင်တော့ တိုင်းသူပြည်သားတိုင်း ကိုယ့်ကိုယ်ကို အသိပညာရင့်ကျက် မြော်မြင်ဆင်ခြင်တုံတရား ပြည့်စုံဖို့ လုပ်ဆောင်နေတာလောက်တော့ မတိုးတက်နိုင်ဘူး။

ဒီတော့ ဒါကလည်း ကျွန်တော်တို့ နိုင်တဲ့အတိုင်းအတာရှိသလို မနိုင်တဲ့ အတိုင်းအတာလည်းရှိတယ်၊ နိုင်တဲ့အတိုင်းအတာကတော့ တစ်တပ်တစ်အား အကြံဉာဏ်ပေး အသိပညာ ဖွံ့ဖြိုးစေရတာပေါ့။ မနိုင်တာကတော့လည်း သူတို့ဟာ သူတို့ပဲ ကျွန်တော်တို့မှ မဟုတ်ဘဲနဲ့ ဒီတော့ သူတို့လည်း သူတို့ရဲ့ယုံကြည်ချက်၊ သူတို့ရဲ့ ခံစားချက်၊ သူတို့လှုပ်ရှားမှုတွေနဲ့ သူတို့ လှုပ်ရှားနေကြတာ –

ဒီတော့ တစ်ချို့က မြန်မာပြည်ကြီးကို သိပ်ချစ်ကြတော့ ကျွန်တော်လည်း စိတ်ဝင်စားပြီး ဖြေပေးတာပါ၊ ဒီဘက်က ကျွန်တော် Specialist တော့ မဟုတ်ပါဘူး။ ဒါပေမယ့် တိုးတက်တန်သလောက်တော့ တိုးတက်လာမှာပါပဲ။ အခုလည်း ကမ္ဘာက အထိုက်အလျောက်တော့ စိတ်ဝင်စားနေကြတယ်ဆိုတာ အားလုံးလည်း သိမှာပါ။  ဒီတော့ တိုးတက်တန်သလောက်တော့ တိုးတက်မှာပဲလို့ သုံးသပ်ရမှာပဲ။

ခက်တာက တိုင်းသူပြည်သား အသိပညာဉာဏ် ကြွယ်ဝဖို့နဲ့၊ ကိုယ့်ကိုယ်ကို တိုးတက်အောင် လုပ်တတ်ဖို့နဲ့၊ ကိုယ့်အသိုင်းအ၀ိုင်းလေး တိုးတက်အောင်လုပ်တတ်ဖို့နဲ့၊ ကိုယ့်ရပ်ကွက် မြို့နယ်ကစပြီး အဆင်ဆင့် တိုးတက်အောင် လုပ်တတ်ဖို့ အတွက် အားတတ်သရော လုပ်နိုင်ကြရင်၊ နားလည်မှုပြည့်စုံရင်တော့ ပိုကောင်းမှာပေါ့။

မြန်မာနိုင်ငံအပေါ်မှာ တိုးတက်စေချင်တဲ့ စေတနာကို ကျွန်တော်လေးစားလို့ ရေးသားလိုက်ရခြင်း ဖြစ်ပါတယ်။

 

ကျေးဇူးတင်ပါတယ် …

ဒေါက်တာချစ်ငယ်(ဒဿန)

မြန်မာနိုင်ငံ

This entry was posted in Articles and tagged , . Bookmark the permalink.

Leave a Reply

Your email address will not be published. Required fields are marked *